လူများ၊ ရုပ်ပုံလွှာများ

ရွှေပြည်စိုး – ပီနန်ဆရာတော်ကြီး၏ သာသနာပြု ခရီးစဉ် – ၁

ရွှေပြည်စိုး – ပီနန်ဆရာတော်ကြီး၏ သာသနာပြု ခရီးစဉ် – ၁

(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၇
ကမ္ဘာတည်သရွေ့ ပီနန်ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများ တည်စေမည်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တပညာဝံသ ပီနန်ဆရာတော်ဘုရားကြီးသည် ၂၀၁၇-၁၁-၂၄ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ် အချိန်တွင် မလေးရှားနိုင်ငံ ပီနန်မြို့ဆေးရုံ၌ ဘ၀နတ်ထံပျံလွန်တော်မူသွားပါသည်။

ဆရာတော်ကြီးသည် ကမ္ဘာ့အရပ်ရပ်တွင် စေတီပုထိုး၊ ဘုရားကျောင်းကန်၊ သီလရှင်ဘုရားကျောင်း၊ ကမ္မဋ္ဌာန်းစခန်း၊ ကမ္မဋ္ဌာန်းကျောင်းများ တည်ထောင်၍ မြတ်ဗုဒ္ဓ၏သာသနာတော်တည်တန့်ပျံ့ပွားရေးအတွက် မနားမနေ ကြိုးစား အားထုတ်ခဲ့ပါသည်။ သို့ဖြစ်၍ ဆရာတော်ကြီးပျံလွန်တော်မူသွားသော်လည်း ဆရာတော်ကြီးနှစ်ပေါင်း(၆၀)ခန့် အတွင်း ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရေးအတွက် ကမ္ဘာတ၀န်းတွင် ပြုစုပျိုးထောင် တည်ဆောက်ခဲ့ပြီးသော ဗုဒ္ဓသာသနာပြု ကျောင်းတော်များ၊ စေတီပုထိုး……… စသည်များသည်ဆရာတော်ကြီးသက်တော်ထင်ရှားရှိစဉ်က ကဲ့သို့ပင် ဆက်လက်ရှင်သန်နေမည်ဟု ယုံကြည်ပါသည်။ အကြောင်းမှာ-

၁။ ပြည်တွင်းပြည်ပ သူတော်စင် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များက ဆရာတော်ကြီး၏ ယုံကြည်ချက်၊ ရည်မှန်းချက်၊  ဆောင်ရွက်ချက်များကို မပျက်မကွက် ဆက်လက်ထမ်းရွက်သွားကြမည်ဟု ယုံကြည်၍လည်းကောင်း၊

၂။ အထူးသဖြင့် ဆရာတော်ကြီးသက်ရှိထင်ရှားရှိစဉ်က အများပြည်သူတို့က ဆရာတော်ကြီး၏သီလဂုဏ်၊  သမာဓိဂုဏ်၊ ပညာဂုဏ်၊ ကရုဏာဂုဏ်……..စသည့် ဂုဏ်တော်များကို ကြည်ညိုလေးစား မေတ္တာထားကာ  ကူညီပံ့ပိုးပေးကြသကဲ့သို့ ဆရာတော်ကြီးမရှိသော်လည်း ယခင်ကအတိုင်း ဆရာတော်ကြီး၏ ဗုဒ္ဓသာသနာပြုလုပ်ငန်းများကို ဆက်လက်ပံ့ပိုး လုပ်ဆောင်သွားကြမည်ဟူ၍လည်းကောင်း ယုံကြည်သောကြောင့်
ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော်ကြီး၏ ပြည်တွင်း၊ ပြည်ပ ဗုဒ္ဓသာသနာပြု လုပ်ငန်းများသည် ကမ္ဘာတည်သရွေ့ဆက်လက်တည်ရှိနေမည်ဟု ယုံကြည်ပြောဆိုရခြင်းဖြစ်ပါသည်။

ပီနန်ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်း။
ဆရာတော်ကြီး၏ ငယ်စဉ်ဘဝ
ဆရာတော်ကြီးလောင်းလျာသည် ၁၉၂၈ ဇန္န၀ါရီ-၁၀ ရက်နေ့တွင် ဧရာဝတီတိုင်း ၀ါးခယ်မမြို့နယ်၊ ကျုံတိုင်ဆင်ကူးရွာနေ ဖခင်ဦးဘတူးနှင့် မိခင် ဒေါ်ကြည် တို့မှ မွေးဖွားသော သားသမီး(၃)ဦးအနက် ဒုတိယမြောက်သားလတ်ဖြစ်ပါသည်။ ငယ်နာမည်မှာ မောင်တင်ညွှန့်ဖြစ်ပါသည်။

ဆရာတော်လောင်းလျာ မောင်တင်ညွှန့်ငယ်စဉ်က အတန်းကျောင်းတွင်ခေတ္တပညာသင်ကြားပြီး ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ပညာဆည်းပူးပါသည်။ အသက်(၁၀)နှစ်ရွယ်တွင် ရှင်သာမဏေအဖြစ်သို့ ပထမတကြိမ်ဝင်ရောက်ပြီးနောက် ရှင်သာမဏေဘ၀မှထွက်လိုက်သည်။ အသက်(၁၄)နှစ်တွင် ဒုတိယအကြိမ် ရှင်သာမဏေဘောင်သို့ ထပ်မံဝင်ရောက်ခဲ့သည်။ ရှင်သာမဏေဘွဲ့မှာ ရှင်ပညာဝံသ ဖြစ်ပါသည်။

ဆရာတော်ကြီးလောင်းလျာ ရဟန်းဘ၀နှင့် ပိဋ္ဋကတ်စာပေ သင်ကြားတတ်မြောက်မှု
ဆရာတော်ကြီးလောင်းလျာသည် အသက်(၂၀) ၁၉၄၈ခုနှစ်တွင် ဆင်ကူးကျောင်းတိုက်၌ပင် ရဟန်း အဖြစ်သို့ ခံယူတော်မူပါသည်။

ဆရာတော်ကြီး ဦးပညာဝံသသည် ဆင်ကူးကျောင်းတိုက်တွင် စာပေသင်ကြားပြီး ထိုမှတဆင့် ညောင်တုန်း မြို့သို့ ပြောင်းရွှေ့ကာ ပိဋကတ်စာပေများကို ဆက်လက်သင်ကြားရာ ပထမငယ်၊ ပထမလတ်၊ ပထမကြီးနှင့် စာချတန်းများကို ဂုဏ်ထူးဖြင့် အောင်မြင်တော်မူပါသည်။

ဆရာတော် ဦးပညာဝံသသည် ညောင်တုန်းမြို့မှ စာချတန်းအောင်မြင်ပြီးနောက် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်သို့ ကြွရောက်၍ စာပေဆက်လက်သင်ကြားရာ နိုင်ငံတော်အစိုးရ၏ သာသနဓဇသီရိပ၀ရ ဓမ္မစရိယဘွဲ့တော် ဆက်ကပ်ချီးမြှင့် ခြင်းခံရပါသည်။ ၄င်းနောက် ဆရာတော်သည် အင်္ဂလိပ်စာကို ဆက်လက်သင်ယူခဲ့ပါသည်။

ဆရာတော် ဦးပညာဝံသသည် မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ဓမ္မစရိယဘွဲ့တော် ရရှိပြီးနောက် ရန်ကုန်မြို့သို့ ကြွရောက်လာပြီး အလယ်တောရကျောင်းတိုက်တွင် စာချဆရာတော်အဖြစ် သီတင်းသုံးနေတော်မူရင်း အင်္ဂလိပ်စာနှင့် ဗေဒင်ပညာတို့ကို သင်ယူပါသည်။

ပြည်ပသာသနာပြုလုပ်ငန်းအစ ဗေဒင်ပညာက
ဆရာတော် ဦးပညာဝံသည် အိန္ဒိယနိုင်ငံမှကြွလာသော ဆရာတော် ဦးပဏ္ဍိတအား ဗေဒင်ပညာ သင်ကြားပေးသည်။ ဆရာတော် ဦးပဏ္ဍိတက တဖန်ဗားကရာ ကျောင်းတိုက် သာယာဝတီကျောင်းတွင် သီတင်းသုံးနေတော်မူသော ဆရာတော် ဦးဝါယမနှင့် ချိတ်ဆက်ပေးမှုကြောင့် ကိုကိုးကျွန်းသို့ ကြွရောက်၍ သာသနာပြုလုပ်ငန်း ပြုလုပ်ရန် လမ်းစ ပေါ်လာသည်။

ဆရာတော်ဦးပညာဝံသသည် ဆရာတော်ဦးဝါယမနှင့် အတူကိုကိုးကျွန်းသို့ ရောက်ရှိလာရာ ထိုစဉ်က ကိုကိုးကျွန်းတွင် ဘုန်းတော်ကြီးကျောင်းမရှိသေးသည့် အချိန်ဖြစ်၍ ဆရာတော်(၂)ပါးသည် ရွက်ထည်တဲထိုး၍ ဆင်းဆင်းရဲရဲသီတင်းသုံးကြရပါသည်။

ဆရာတော်ဦးပညာဝံသသည် ဆရာတော်ဦးဝါယာမ ဦးဆောင်မှုဖြင့် အိန္ဒိယ၊ သီဟိုဋ္ဋ်ကျွန်း၊ ကပ္ပလီကျွန်း (အန်ဒမန်ကျွန်း)သို့ ကြွရောက်လာခြင်းဖြင့် ပြည်ပ အတွေ့အကြုံများရရှိခဲ့ပါသည်။ ထိုခရီးစဉ်၏ အတွေ့အကြုံသည် ဆရာတော်ကြီး၏ ပြည်ပသာသနာ့ပြုလုပ်ငန်းအတွက် အခြေချရန် ဖန်တီးသကဲ့သို့ ဖြစ်လာသည်။

ဆရာတော်ဦးပညာဝံသသည် ဆရာတော်ဦးဝါယမနှင့် အတူ သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိနေချိန်တွင် နိုင်ငံခြား သာသနာပြုလုပ်ငန်း လုပ်ဆောင်မည်ဆိုပါက အင်္ဂလိပ်စာမတတ်လျှင် မဖြစ်မှန်းသိရှိလာသဖြင့် သီရိလင်္ကာနိုင်ငံတွင် အင်္ဂလိပ်စာကို တနှစ်ခန့်သင်ကြားပြီးနောက် ကပ္ပလီကျွန်း(အန်မန်ကျွန်း)သို့ ထွက်ခွာလာခဲ့ပေသည်။

ဆရာတော်ဦးပညာဝံသနှင့် အန်ဒမန်သာသနာပြုလုပ်ငန်း
ဆရာတော်ဦးပညာဝံသ အန်ဒမန်ကျွန်းသို့ ရောက်ရှိလာသောအခါ အန်ဒမန်ဗုဒ္ဒသာသနာပြုဆရာတော် ဦးဂုဏိဿရနှင့် တိုင်ပင်ပြီး ၁၉၅၉ခုနှစ်တွင် ဆရာတော်ဦးဂုဏိဿရ ဦးဆောင်၍ အန်ဒန်မန်ဗုဒ္ဓသာသနာပြု မစ်ရှင်တခုကို တည်ထောင်ပြီး ဗုဒ္ဓသာသနာ ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်တော်မူကြပါသည်။ ဆရာတော်(၂) ပါးသည် ထိုကျွန်းပေါ်တွင် စာကြည့်တိုက်တခုဖွင့်ပြီး ၄င်းစာကြည့်တိုက်ကို အခြေခံ၍ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသေးသည်။

ပီနန်မြို့တွင်သာသနာပြုရန် အကြောင်းပေါ်လာပြန်


ဆရာတော်ဦးပညာဝံသသည် ၁၉၆၅ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်ကြွလာပြီး ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းရှိ အောင်မင်္ဂသိဒ္ဓိပါဋ္ဌိတက္ကသိုလ်တွင် စာချဆရာတော်အဖြစ်ဖြင့် သီတင်းသုံးလျက်ရှိစဉ် မလေးရှားနိုင်ငံ ပီနန်မြို့သို့ ၁၉၆၇ခုနှစ်တွင် ကြွရောက်ပြီး သာသနာပြုရန် လမ်းစပေါ်လာရပြန်ပါသည်။ ထိုအချိန်တွင်သာသနာရေးဋ္ဌာနက ပြည်ပသာသနပြု အတွေ့အကြုံရှိသော ဆရာတော်တပါးအား မလေးရှားသို့ သာသနာပြုစေလွှတ်ရန် ရှိကြောင်း ကြားသိသောအခါ ဆရာတော်ဦးပညာဝံသလည်း လျှောက်ထားခဲ့ပါသည်။ ဆရာတော်နှင့်အတူ လျှောက်ထားသော ဆရာတော်အပါး(၂၀)ရှိသည့်အထဲတွင် အကျော်အမော် ပညာကျော်ဆရာတော်များလည်း ပါဝင်ပါသည်။ သာသနာရေး ဋ္ဌာနမှလျှောက်ထားသော ဆရာတော်များအား ပင့်ဆောင်၍ တွေ့ဆုံပြီးနောက် ပြည်ပသာသနာပြု အတွေ့အကြုံရှိပြီး ဖြစ်သည့် ဆရာတော် ဦးပညာဝံသအား ရွေးချယ်ခဲ့ပါသည်။ ဤသို့ဖြင့် ဆရာတော်ဦးပညာဝံသသည် ၁၉၇၀-၁၁-၁၁ ရက် နေ့တွင် ပီနန်မြို့ရှိ ဓမ္မကါရာမ မြန်မာဘုန်းတော်ကြီးကျောင်းကို ဆက်ခံရန် ပီနန်မြို့သို့ ကြွရောက်ပြန်ပါသည်။ ထိုအချိန်မှစ၍ ဆရာတော် ဦးပညာဝံသသည် ပီနန်မြို့ရှိ ဓမ္မိကါရာမကျောင်းကို အခြေပြု၍ မြတ်ဗုဒ္ဓ၏ သာသနာရောင်ဝါ ကမ္ဘာအနှံ့ပြန့်အောင် ပြုလုပ်နိုင်သဖြင့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ကြီးအဖြစ် ထင်ရှားကျော်ကြားလာသည်မှာ ယနေ့အထိ ဖြစ်ပါသည်။ဆရာတော်ကြီး ဦးပညာဝံသသည် ဓမ္မိကါရာမကျောင်းတော်သို့ ရောက်ရှိပြီး(၂)နှစ်အကြာ ၁၉၇၂ ခုနှစ်တွင် ထိုကျောင်းတိုက်၏ သတ္တမမြောက်ကျောင်းထိုင် ဆရာတော်ကြီးအဖြစ် ခန့်အပ်ခြင်းခံရပါသည်။ ထိုအချိန်မှစ၍ ဓမ္မိကါရာမကျောင်းတော်ကြီးသည်လည်း ကမ္ဘာအနှံ့ မြတ်ဗုဒ္ဓ၏ ပြည်ပသာသနာပြုရန် အခြေစိုက်ရာ မြန်မာ ဘုန်းတော်ကြီးကျောင်းအဖြစ်သို့ လည်းကောင်း ထင်ရှားကျော်ကြားသွားသည့်အပြင်၊ ဆရာတော်ကြီး ဦပညာဝံသသည် လည်း ပီနန်ဆရာတော်ကြီး အဖြစ်လည်ကောင်း၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော်ကြီးအဖြစ်လည်းကောင်း၊ ထင်ရှား ကျော်ကြားလာခဲ့ပြီး ပီနန်ဆရာတော်ကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ဥာဏ်ပညာဂုဏ်၊ ကရုဏာ စေတနာဂုဏ် …… စသည့်ထူးခြားသောဂုဏ်ပုဒ်များသည်လည်း ကမ္ဘာတည်သရွေ့ တည်ရှိသွားမည်ဖြစ်ပါသည်။

ဓမ္မိကါရာမ မြန်မာဘုန်းတော်ကြီးကျောင်း၏ ပဓါန နာယက ဆရာတော်ကြီးများမှာ-
စဉ် ကျောင်းထိုင်ဆရာတော် သီတင်းသုံးခုနှစ် ကျောင်းထိုင်သက်တမ်း မှတ်ချက်

၁။ ဦးနန္ဒမာလာ ၁၈၀၃-၁၈၄၂ ၃၉နှစ် ပျံလွန်တော်မူ

၂။ ဦးသုတ္တိ ၁၈၄၂-၁၈၆၅ ၂၃နှစ် ၊၊

၃။ ဦးဝိစာရ ၁၈၆၅-၁၈၉၂ ၃၂နှစ် ။

၎။ ဦးဥာဏ၀ံသ ၁၈၉၇-၁၉၂၂ ၂၅နှစ် ။

၅။ ဦးဇာဂရ ၁၉၂၂-၁၉၅၇ ၃၅နှစ် ။

၆။ ဦးဝိမလ ၁၉၅၇-၁၉၇၂ ၁၅နှစ် ။

လက်ထောက်ဆရာတော် ဦးစိတ္တရ ၁၉၈၄-၁၉၈၈ ၄နှစ် ။

၇။ ဦးပညာဝံသ ၁၉၇၂-၂၀၁၇ ၄၅နှစ် ၂၀၁၇-နိုဝင်ဘာ-၂၄ရက်

ဓမ္မိကါရာမ မြန်မာဘုန်းတော်ကြီးကျောင်း တည်ဖြစ်လာပုံ

ပီနန်ကျွန်းရှိ ဓမ္မိကါယာမဘုန်းတော်ကြီးကျောင်းသည် ၁၈၀၃ ခုနှစ်တွင် စတင်တည်ထောင်သော ဘုန်းတော်ကြီးကျောင်း ဖြစ်ပေသည်။ မြန်မာလမ်း(Burma Lane) အမည်ရှိသော လမ်းပေါ်တွင်တည်ရှိပေသည်။ ထိုကျောင်းသည် မန္တလေးနန်းတော်မတည်ဆောက်မီကပင် တည်ဆောက်ထားသောကျောင်း ဖြစ်ကြောင်း သိရပေသည်။

ထိုဓမ္မိကါရာမကျောင်းတော်ဖြစ်လာမည့် မြေနေရာကို ၀ယ်ယူလှူဒါန်းသူ အလှူရှင်မှာ ဗုဒ္ဓဘာသာဝင် မလေးရှား အမျိုးသမီးကြီး နိုနီရာဘီလွန်(Nonia Belong) ဖြစ်သည်။ ၄င်းနောက်ပိုင်းတွင်မှ နိုနီရာမီရွက်၊ နိုနီရာကိုလိုနှင့် နိုနီရာဘူလန် အမျိုးသမီးသုံးဦး ပါဝင်လာပြီးထိုကျောင်းတော် မြေနေရာကို “နန်ဒီမိုလို” ဟုခေါ်ဆိုကြသည်။ ထိုအမျိုးသမီး(၄)ဦးသည် ဓမ္မိကါရာမကျောင်းတော်၏ ပထမဦးဆုံးသော ဂေါပက အဖွဲ့ဝင် လူကြီးများဖြစ်လာသည်။ ထိုအချိန်မှစ၍ ပီနန်ကျွန်းတွင် မြန်မာဗုဒ္ဓ သာသနာပြု ဘုန်းတော်ကြီးကျောင်းဟူ၍ ပေါ်လွင်ထင်ရှားလာသည်။

၁၈၀၃-သြဂုတ်လ-၁ရက်နေ့တွင် စတင်တည်ထောင်သော ဓမ္မိကါရာမကျောင်းတော်သို့ ဆရာတော် ဦးနန္ဒမာလာ ပထမဆုံးကျောင်းထိုင်ဆရာတော်ကြီးအဖြစ် ကြွရောက်လာချိန်တွင် အဆိုပါကျောင်းတော်သည် ဘုန်းကြီးကျောင်း မည်ရုံသာ ရှိသည်။ ကြီးမားခန့်ညား ထည်ဝါခြင်းမရှိသေးပါ၊ ဆရာတော်သီတင်းသုံးချိန်မှစ၍ ဓမ္မိကါရာမကျောင်းသည် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရေမြင့်ကြာတင့်သကဲ့သို့ ဗုဒ္ဓသာသနာရောင်ဝါ စသည်လည်း တိုးတက်ပြန့်ပွားလာသည်။ ဆရာတော်ကြီးဦးပညာဝံသ ဓမ္မကါရာမကျောင်းတော်သို့ ကြွရောက်သီတင်းသုံးချိန် ၁၉၇၀ မှစ၍ ဓမ္မိကါရာမ ဘုန်းတော်ကြီးကျောင်းနှင့်အတူ မြတ်ဗုဒ္ဓ၏ သာသနာရောင်ဝါသည်လည်း အရှိန်အဟုန်ဖြင့် ကမ္ဘာအနှံ့ ထွန်းလင်းပျံ့နှံ့ တောက်ပလာပေသည်။ ဤသို့ဖြင့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ကြီး ဘ၀နတ်ထံ ပျံလွန်တော်မူချိန်တွင် မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့ရှေ့ခြမ်း၊ အနောက်ခြမ်း၊ ဥရောပနိုင်ငံများနှင့်တကွ ကမ္ဘာအနှံ့ နိုင်ငံပေါင်း(၂၀)နီးပါးတွင် ဗုဒ္ဓသာသနာပြု မြန်မာဘုန်းတော်ကြီးကျောင်း၊ သီလရှင်ဘုရားကျောင်း၊ ကမ္မဋ္ဌာန်းစခန်း၊ ကမ္မဋ္ဌာန်းကျောင်းစုစုပေါင်း (၃၀)နီးပါးအထိ မြတ်ဗုဒ္ဓ၏ သာသနာရောင်ဝါ ထွန်းလင်းတောက်ပလျက်ရှိနေပြီး ဖြစ်ပါသည်။

ပီနန်ဆရာတော်ကြီး ပြုပြင်ပျိုးထောင် တည်ဆောက်ပေးခဲ့သော ပြည်တွင်းပြည်ပ သာသနာပြုကျောင်းများမှာ –

၁။ မြန်မာ – ရန်ကုန်- လောဟန်စီဘုရားကျောင်း၊ သီလရှင်ဆရာလေး ဟုန်ရှင်း ဦးစီးတည်ထောင်သော  ဘုရားကျောင်းကို ပြန်လည်တည်ထောင်ရေး လုပ်ငန်းများအတွက် ပီနန်ဆရာတော်ကြီးက ကမကထပြု၍ ထူထောင်ပေးခဲ့သည်။

– ရန်ကုန်- မဟာသန္တိသုခ ကျောင်းတော်ကြီး(၁၉၉၆-၁၉၉၉) တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်။

ဆရာတော်ကြီးကိုယ်တိုင် ဦးဆောင်စီမံကြီးကြပ်ပြီး တည်ဆောက်သည်။

၂။ မလေးရှား- ပီနန်၊ ဓမ္မိကါရာမကျောင်း(၁၈၀၃)

၃။ အမေရိက- လော့စ်အိန်ဂျလစ်၊ လမွန်တေး၊ မြန်မာ ဘုန်းတော်ကြီးကျောင်း(၁၉၇၉)

တက္ကဆက်စ် – အမ်ပရိုလို၊ သာဓိမွန်ဇေယျဝတီကျောင်း။

နော့ကိုရိုလိုင်းနား – သာသနဗိမာန်ကျောင်း။

ချီကါဂို – မြန်မာဘုန်းတော်ကြီးကျောင်း(၁၉၈၅)

နယူးယောက် – လောင်းအိုင်းလင်း ဗုဒ္ဓဒီပန်ကျောင်း(၂၀၁၂)

၎။ ထိုင်ဝမ် – ထိုင်ဝမ်- မြန်မာဘုန်းတော်ကြီးကျောင်း(၁၉၈၁)

၅။ စင်ကာပူ – သာသနရံသီကျောင်း(၁၉၈၄)

၆။ သြစတြေးလျ – ဆစ်ဒနီ၊ ဗုဒ္ဓသာသနာရောင်ခြည်ကျောင်း(၁၉၈၆)

– သာသနဓဇကျောင်း(၂၀၀၆)

၇။ ကနေဒါ – တိုရန်တို – မဟာဓမ္မိက မြန်မာဘုန်းတော်ကြီးကျောင်း(၁၉၉၀)

၈။ အင်္ဂလန်- လန်ဒန် – သာသနရံသီကျောင်း(၂၀၀၄)

၉။ နယူးဇီလန်- အောကလင် – ရတနာဒီပကျောင်း(၂၀၀၅)

၁၀။ နယ်သာလန် – အမ်စတာဒန် – ပညာရံသီကျောင်း(၂၀၀၅)

၁၁။ ဂျာမနီ – ဖရန့်ဖတ် – ဗုဒ္ဓသာသနရံသီကျောင်း(၂၀၀၆)

၁၂။ ဖင်လန် – ဟယ်လင်စကီး၊ မြန်မာဘုန်းတော်ကြီးကျောင်း(၂၀၀၆) …….စသည်တို့ဖြစ်ပါသည်။

မှတ်ချက် – ( အထက်ဖော်ပြပါနိုင်ငံများနှင့် မြန်မာဘုန်းတော်ကြီးကျောင်းများသည် ပြီးပြည့်စုံသည်ဟု မယူဆပါ။  ကျန်ရှိကောင်းရှိနိုင်ပါသည်။ လေ့လာတွေ့ရှိသမျှ စုစည်းတင်ပြရခြင်းသာ ဖြစ်ပါသည်။)

ဤတွင် အပိုင်း(၁) ကို ခေတ္တရပ်နားပါမည်။ အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမည်။

အပိုင်း(၂)တွင် ပီနန်ဆရာတော်ကြီး၏ ကမ္ဘာအရပ်ရပ်တွင် တည်ထောင်ထားသော သာသနာပြု ကျောင်းများ အနက် အထင်ရှားဆုံး၊ အကြီးကျယ်ဆုံး၊ အထည်ဝါဆုံးဟုယူဆရသည့် မြန်မာနိုင်ငံရန်ကုန်မြို့ရှိ “မဟာသန္တိသုခ” ကျောင်းတော်ကြီးနှင့် မလေးရှားနိုင်ငံ ပီနန်မြို့ရှိ ဓမ္မိကါရာမကျောင်းတော်နှင့် ရွှေစေတီ ကျောင်းတော်ကြီးများ အကြောင်းကို ဆက်လက်တင်ပြသွားမည်။ စောင့်မျှော် ဖတ်ရှုကြပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts