ဂျုနီယာဝင်း အတွေးအမြင်

ဂျူနီယာဝင်း – အမေရိကန်က စေတနာ့ဝန်ထမ်းများ ဘာတွေလုပ်ကြသလဲ

 

 

 

ဂျူနီယာဝင်း – အမေရိကန်က စေတနာ့ဝန်ထမ်းများ ဘာတွေလုပ်ကြသလဲ
(အတွေးအမြင် ၂၀၁၇ ဒီဇင်ဘာ အမှတ် ၃၀၆) မိုးမခ၊ ဇန်န၀ါရီ ၆၊ ၂၀၁၈

ကိုယ့်အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေ ဒါမှမဟုတ်လည်း သူစိမ်းတွေအပေါ် သူတို့လိုအပ်တဲ့ အရာတွေကို ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ပေးလှူကာ ကူညီပေးနေတဲ့အလုပ်ကို ဓလေ့ထုံးစံတစ်ခုလို လုပ်ပေးလာကြတာ အမေရိကန်မှာ ဖြစ်ပါတယ်တဲ့။ အဲဒါကို စေတနာ့ဝန်ထမ်း လို့ဘာသာပြန်ရမှာပါ။ volunteer အလုပ်ဆိုပါတော့။ ဂါလ်အပ် (Gallup) ဆိုတဲ့ စေတနာ့ဝန်ထမ်းဆိုင်ရာ သုတေသန တင်ပြချက်ရလဒ်တွေကို ကြည့်ပြီးပြောရရင် စေတနာ့ဝန်ထမ်းအလုပ်များလုပ်နေခြင်းကို အမေရိကန်ပြည်သားတွေက မမောတမ်း မညီးတမ်း လုပ်နေလျက်ရှိကြပါကြောင်း ဆိုပါတယ်။

၁၉၈၈ကနေ ၁၉၉၀ ခုနှစ်ကာလလေး ကိုပဲ ခနလောက် ပြန်ကြည့်ကြရအောင်တဲ့။ အမေရိကန်ပြည်ထောင်စုမှာ အရွယ်ရောက်လူငယ်လူကြီးတွေက စေတနာ့ဝန်ထမ်းအလုပ်ကို ၀င်လုပ်နေကြတဲ့ အရေအတွက်ဟာ ၂၃ရာခိုင်နှူန်းလောက်ကို မြှင့်တက်လာတာတွေ့ရပါတယ်တဲ့။ ၁၉၉၀ခုနှစ်မှာ ၉၈.၄ သန်း အရေအတွက်ရှိတဲ့ လူငယ်လူကြီးလူလတ်ပိုင်းတွေ စေတနာ့ဝန်ထမ်း ၀င်လုပ်နေကြတယ်ဆိုတော့ အရွယ်ရောက်လူဦးရေပမာဏ၏ ၅၄ % ရာခိုင်နှူန်းလို့ ဆိုပါတယ်။ သူတို့က စေတနာ့ဝန်ထမ်းဆိုင်ရာ ဌာနတွေနဲ့ ဆက်သွယ်ပြီး လိုအပ်တဲ့အကူအညီတွေကို လုပ်ပေးခဲ့ကြတာပါ။ ဒါဟာ ၁၉၈၈ခုနှစ်တုန်းက စေတနာ့ဝန်ထမ်း သန်း၈၀ ကနေ တိုးတက်လာတာ ဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းဆိုတဲ့ လုပ်သားတွေဟာ အသက်အရွယ်ငယ်ငယ်ကနေ လူရွယ်လူလတ်ပိုင်း၊ လူလတ်တန်းစားအဆင့်ကနေ အသားမဲအမေရိကန်တွေထိ ပါဝင်ထမ်းဆောင်လာ ကြတာ ဖြစ်ပါတယ်။

စေတနာ့ဝန်ထမ်း အမျိုးသား အမျိုးသမီးဆိုပြီး ခွဲခြားလို့တောင်မရပဲ တန်းတူညီမျှ ပါဝင်လာကြတာ ဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းလာလုပ်တဲ့ သူတွေရဲ့ ထက်ဝက်ကျော်ကျော်ဟာ သူတို့ရဲ့ ပြင်ပ အလုပ်အကိုင်ရှိနေကြသူတွေ ဖြစ်ကြတယ်။ သို့သော်လည်း သူတို့ ရွေးချယ်လုပ်ပေးတဲ့ အမျိုးအစားအလိုက် တစ်ပတ်ကို ပျမ်းမျှ ၄နာရီ စေတနာ့ဝန်ထမ်းအဖြစ် အချိန်ပေးလျူကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ကိုယ့်ကိုယ်ပိုင်အချိန်တွေကို ဖဲ့ပေးပြီး ဘာကြောင့်များ စေတနာ့ဝန်ထမ်း လုပ်ကြတာပါလိမ့်?

မေရီဂါလ်လက်ဟန် (Mary Gallaghan) ဆိုတဲ့ ၀ါရှင်တန်အခြေစိုက် အမျိုးသားစေတနာ့ဝန်ထမ်းဆိုင်ရာ စင်တာ (National Volunteer Center) က ဒါရိုက်တာတစ်ယောက်က ပြောရာမှာ “အမေရိကန်သမိုင်းကို ပြန်လှန်ကြည့်လိုက်ပါ – အမေရိကန်သမိုင်းမှာ အခုလို စေတနာ့ဝန်ထမ်း လုပ်ခဲ့ကြတာ ဓလေ့ထုံးစံတစ်ခု ပါပဲ။ မြို့ရွာသေးသေးလေး တစ်ခုကနေ သည်အလုပ်ကို စခဲ့ကြတယ်လို့ ဆိုရမှာပေါ့။ အဲသည်ကနေ တဖြေးဖြေး ကြီးထွားလာတယ်။ မြို့ကလေးတစ်မြို့ရဲ့ မီးသတ်ဌာနတွေမှာ စေတနာ့ဝန်ထမ်း မီးသတ်သမားတွေ ရှိလာတယ်။ အထူးသဖြင့် တောရွာဒေသတွေမှာ ရိုးရာဓလေ့တစ်ခုလို ဖြစ်လာတယ်။ တချို့သော အဖွဲ့အစည်းတွေကနေ မိသားစုတွေ၊ အိမ်နီးနားချင်းတွေရဲ့ ဘ၀တွေကို ကူညီဖို့ စဉ်းစားလာတယ်။ ဥပမာ – ကြက်ခြေနီအသင်းတို့၊ ကင်းထောက်လူငယ်အဖွဲ့တို့ ဟာ စေတနာ့ဝန်ထမ်းတွေအဖြစ် လာရောက်ပူးပေါင်း ဖွဲ့စည်းလာတာတွေ ဖြစ်တယ်။“

ယနေ့ခေတ်လို (၁၉၉၁ ခေတ်ပိုင်းကို ဆိုလိုပါတယ်။) အချိန်ကို လုပြီး ပြေးလွှားနေရတဲ့ အချိန်ဇယားထဲမှာတောင်မှ လူတွေက သူများကို ကူညီဖို့အချိန်တွေ ပေးနေကြတယ် လို့ ဂါလ်လက်ဟန် ကဆက်ပြောပါတယ်။ “လူတွေက သူတို့ရဲ့အချိန်တွေကို ဖဲ့ပေးဖို့ စီမံနိုင်ကြတာကိုက ထူးခြားပါတယ်။ သူတို့က အချိန်ကို ရအောင်ပေးပြီး စေတနာ့ဝန်ထမ်း လုပ်လိုကြပါတယ်။ ဥပမာ အထက်တန်းကျောင်းသူလေး တစ်ယောက်က တိရိစ္ဆာန်ဆေးကုဆရာဝန်ဆီမှာ ကျောင်းဆင်းချိန်တိုင်း သွားကူညီပေးတယ်။ တက္ကသို်လ်ကျောင်းသားတစ်ယောက်က ညကျောင်းတက်နေတဲ့ ဆယ်ကျော်သက်လေးကို စာသင်ပေးတယ်။ အပြည်ပြည်ဆိုင်ရာ စက်ပိုင်းဆိုင်ရာလုပ်ငန်းတစ်ခုမှာ အလုပ်ဝင်နေတဲ့ အမျိုးသမီးတစ်ယောက်က ကလေးတွေကို လျှပ်စစ်အကြောင်း နားလည်စေဖို့၊ အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားလာအောင် အားပေးသင်ကြားပေးနေတယ်လေ။“

အမျိုးသားစေတနာ့ဝန်ထမ်းရေးရာ ဌာနက ဗီကီကလာ့ (Vickie Clark) က ပြောရာမှာ “ကျွန်မတို့ ဆီကို စေတနာ့ဝန်ထမ်း လုပ်ဖို့ လူသစ်ရောက်လာတယ်။ အမျိုးသား သို့မဟုတ် အမျိုးသမီးဖြစ် နိုင်သလို၊ တခါတရံ ဆယ်ကျော်သက်လေး တွေ့ရတယ်။ တခါတရံများ အသက်မပြည့်သေးသူတောင် ရောက်လာပါတယ်။“

အခုလောလောဆယ်မှာတော့ စေတနာ့ဝန်ထမ်းအလုပ်တွေက နေရာကိုလိုက်ပြီး အစားစား ရှိနေကြပါတယ်လို့ဆိုတယ်။ ကလာ့က ပြောရာမှာ မျက်စိမမြင်တဲ့သူတွေ၊ ဆင်းရဲသားတွေရဲ့ အိမ်ကို ပြုပြင်ဖို့ပေးဆိုတဲ့ “လူမူကိစ္စ“တွေ၊ မိဘများကို ကူညီပေးဖို့ဆိုတဲ့ “သူတို့ရဲ့ကလေးသူငယ်များအတွက် နေမူထိုင်မူကိစ္စ“များ၊ စိတ်ပိုင်းဆိုင်ရာ စိတ်ဓါတ်ကျဆင်းနေတဲ့ အမျိုးသမီးငယ်၊ ကလေးလူငယ်များကို ကူညီပေးဖို့ ဆိုတဲ့ပရိုဂရမ်များ ဟာ အများအားဖြင့် လုပ်ဆောင်ပေးနေရတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် တခြားသော အောင်မြင်တဲ့ အစီအစဉ်များအနေနဲ့ “ဘီးနဲ့ အစာများသယ်ယူပို့ဆောင်ေ၇း” ဆိုတာက စေတနာ့ဝန်ထမ်းများက အသက်အရွယ်ကြီးရင့် သူများထံ ပူနွေးတဲ့ အစားအသောက်များ ပို့ပေးတာ၊ “တယ်လီဖုန်းဆက်၍ အကူအညီပေးခြင်း“ ဆိုတာက အသက်ကြီးတဲ့ သူတွေထံ ဖုန်းဆက်ပြီး လိုအပ်တာ မေးမြန်း ကူညီပေးတာ၊ “ကလေးလေးများအတွက် အစီအစဉ်“ဆိုတာက တစ်ကိုယ်တည်း နေထိုင်နေရတဲ့ သားသမီးရှိမိခင်ထံကို သွားပြီး အဖော်လုပ်ပေးရတာတွေ ဖြစ်ပါတယ်။ တချို့သော စေတနာ့ဝန်ထမ်းများက ဆေးရုံများထံသွားပြီး နေမကောင်းဖြစ်နေသူတွေ၊ အခြေအနေဆိုးနေတဲ့ လူနာတွေကို စိတ်သက်သာရာရအောင် အားပေးကြပါတယ်။

မေရီ ဂါလ်လက်ဟန် ကပြောရာမှာ “စေတနာ့ဝန်ထမ်းတွေက လူတွေ ဘာလိုအပ်လဲ၊ ဘာအကူအညီပေးရမလဲ ဒါကို လုပ်ပေးကြတာပဲ။ ကျမ်းမာရေးကိစ္စပဲဖြစ်ဖြစ်၊ ဥပမာ – ဖြစ်တတ်တဲ့ မူခင်းကိစ္စတွေမှာတောင် သူတို့က လစာဝန်ထမ်းတွေနဲ့အတူတူ စိတ်ရောကိုယ်ပါ အတူတူ လက်တွဲလုပ်ကြတာဖြစ်ပါတယ်။“

စေတနာ့ဝန်ထမ်းအများစုဟာ သူတို့ကိုယ်တိုင်က စေတနာ့ဝန်ထမ်းတွေရဲ့ အကူအညီကို ရယူဖူးခဲ့ကြလို့ သူတို့ကိုယ်တိုင်ဟာ စေတနာ့ဝန်ထမ်းအလုပ်ကို စိတ်ဝင်စားလာကြတာတွေ ဖြစ်ပါတယ်။ သည်တော့ သူတို့လည်း သူများတွေကို ကူညီချင်လာကြတယ်ပေါ့။ လူငယ်လူရွယ်တွေကလည်း စေတနာ့ဝန်ထမ်းလုပ်ရင် သူငယ်ချင်းတွေ တိုးပွားလာတာကို သဘောကျကြတယ်။ လူတွေရဲ့ဘ၀တွေကို လေ့လာချင်လာကြတယ်။ ဆက်သွယ်ရေးတွေ တိုးပွားလာကြပါတယ်။ သည်တော့ စေတနာ့ဝန်ထမ်းအလုပ်က ကိုယ့်အလုပ်ကနေ အကျိုးတွေရတယ်၊ ပျော်စရာလည်းကောင်းပါတယ် လို့ဂါလ်လက်ဟန် ကဆိုပါတယ်။

အမျိုးသားစေတနာ့ဝန်ထမ်းစင်တာမှာ နှစ် ၂၀ မှတ်တမ်း ကိုကြည့်ပြီး ဂါလ်လက်ဟန် က ပြောတာကတော့ တိုင်းပြည်မှာ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း ၄၀၀ လောက်ကို ဒေသတွင်းတွေမှာ ဖွဲ့နိုင်ခဲ့တယ်။ ကျောင်းတွေ၊ ခရစ်ယာန်ကျောင်းတွေ ကနေ သေးသေးလေးကနေ စခဲ့လိုက်ကြတာ တဖြေးဖြေး ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။ “စေတနာ့ဝန်ထမ်းဆိုတာ ဒေသတွင်း ဆက်သွယ်ရေးကွန်ယက်ထဲမှာ တပါးသူတွေရဲ့ လိုအပ်ချက်တွေကို လိုက်လံ ဖြည့်စည်းပေးတာ ဖြစ်ပါတယ်“။ “အသင်းခေါင်းဆောင်တွေ၊ ခရစ်ယာန်ဘုန်းတောင်ကြီးကျောင်းတွေက ခေါင်းဆောင်တွေ၊ အဖွဲ့အသီးသီးက ခေါင်းဆောင်တွေ အစရှိသဖြင့် စေတနာ့ဝန်ထမ်းတွေအဖြစ် ၀ိုင်းဝန်းပူးပေါင်းကာ ပိုပြီးခွန်အားရှိအောင် လုပ်ဆောင်ပေးကြတာ ဖြစ်ပါတယ်။“

ဒီလို စေတနာ့ဝန်ထမ်း စင်တာတွေကို ဘယ်သူတွေက ပံ့ပိုးပေးနေတာလဲ လို့ဆိုတော့ အလှူဒါနတွေ ကိုပြုချင်သူတွေ၊ ဖောင်ဒေးရှင်းတွေ၊ တကိုယ်တော် အလှူပေးလိုသူတွေ၊ အသင်းအဖွဲ့ကနေ စီမံပေးပို့လှူဒါန်းသူတွေ၊ ဒေသဆိုင်ရာနဲ့ အစိုးရဌာနတွေဖြစ်ပါတယ်လို့ ဆိုပါတယ်။

မီချီကန်က စေတနာ့ဝန်ထမ်းဆိုင်ရာ ဌာနက ဥက္ကဌဖြစ်ခဲ့တဲ့ ဂျော့ ရိုမန်နီ (George Romney) က ပြောရာမှာ ဒေသဆိုင်ရာ ပံ့ပိုးမူတွေဟာ အခုရာစုနှစ်အတွင်းမှာတော်တော်လေး တိုးတက်လာတွေ့ရပါ တယ်။ သူက …

“တိုင်းပြည်တွင်းမှာ ဒီလိုပံ့ပိုးမူတွေ မပါပဲ၊ မရှိပဲနဲ့တော့ စေတနာ့ဝန်ထမ်းအလုပ်က ကောင်းကောင်း လည်ပတ်နိုင်မှာမဟုတ်ပါဘူး“ လို့အသေအချာ ပြောခဲ့ပါတယ်။

ယနေ့ခေတ်အနေအထား (၁၉၉၁ ကာလပိုင်းကို ဆိုလိုပါတယ်) အရ “မူးယစ်ဆေးသုံးစွဲမူ၊ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မူ၊ အစာရေစာ ငတ်မူ၊ နေစရာမရှိမူ၊ ကလေးသူငယ်တွေ အသက်အရွယ်ကြီးရင့်သူတွေကို ကြမ်းတမ်းစွာဆက်ဆံခံရမူ စတာတွေကို တွေ့ရဖန်များပါတယ်။ ဒီပြဿနာတွေကို သေချာ အာရုံစိုက်ဖို့ လိုအပ်နေပြီ။ ဒီအလုပ်တွေနဲ့တင် စေတနာ့ဝန်ထမ်းတွေ မအားရတော့ပါဘူး။“ လို့ အမျိုးသား စေတနာ့ဝန်ထမ်းဆိုင်ရာ ဖောင်ဒေးရှင်းတစ်ခုက ဥက္ကဌ ရစ်ချက် အက်ဖ် ရှူးဘတ် (Richard F.Schubert) ကောက်ချက်ချပြ ထားပါတယ်။ စေတနာ့ဝန်ထမ်းအလုပ်ဟာ အပေါ်ယံအားဖြင့် ပေါ့သေးသေး အလုပ်လို့ မြင်ရသောလည်းပဲ ဒီအလုပ်မှာ တိုင်းပြည်ရဲ့ပြည်တွင်း ပြဿနာတွေကို ထိုးဖောက်မြင်နိုင်စွမ်းရှိတဲ့ အင်အားရှိနေပါတယ်။ ဥပမာအားဖြင့် ရေနံတင်သင်္ဘောကြီး ရေနံတွေ ယိုဖိတ်လို့ တိရိစာန်ကလေးတွေ ပျက်စီးရတာကို စေတနာ့ဝန်ထမ်းတွေ ရာချီထောင်ချီ ကူညီပေးတဲ့ မြင်ကွင်းကြောင့် လူထုဟာ ပတ်ဝန်းကျင်ထိမ်းသိမ်းမူ ကိစ္စကိုစိတ်ပါဝင်စားကာ ပါဝင်ပံ့ပိုးလာကြတာ တွေ့ကြရပါတယ်။

၁၉၈၉ ကနေ ၂၀၀၅ခုနှစ်ကြား စေတနာ့ဝန်ထမ်းတွေရဲ့ အလုပ်ခွင်ဟာ ကျယ်ပြန့်လာပါတယ်။ အဲသည်နှစ်ကြားမှတ်တမ်းအရ ဘာသာရေး၊ ပညာရေး၊ နိုင်ငံရေး၊ ဆေးရုံဆေးခန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တိရိစာန်များ ကာကွယ် စောင့်ရှောက်ရေး၊ လူမူရေးနယ်ပယ်နဲ့ အားကစားဆိုင်ရာ ကိစ္စတွေမှာပါ ၀င်ရောက်ပူးပေါင်းလာတာတွေ ဖြစ်ပါတယ်။

အသက် ၁၆နှစ်ကနေ ၁၉ နှစ်ကြား စေတနာ့ဝန်ထမ်း ၀င်လုပ်တဲ့ အရေအတွက်ဟာ ၁၉၇၄နဲ့ နှိုင်းယှဉ်လိုက်၇င် ၂၀%ကနေ ၂၀၀၅မှာ ၃၀% ထိမြင့်တက်လာပါတယ်။ အသက် ၄၅နှစ်ကနေ ၆၅နှစ်ကြား စေတနာ့ဝန်ထမ်း ၀င်လုပ်ကြတဲ့ အရေအတွက်ဟာလည်း ၁၉၇၄နဲ့ ယှဉ်လိုက်ရင် ၂၀၀၅ ခုနှစ်မှာ ၂၅%ကနေ ၃၀% ထိမြင့်တက်လာတယ်။ အသက်၆၅နှစ်အထက် စေတနာ့ဝန်ထမ်းဝင်လုပ်သူတွေ အရေအတွက်ဟာလည်း ၁၅%ကနေ ၂၅%နီးပါးထိတိုးလာပါတယ်။ ၂၀၀၅ခုနှစ် စေတနာ့ဝန်ထမ်း အရေအတွက် ၆၅သန်းကနေ ၂၀၀၅မှာ ၇၅ သန်းအထိ တိုးလာတာကို ကြည့်ရင် ဒီအလုပ်ကို စိတ်ဝင်စားသူများ လာတယ်ဆိုတာ ပြပါတယ်။

အဓိကကတော့ စေတနာ့ဝန်ထမ်းများဟာ ကျမ်းမာရေးကောင်းဖို့ လိုအပ်ပါတယ်။ အသက်ကြီးတဲ့အမေရိကန်တွေက ပိုပြီး ကျမ်းမာရေးကောင်းကြတာကြောင့် စေတနာ့ဝန်ထမ်း ၀င်လုပ်ဖို့ ပိုပြီး တက်ကြွလာကြတာ ဖြစ်နိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေ (အမျိုးသားတွေလည်းပါပါတယ်။) ဆိုပြီး ဘာတွေလုပ်ကြပါလိမ့်လို့ ဆိုတော့ သူတို့က အသက်၁၀နှစ်အောက်ကလေးငယ်လေးတွေရဲ့ အစိုးရကျောင်းတွေ၊ ပြင်ပကျောင်း တွေမှာ ကလေးတွေနဲ့အတူ ကျားကစားတာတို့၊ ပါဇယ်ဆော့ပေးတာတို့၊ ပဟေဌိဖွက်တာတို့၊ စာဖတ်ပြတာတို့ကို စိတ်ဝင်တစား လုပ်ပေးနေကြတာ ဖြစ်ပါတယ်။

စေတနာ့ဝန်ထမ်းအလုပ်ဟာ လူမူရေးပြဿနာတွေ အားလုံးကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီအလုပ်ကို စိတ်ပါလက်ပါလုပ်နေကြသူတွေကတော့ သူတို့အလုပ်အပေါ် ယုံကြည်မူတွေ ရှိနေကြပါတယ်။ ဂျော့ ရိုမန်နီ က “ကမ္ဘာပေါ်မှာ အကျိုးသက်ရောက်မူ အရှိဆုံး ပြဿနာဖြေရှင်းနည်းကို ပြပါဆိုရင် လူတွေက စိတ်လိုလက်ရနဲ့ ပူးပေါင်းလုပ်ချင်တဲ့ စိတ်ရှိပြီး တကယ်လိုအပ်တာကို လုပ်ကြဖို့ပဲဖြစ်ပါတယ်။“

ဂျူနီယာဝင်း

(Ref; 1991 October 7th American Newsletter, Paul Malamud’s Americans Volunteer in Record Numbers ကိုဘာသာပြန်ကာ Volunteer Growth in America (A review of trend since 1974) မှ အချက်အလက်များ ရယူပါတယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts