ကဗျာ ရဲရင့်သက်ဇွဲ

ရဲရင့်သက်ဇွဲ ● အမှားနဲ့ အမှန်ခွဲခြား

ရဲရင့်သက်ဇွဲ ● အမှားနဲ့ အမှန်ခွဲခြား
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၈

သမင်လည်ပြန် အကြည့်တချက်မှာ
ညဟာ
ဘဝများစွာကို
သတိတရနဲ့  မြိုချတယ်…
ကံကြမ္မာကတော့
အမှတ်တမဲ့နဲ့ 
ဘဝတွေကို ဖဲ့ထုတ်တယ် ……..

သမင်လည်ပြန် အကြည့်တချက်မှာ
မက်မောလောက်စရာ ဘယ်အရာကများ
ဆွဲဆောင်ထားပါသလဲ
ငွေ ရမ္မက် အချစ်
ကိုယ်ကျင့်တရား
တန်းတူညီမျှမှု
အမှန်နဲ့ အမှား
ခွဲခြား ပိုင်းဖြတ်နိုင်ရဲ့လား ….

သမင်လည်ပြန် အကြည့်တချက်မှာ
တသက်တာ ငြိလောက်စရာများ
ပါပါရဲ့လား…….

အရေပြားအောက်က
သွေးတွေ နီပုံခြင်းကထပ်တူ
ဒီမြေမှာမွေး ဒီမြေမှာကြီးပြင်းကြတာခြင်းက ထပ်တူ
အကြမ်းဖက်မှုကို ဆန့်ကျင်ကြတာခြင်းက ထပ်တူ
ဒုက္ခရောက်ကြတာခြင်းက ထပ်တူ

ထပ်တူ….ထပ်တူ….ထပ်တူမှုတွေ အများသားပါရက်နဲ့
ဘာကြောင့်များ အတူနေလို့ မဖြစ်နိုင်ဆိုစကား
ပါးစပ်က လေလယ်သူများ
သူတို့အလိုကျ
ခင်ဗျားတို့အသက်ကို ခင်ဗျားတို့
သတ်လိုက်တာပ …..

စကတည်းက ယဉ်သကို ဆိုသလို
မီးစတဖက် ရေမှုတ်တဖက်နဲ့
ဆန့်ကျင်ဖက်တရားများကို ကျော်လွှား
ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးသာ
တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ထွက်ပေါက်ဖြစ်တယ်
အတူမနေနိုင်ဘူး တသွင်သွင်ငြင်းဆန်သူများဟာ
သူတို့အလိုကျ
တိုင်းပြည်ကို ချောက်ထဲ တွန်းချကြသူများဖြစ်တယ်……။

ရဲရင့်သက်ဇွဲ
၁၄ နိုဝင်ဘာ၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts