ဝင်းအောင်ကြီး (မောင်အောင်မွန်) – သူတို့လေးယောက်နှင့်ကျွန်တော်

ဝင်းအောင်ကြီး (မောင်အောင်မွန်) – သူတို့လေးယောက်နှင့်ကျွန်တော်
ကျွန်တော်တွေးမိသလို ရေးပါမည် (၃၀၄)
(မိုးမခ) ဇန်န၀ါရီ ၄၊ ၂၀၁၈

(ကျွန်တော် ၁၅ နှစ်လုပ်ခဲ့သော VOA ၏ဆောင်ပုဒ်က သတင်းကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သတင်းမှန်ဆိုလျှင် အသံလွှင့်မည်ဟုဆိုသည်ကို သတိရရင်းရေးပါ၏)

(၁)
ကျွန်တော့်အမေသည် (၁၁)ကြိမ်မွေးပြီး ကလေး(၁၂) ယောက်မိခင်ဖြစ်လာ၏။ ဒုတိယအကြိမ်က သားအမွှာမွေးသောကြောင့်ပါ။ ထိုအချိန်ရွာထဲက ညီမ၀မ်းကွဲ ကွယ်လွန်သွား၍ မွေးကင်းစ ကလေးကိုပါ (၃)ယောက်အား နို့တိုက်လာခဲ့သည်။

အမေ့မောင်သည် အတော်အသင့်ချမ်းသာ၍ မကြာခဏအလှူလုပ်၏။

အမေသည် လာစားသောကလေးများအား စနစ်တကျ စိတ်ရှည်စွာ သွားကူကျွေးမွေးသည်။ ရွာထဲက ကလေးများက ကျွန်တော့်အမေကိုချစ်ကြ၏။ အမေ ကလေးချစ်သည်။ မြ၀တီမဂ္ဂဇင်းထဲက ကလေးသူငယ်ချစ်စဖွယ် ဆုရဓာတ်ပုံများကိုပင် ပြုံးပြီးငေးကြည့်လေ့ရှိသည်။

အမေအမုန်းဆုံးအသံကား ကလေးငိုသံတည်း။

(၂)

၁၉၄၅ ခု၊ ဖက်ဆစ်တပ်များအား တော်လှန်တိုက်ခိုက်သောကာလ။

စစ်ဝါဒီများသည် စစ်တောင်းမြစ်ဝှမ်းမှ ဆုတ်ခွါရင်း အစွမ်းကုန် ပြန်တိုက်နေ၍ တောတွင်းသို့ ရှောင်တိမ်းနေရသော ကျွန်တော်တို့သည် တော်တော်နှင့် ရွာသို့မပြန်နိုင်ကြ။ မြေကြီးပေါ်အိပ်ရ၊ မိုးစိုဆန်နှင့် ချက်သည့် ချဉ်စုတ်စုတ် ထမင်း၊ ရေနံဆီထိထား၍ နံစော်နေသော ပဲပြုတ်ရည်နှင့် စားခဲ့ကြရသည်။
စစ်ကြီးပြီးသွား၍ အိမ်ပြန်ရောက် ကောင်းကောင်းမွန်မွန် စားရသည့်အခါများ၌ မေ့မသွားရန် အခါအခွင့်သင့်တိုင်း ပြန်ပြောရင်း၊ ထိုသို့ကြုံတွေ့နေရသူများအား စာနာဖို့လည်း ကျွန်တော်တို့တတွေအား အမေက ဆုံးမစမြဲပင်။

ကျွန်တော်သည် အမေ့ကိုချစ်၍ အမေ့ပြောစကား ဘယ်တော့မှ နားထဲကမထွက်။

(၃)
၁၉၄၈ ခု၊ ဇန်န၀ါရီလ (၄) ရက်နေ့တွင် မြန်မာပြည်လွတ်လပ်ရေးရ၏။

ဒုတိယကမ္ဘာစစ်ကြီး၏ မီးအရှိန်က မသေသေး၊ ပြည်တွင်းစစ်က ဖြစ်လာလေပြီ။ တိုက်ကြ ခိုက်ကြ၊ ပြေးကြ လွှားကြ၊ ရှောင်ကြ တိမ်းကြ၊ သေကြ ကြေကြ၊ အိမ်တွေ မီးလောင်ကြ ပျက်စီးကြ၊ တောထဲမှာဆို … မြေကြီးပေါ် အိပ်ကြရလေမလား၊ ထမင်းချဉ်စုတ်စုတ် တောင်စားမှ စားကြရပါ့မလား။

သည်တကြိမ်မတော့ ကျွန်တော်တို့ ပဲခူးသို့ ထွက်ပြေးကြသည်။

ကျွန်တော်သည် နံပါတ်(၆) ကလေးမို့ ၁၉၄၈ ခု၊ ဇန်န၀ါရီလ (၁) ရက်နေ့ဖွား ညီငယ် မောင်မျိုးအောင်အား သစ်ချသီးလှော် ရောင်းရင်း ကျွန်တော်ထိန်းရ၏။ ဓတ်ပုံထဲက ကောင်းလေးကတော့ ကလေး(၃)ယောက် ထိန်းရသည်။ နေပူလျှင် ကျွန်တော်က ဖိနပ်စီးရ၏။ ကျွန်တော်ငယ်ငယ်က အဖေ၀ယ်လာပေးသည့် နောက်ပိတ်ဖိနပ်လေး ကြိုက်လွန်း၍ ဘယ်တော့မှမချွတ်၊ အိပ်ပျော်သွားမှ အမေကချွတ်ပေးရကြောင်း ပြောပြဖူးသည်။

ထိုကလေး (၄) ယောက်မှာ ဖိနပ်မရှိကြ၊ ဖိနပ်စီးဖူးကြလေစ၊ ဖိနပ်ဘာလဲဆိုတာကော သိကြပါလေစ။

(၄)
၁၉၇၀ ခု၊ အောက်တိုဘလတွင် ကျွန်တော်အိမ်ထောင်ကျသည်။

သား(၂) ယောက် သမီး(၂)ယောက် ပေါင်းကလေး(၄) ယောက်မွေးမည်ဟု ကျွန်တော်တို့လင်မယား စိတ်ကူးကာ နာမည်(၄) ခုရွေးထားခဲ့၏။ ပထမ သားလေးမွေးပြီး နောက်ကြိမ်ကျတော့ သမီးလေးမို့ … မဆလ၏ သာယာဝပြောသော လူ့ဘောင်သစ်ကလည်း ခရီးရောက်၊ စားဝတ်နေရေးက ကျပ်တည်းလာပြီမို့ … ကျန်နာမည် (၂) ခု ယခုထိမသုံးပဲ ထားထားရသည်။

သမီးလေးမွေးလျှင် ဤပုံမျိုးရိုက်ပေးမည်ဟု ကျောင်းသူဘ၀ကတည်း ဇနီး၏စိတ်ကူး။  သိမ်းထားသည့် မဂ္ဂဇင်းက ဖြတ်ပိုင်းလေးပြကာ ဓာတ်ပုံဆိုင်တွင် သွားရိုက်ကြသည်။ ထို ကလေး(၄)ယောက်၏ အမေမှာကော ကျွန်တော့်ဇနီးလို စိတ်ကူးရှိခဲ့ပါလေစ။ သူတို့အိမ်ရှေ့ သူတို့တတွေ ရပ်နေကြသော ထိုဓာတ်ပုံကို တစ်ဦးတစ်ယောက်က ရိုက်ထားခြင်းဖြစ်သည်မှာ သေချာပါ၏။

ဓာတ်ပုံဆိုတာကိုကော (၂၁) ရာစုလူသား ပြည်ထောင်စုဖွား တိုင်းရင်းသားလေးများ သိကြပါလေစ။

မည်သို့ဆိုစေ သူတို့လေးတွေ အမေသည်လည်း ကျွန်တော်တို့အမေ ကျွန်တော်တို့ကို ချစ်သလို၊ ကျွန်တော့်ဇနီး ကျွန်တော်တို့ ကလေး(၂) ယောက်ကို ချစ်သလို ချစ်မည်ကား မြေကြီးလက်ခတ်မလွဲ၊ အို … သေချာတာပေါ့ ဘဲအုကိုဝပ်ပေးသော ကြက်မကြီးတောင် ဘဲကလေးတွေနောက် တကောက်ကောက်လိုက်၊ ဘဲလေးတွေ ရေကန်ထဲဆင်းကူးတော့ ရေနစ်မှာစိုးလို့ ကူပါ ကယ်ပါဟု အော်နေရှာတယ် မဟုတ်ပါလားး။

လူနေမှုအဆင့် နိမ့်ကျနေရရှာသူမို့ ရင်သွေးအတွက် မျှော်လင့်ချက်က ပို၍ပင်မြင့်မားပေမည်။

(၅)
သူတို့အိမ်လေးကို ကြည့်ပြီးကျွန်တော်တို့ အိမ်ကိုသတိရဖို့ ဖန်လာပြန်ပြီ။

ကျောင်းပိတ်လို့ ရွာပြန်သွားတိုင်း ကျွန်တော်သည် အိမ်သစ်ကိုမြင်ရစမြဲ၊ အစိုးရတပ် ၀င်လာ၍ သူပုန်ကရွာမီးရှို့သွားသည့်ထဲ အိမ်တွေပါသွား၏။ သူပုန်တွေလာတိုက်ပြန်တော့လည်း အစိုးရတပ်က မြေလှန်စန်စနှင့် အောင်မြင်စွာ ဆုတ်ခွါရာ၊ ရွာကအိမ်တွေခမျာ မြေဇာပင်ဖြစ်ရပြန်ပေါ့။ သူပုန်ကလည်း အမျိုးမျိုး အစိုးရကိုလည်း တိုက်၏။ အချင်းချင်းလည်းတိုက်၏။ ထပ်တူထပ်မျှ ကျင့်သုံးသော စနစ်က ရွာကိုမီးရှို့ခြင်းတည်း။

ကလေး(၄)ယောက်၏ ဓာတ်ပုံထဲက နောက်ခံတဲအိမ်က ရှို့မီးနှင့်သာကြုံ ကောက်ရိုးပုံလောက်ပင် ကြာမည်မထင်၊ ၅ မိနစ်အတွင်း ပြာကျသွားမည်။

(၆)
ထိုကလေး(၄)ယောက်နှင့် တဲအိမ်လေးသည် မြန်မာပြည်တွင်းကပါ။

သူတို့တိုင်းပြည်သည် ဘီလျံနာသူကြွယ်များစွာ နေထိုင်ကြရာ၊ စီးပွါးရေး လျင်မြန်စွာတိုးတက်နေရာ ဘယ်အခါ ဘယ်နေရာကိုကြည့်လိုက် ကြည့်လိုက် ရွှေရောင်တ၀င်းဝင်းနှင့် ကမ္ဘာကိုပင် ရောင်ပြန်ဟပ်စေသည့် မြန်မာနိုင်ငံတော်ကြီးပါ။

ဘယ်အခါ ဘယ်နေရာက ဘာပွဲမဆို ပိုးဖဲဝတ်ကောင်းစားလှများနှင့် သစ်ခွပန်းတွေပုံလျက် လာကြည့်ကြပါလား ကလေးတို့ရာ။ မင်းတို့နှင့် မလှမ်းမကမ်းမှာ–အဲဒီလိုဆိုတာကော မသိကြဘူးလား။ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ ဆိုတာလည်း သိဖို့ ဝေလာဝေး–။
လွတ်လပ်ရေး ဆိုတာကော သိကြပါလေစ ကလေးတို့ရေ။

အေး လွတ်လပ်ရေးနှင့် ဖွားဘက်တော် ပြည်တွင်းစစ်ကိုတော့ မင်းတို့မသိပဲ ဘယ်နေပါ့မလဲနော်။ ဖက်ဆစ်ဂျပန်တွေ လက်နက်ချလိုက်တော့ စစ်ကြီးပြီးသွားတယ်။ ပြည်တွင်းစစ်က နှစ်(၇၀) ဆိုတော့ မင်းတို့အမေ အဖေထက်ကြီးပြီး အဖိုးအဖွား လက်ထက်ကတည်း ဖြစ်ပေလိမ့်မည်။
မင်းတို့(၄)ယောက် ဘယ်လိုကြီးပြင်းကြမလဲ—။

(၇)
စစ်ဆိုသည်မှာ မိုးပေါ်ကကျလာသည်မဟုတ်၊ မြေကြီးကပေါက်လာသည်မဟုတ်၊ လေတိုက်ရင်း ပါလာသည်မဟုတ်။ လူတွေကလုပ် လူတွေကတိုက်၍သာ စစ်ဖြစ်ရခြင်းပါ။ စစ်တိုက်ရ၍ အကျိုးအမြတ်ရသူ စစ်ဖြစ်၍ ဘ၀ပျက်ရသူ–ဟူ၍ရှိပြန်၏။

စစ်ကိုလုပ်၍ ရသလို စစ်ကိုရပ်၍လည်း လူတွေကလုပ်လို့ရပါ၏။

အေး … မင်းတို့ (၄) ယောက်ကတော့ စစ်ကိုရပ်အောင် လုပ်နိုင်ကြမှာမဟုတ်၊ မင်းတို့အရွယ်ကတော့ စားချင်မယ်၊ ၀တ်ချင်မယ်၊ ကစားချင်မယ်၊ ကျောင်းနေချင်မယ်– ကျောင်းဆိုတာကော မင်းတို့သိကြ ကြားဖူးကြလားကွာ–။

ထမင်းစားရရင် ထမင်းမစားရ ငတ်နေကြသူကိုသတိရ၊ အိပ်ရာနဲ့အိပ်ရရင် မြေကြီးပေါ်မှာအိပ်ရသူကို သတိရလို့ ငါ့အမေက မှာထားတယ်။ အဲဒါကြောင့်လည်း နှစ်သစ်ကူးမှာ မီးရှူးမီးပန်းတွေ၊ လွတ်လပ်ရေးနေ့ စားကောင်းသောက်ဖွယ် ခွက်ပေါင်းလေးငါးရာ– ပျော်ရွှင်မြူးတူးသံတွေကို မငေးမမျှော်ပဲ- မင်းတို့(၄) ယောက်ထံ စိတ်ကရောက်နေတာပေါ့ကွာ။

စာနာစိတ်–စာနာစိတ် စာနာစိတ်လေးများ–စစ်ကိုရပ်နိုင်သူတို့၌ မဆိုစလောက်လေးများ ပေါ်လာလျှင် ကောင်းလေစွဟု တွေးမိကြောင်းပါ။

၂၀၁၈ ခု၊ ဇန်န၀ါရီလ (၁) ရက်နေ့။