လမ်းနီလေး
ရစ်သမ်ခတ်သံဟာ တိုးတိုးရီရီ။ သီချင်းသံဟာ ထိခိုက်ကြေကွဲမှုတွေ ရောထွေးပျော်ဝင်နေသောသီဆိုမှုမျိုး။ တခါတခါမှာအသံဟာ ဆိုနေရင်းနှင့် တုန်ရီထစ်အသွား။
စိန်ပန်းပွင့်တွေဟာ ဖွဲဖွဲလွင့်လွင့်၊ လရောင်မှုန်ရီဟာ ဖွဲဖွဲလွင့်လွင့်၊ သြဂုတ်လရဲ့မိုးတိမ်တွေဟာ ဖွဲဖွဲလွင့် လွင့်၊ နာကျင်ကြေကွဲမှုတွေဟာ ဖွဲဖွဲလွင့်လွင့် …..
ချောရယ်ဟာ သူ့ပုဂ္ဂလိကဘဝအတွက်ဘုရားသခင် လက်ဆောင်အပ်နှင်းပေးလိုက်တဲ့ သီချင်းတပုဒ်လို့ တောင် ပြောလို့ရမယ်နဲ့တူပါတယ်။
ချောရယ်ဟာ သူ့ချစ်ခြင်းမေတ္တာ၊ ချောရယ်ဟာ သူ့ရဲ့မြင့်မြတ်စင်ကြယ်မှု၊ ချောရယ်ဟာ သူ့ရဲ့ ရဲရင့် တောက်ပမှု၊ ချောရယ်ဟာ …
Cho အပိုဒ်ကိုရောက်ရင် လရောင်စိမ်းစိမ်းရီရီအောက်က ညဟာ လွမ်းမောစရာကောင်းသွားခဲ့ပြီ။
အဲဒီအချိန်မှာ အားလုံးဟာ အင်းလျားဆီဆိုက်ရောက်သွားခဲ့ကြ။ လှိုင်းရေပြာတွေ လိမ့်စီးရိုက်ခတ်နေသော အင်းလျား။ ပြီးတော့ လရောင် အစက်အပြောက်တွေအောက်မှာ မြွေတကောင်လို ဝပ်ဆင်းငြိမ်သက်နေ သောလမ်းနီလေး။ ပြီးတော့လမ်းနီလေးထဲက ”ချော” လို့ သူအမြတ်တနိုးခေါ်လေ့ရှိတဲ့ ကြေးစားမိန်းမ တယောက်၊ ပြီးတော့ …..
လမ်းနီလေးထဲက ”ချော”ဆီဆိုက်ရောက်သွားတာနဲ့ အားလုံးဟာ အလွမ်းတွေထဲကို စုပြုံလွင့်ဝင်သွားခဲ့ကြ။
တွေ့တော့လေ ပြောမယ် ချောရယ် …
သီချင်းစာသားအဆုံးမှာ “ချောရယ်”ကို သူတို့အားလုံး ဝိုင်းဆိုကြ။ ချောရယ် …ချောရယ် …ချောရယ်ကို အတောမသတ်နိုင်အောင် တယောက်ပြီးတယောက် တမ်းမောကြ။ ချောရယ်ကို လွမ်းတကြ။ ချောရယ်ကို အော်ဟစ်ခေါ်ဝေါ်ကြ။
ပြောမယ်ဆိုရင်ပေါ့။ ချောဆိုတဲ့ မိန်းမဟာ လမ်းနီလေးကို ဗဟိုပြုထားတဲ့မုန်တိုင်းတခု။ ငြိမ်သက်နေပေမယ့် အချိန်အခါမရွေး ထတိုက်သွားနိုင်တဲ့ မုန်တိုင်းမျိုး။ သူ့ဘဝထဲကို အားကောင်းသန်မာစွာနဲ့ ဖြတ်တိုက်သွား ခဲ့တဲ့ မုန်တိုင်း။
ချောရယ် အသံတွေ မှုန်ရီတိုးတိတ်သွားပြီလား။ လိဒ်ဂစ်တာသံဟာ မဟော်ဂနီရွက်တွေ တရွက်ပြီး တရွက် ကြွေကျလာသလိုညထဲကို ကြွေကျလာ ခဲ့ပြီ။ ရစ်သမ်ခတ်သံဟာ တဖြည်းဖြည်းနဲ့ တိုးတိတ်ပါး လျ။ နောက်ကျပြီးမှ လိမ့်စီးလာခဲ့တဲ့ ဘေ့စ်ဂစ်တာသံဟာ အသံလုံးတူတွေကို ဖိတီးလိုက်၊ ရပ်တန့်ငြိမ်သက်သွားလိုက်၊ cho ပိုဒ်ရဲ့အဆုံးမှာ အလှိမ့်အလူးလေးတွေနဲ့ပြန်ထွက်သွားလိုက်။ ကြောက်မက်ဖွယ်ရာ တီး ခတ်မှုများ။ ချောကို မွတ်မွတ်သိပ်သိပ် သတိရနေသော အင်းလျားညများ။ သံသရာဟာ တိုတယ်။ ငါတို့ရဲ့ဘဝတွေသာ ရှည်လျားချင်တိုင်း ရှည်လျားခဲ့ရတာ။ အင်းလျားညထဲမှာချောပြောခဲ့ဖူးတဲ့ စကား လုံးများ။
ချောရယ် …ချောရယ် …ချောရယ် …
( နှစ် )
ဆူးလေ၊ ယောက်လမ်း၊ ၃ လမ်း၊ ရေခဲဆိုင်၊ ရွှေဂုံတိုင်၊ ဟာမစ်တစ်၊ ကုက္ကိုင်းလမ်းဆုံ၊ လမ်းနီလေး ….
လူ့ဘုံခန်းဝါလူတို့ရွာမှာ အဲဒီကားမှတ်တိုင်လေးတွေဟာ သူ့ရဲ့အသက်ဇီဝဓာတ်ဖြစ်တည်မှု။ ယာဉ်လိုင်းတခုပေါ်က သူ့ရဲ့သွေးခုန်သံဟာ အခါမလပ် ပူနွေးပြီး အမြဲတစေ တဝုန်းဝုန်းနဲ့ ခုန်တိုးနေတတ်တာပေါ့။
ပြောမယ်ဆိုရင်ပေါ့။ သူဟာ မီးတောက်တခု။သူနဲ့ ထိမိ ငြိမိတဲ့ တစုံတယောက်ယောက်ကို အသေအချာ လောင်ကျွမ်းသွားစေနိုင်တဲ့ မီးတောက်မျိုး …
စက္ကန့်တိုင်း မိနစ်တိုင်းမှာ သူ့ရဲ့မေးရိုးတွေ မာကျောကြံ့ခိုင်နေဖို့ လိုအပ်လှသလိုလက်ချောင်းတွေရဲ့ အသွင်းအထုတ် အနှုတ်အသိမ်းဟာလည်း မြန်ဆန်သပ်ရပ်နေဖို့ အရေးကြီးလှပါတယ်။
ကျွဲကော်ကိုင်း အနက်ရောင်တပ်မျက်မှန်အောက်က နူးညံ့ညင်သာနေတဲ့မျက် လုံးများ။ ကော်လံပြတ်ရှပ်လက်ရှည်နှင့် ယောပုဆိုးကို ခန့်ညားစွာ ဝတ်ဆင်ထားတတ်တဲ့ သူ့ဟန်ပန်။
သူလိုလူမျိုးကို ခါးပိုက်နှိုက်တယောက်လို့ သတ်မှတ်ရမှာ ကျွန်တော့်အတွက်တော့ ခက်ခဲလှပါတယ်။ အဲဒီလူဟာ ဗာစကိုပိုပါနှင့် ရှေးမာ့စ်ဟာနီတို့ ရဲ့ကဗျာတွေကို အစွဲအလမ်းကြီးသူတစ်ယောက်ဟု သိခွင့်ရ လာသောအခါမှာတော့ ကျွန်တော်ဟာ အတော့်ကိုချောက်ချားသွားခဲ့ပေါ့။
နောက်ပြီး သူဟာ ခေတ်ပညာတတ်တစ်ယောက်။
လမ်းနီလေးထိပ်မှာ သူ့ကိုမြင်လိုက်ရလေတိုင်း နောဧသင်္ဘော ခုတ်မောင်းလာတာကို မျက်စိနဲ့ တပ်အပ်မြင်လိုက်ရသလိုအာရုံဟာ ထွေပြားသွားခဲ့။
ကျွန်တော်ကသာ သူ့ကိုကြည့်ပြီး အမြဲတမ်းစိတ်မသက်မသာ ဖြစ်ခဲ့သော်လည်း သူကတော့ သူ့ဘဝကိုပျော်ရွှင်နေတဲ့ ဟန်ပန်မျိုး။ သူ့ရဲ့အသက် မွေးမှုလုပ်ငန်းကို တွယ်မက်ခုံမင်နေတဲ့အသွင်သဏ္ဌန်မျိုး။ ဒါပါပဲလေ။ လူဆိုတာမျိုးဟာ ဘယ်လိုအနေအထားမျိုးကိုပဲရောက်ရောက် ပျော်ရွှင်နေ ဖို့တော့ လိုအပ်တာပဲ မဟုတ်လား။
” မီးတစ်တို့လောက်ပေးပါလားခင်ဗျာ”
တိုက်ပုံဝတ်ထားတဲ့လူကြီးတယောက်ဆီမှာ မွန်ရည်တဲ့အပြောအဆိုမျိုးနှင့် ဆေးလိပ်မီးညှိပြီးသွားပြီလား။ “ကျေးဇူးတင်ပါတယ်ခင်ဗျာ ” အဲဒီလူကြီးရှေ့က ခေါင်းကလေးငုံ့ပြီး ရိုကျိုးစွာနဲ့ ထွက်ခွာလာခဲ့ပြီလား။ သူ့လက်ထဲမှာ တိုက်ပုံထဲက နှိုက်ယူလာခဲ့တဲ့ပိုက်ဆံအိတ်ပါလာခဲ့ပြီ။
“လက်ဟာ လျှပ်စီးလက်သလို ဖြစ်နေရမယ်။ ဟိုငြိဒီငြိ လုံးဝဖြစ်လို့ မရဘူးကွ။ အရေးကြီးဆုံးက စိတ်တည်ငြိမ်ဖို့ပေါ့ကွာ။ စိတ်တည်ငြိမ်နေသလို လက်ကလည်း လုံးဝတည်ငြိမ်နေရမယ်ကွ”
ဖြတ်သန်းခြင်းကို ဖြတ်သန်းလာခဲ့သူက ဘာမှမဖြစ်သော်လည်း ကျွန်တော်တို့ကတော့ သူ့စကားလုံးတွေ အောက်မှာ ဖြေဖျားလက်ဖျားတွေ အေးစက်ထုံရီသွားခဲ့။ အသက်ရှူရတာကိုက မွန်းကျပ်သွားခဲ့။
သူကတော့ ရှုပ်ထွေးလှုပ်ခတ်နေတဲ့ လူတွေကြားမှာ၊ တအီအီအော်ဟစ်နေတဲ့ စစ်လက်ကျန်ဘတ်စ်ကား တွေပေါ်မှာ၊ မြို့ပြရဲ့အသက်ရှူသံတွေကြား မှာ.. သားကောင်ကိုရှာလို့ ..ဖွေလို့။ ဘယ်သူ့ပိုက်ဆံအိတ်ဟာ သူ့မျက်လုံးနဲ့ ငြိကပ်ပါလာမလဲ။
အမှောင်ခေတ်ကြီးထဲမှာ သူ့နည်းသူ့ဟန်နဲ့ အလင်းစကို ထိစမ်းပွတ်သပ်ခဲ့တဲ့လူတယောက်ပါပဲ။
ဘဝဟာ ဆူးလေနဲ့မြောက်ဥက္ကလာ၊ မြောက်ဥက္ကလာနဲ့ဆူးလေ။ စုန်ချည်ဆန်ချည်မျောလွင့်နေပေမယ့် လမ်းနီလေးမှာခုန်ဆင်းနေခဲ့ရင် သူ့အတွက် ခြေခင်းလက်ခင်း သာနေခဲ့ပြီ။
သူ့ကို “ကိုခါးကြီး” လို့ ကျွန်တော်တို့ခေါ်တော့ မျက်မှန်အောက်က သူ့မျက်လုံးတွေဟာ ပြုံးရွှင်သွားခဲ့။ အေးကွ ဒီနာမည်လေးက ငါနဲ့အတော်လိုက်တယ်ကွ။ မျက်နှာသာ ပြုံးရွှင်သွားရုံမကသူ့ရဲ့စကား လုံး တွေဟာလည်း ပြုံးရွှင်နေသော စကားလုံးများ။
ကိုခါးကြီး …ကိုခါးကြီး
ခေတ်ကြီးထဲကနေ ခုန်ထွက်လာခဲ့တဲ့ကိုခါးကြီး။ လက်အချိန်အဆ အလွန်သပ်ရပ်တဲ့ ကိုခါးကြီး။ သုံးရက် လောက်နေလို့ တယောက်မှ မနှိုက်လိုက်ရရင် အရေပြားတွေထဲမှာ ယားယံလာခဲ့တဲ့ ကိုခါးကြီး။
ကာင်းသူကို ပယ်ပြီး ကောင်းသူကို ကယ်လေ့ရှိတဲ့ကိုခါးကြီး။ ဒူးယားစီးကရက်ကို ဘူးလိုက်ဝယ်သောက်တတ်တဲ့ ကိုခါးကြီး။ နင်းပြားတွေဆီမှာ မနှိုက်ဘဲ လူချမ်းသာတွေကိုသာရွေးနှိုက်တတ်တဲ့ ကိုခါးကြီး။
မင်းတို့ လမ်းနီလေး ဟာ ချောရှိလို့ ရှောင်ဇေလီဇေလမ်းနဲ့ တူနေတာကွလို့ ပြောတတ်တဲ့ ကိုခါးကြီး။
ချောရဲ့ကွန်ရက်ထဲမှာ ဆက်နွယ်ပတ်သက်မှုမရှိပေမယ့် ချောရယ်သီချင်းဆိုလျှင်သူဟာ ဆွေးဆွေးမြည့် မြည့် ကြေကြေကွဲကွဲ။ တခါတခါမှာ တော့ ချောဟာ လီလီပန်းပါကွာလို့ အင်းလျားရေပြင်ကို ငေးရီကြည့်နေရင်းနဲ့ သူ့ဟာသူ တယောက်တည်းပြောနေတတ်ပြန်တယ်။
လီလီပန်းဟာ ချောလား။ ချောဟာ လီလီပန်းလား။ လှိုင်းရိုက်သံ သဲ့သဲ့ဖွဖွကြားနေရတဲ့လမ်းနီလေးညထဲ က ညည်းတွားအော်ဟစ်သံများ။ ချောရယ်…ချောရယ်…ချောရယ်
( သုံး )
ချောရယ် …ချောရယ်…ချောရယ် …
ချောရဲ့ ဖြစ်တည်မှုကိုငြင်းဆန်ခဲ့ပေမယ့် ချောရဲ့သြခက်စတြာထဲမှာ အသေအချာပါဝင်ခဲ့တဲ့ ဝိုင်းတော်သား နှစ်ယောက် ရှိနေပါသေးတယ်။
ကိုဗျတ်ဝိလို့အမည်ရတဲ့ဖဲသမားတယောက်နဲ့ လှည်းတန်းကပ်စ်ထရိုလို့ချစ်စနိုးအမည်ပေးထားတဲ့ကျွန်တော့် မိတ်ဆွေတယောက်ပါ။ ကိုခါးကြီးလိုပဲ မီးခိုးတွေအူထနေတဲ့ခေတ်ကြီးထဲကနေ စိမ့်ထွက်လာခဲ့တဲ့ လူသား အရင်းအမြစ်တွေပေါ့။
အမြဲတမ်း တည်ငြိမ်လေးနက်နေတဲ့ ကိုဗျတ်ဝိကို မြင်လိုက်ရရင် ဘာထရန်ရပ်ဆဲလ်လိုလို၊ ဆော့ခရိတ္တ လို လိုနဲ့ ထင်ယောင်ထင်မှား ဖြစ်သွားနိုင်ပါ တယ်။ တကယ်တော့ သူဟာ ဖဲသမားအဓိပတိပါ။ ဖဲချပ်တွေကိုသာ ထိစမ်းပွတ်သပ်နေရရင် ကမ္ဘာလောကကြီးတခုလုံးကို မေ့လျော့ထားနိုင်ခဲ့တဲ့ လူတယောက်ပေါ့။
“အမြဲတမ်း ဗျတ်ထုနေတဲ့သူ့ကို ဗျတ်ဝိလို့ခေါ်တော့ ဒီလူ သဘောကျသွားပုံရတယ်ကွ။ ဖဲကတော့ ဘာရိုက်သလဲမမေးနဲ့ ငါ့လူ။ ရပ်ထဲရွာထဲမှာ နာရေးရှိပြီဆို ခုနှစ်ရက်ခုနှစ်လီ ဖဲထိုင်ရိုက်တော့တာပဲ။ ဖဲမရိုက်ရတဲ့နေ့ ဆိုရင် ဒီလူဟာ ခြေတုန်လက်တုန်များ ဖြစ်နေမလားမဆိုနိုင်ဘူး”
ကိုခါးကြီးမိတ်ဆက်ပေးလို့ သူ့ရဲ့နောက်ခံကားချပ်ကိုသိခွင့်ရလိုက်တဲ့အခါမှာ ကျွန်တော်ဟာ ပျော်ရွှင်သွားခဲ့ ။ ဒီလိုအဝန်းအဝိုင်းထဲကလူမျိုးတွေဆို ကျွန်တော်ဟာ အရမ်းကိုစိတ်ဝင်စားမိ။ သူတို့ ရွက်လွှင့်တဲ့ ပင်လယ် ဟာ ဘယ်လိုပင်လယ်မျိုးဖြစ်လေမလဲ။
ကိုဗျတ်ဝိကတော့ ပါရမီရှင် ဖဲသမားဖြစ်ပုံရသည်။ကုလားဖန်ထိုးတာတောင် သူများတွေလို ရှေ့မှာ ချထိုး တာမျိုးမဟုတ်ဘဲ ဖဲထုတ်ကို နောက်ကျောဘက်မှာထားပြီး နောက်ပြန်ထိုးတတ်သူဖြစ်သည်။
လေထဲမှာ ဖရောင်း..ဖရောင်းနှင့် မြည်အောင် ကုလားဖန်ထိုးချလိုက်လျှင် အကော်ဒီယံတီးသည်နှင့်ပင် တူနေသေးတော့သည်။
ဖဲချပ်တွေဟာ မြို့ပြခိုတွေလို ဝေါခနဲထပျံသွားလိုက်…ပြန်ဆင်းလာလိုက်နှင့်။ အဲဒီလိုအချိန်မျိုးဆို ဝိုင်းစက်အံ့သြနေတဲ့ မျက်လုံးတွေက လည်း ဝေါခနဲ ထပျံသွားလိုက် …ပျံဆင်းလာလိုက်။
လတ်လတ်ဆတ်ဆတ်ဝယ်လာခဲ့တဲ့ဖဲထုတ်အသစ်ကို တစ်နာရီလောက်ကြာမြင့်အောင် ကစားပြီးသွားပြီ လား။ ဘယ်အိမ်ကဖြင့်”ကုလားသုံးကောင်”၊ ဘယ်အိမ်ကဖြင့်”ကိုး”။
နှစ်လှည့်တခါ၊ သုံးလှည့်တခါ လောက် အမှားအယွင်း မရှိရလေအောင်သူတို့ချင်းသာ နားလည်သော သင်္ကေတဖြင့် သူညွှန်ပြ လိမ့်မည်။
ဒီလောက်တောင် တဖက်ကမ်းခတ်နေတဲ့ပုဂ္ဂိုလ်။ ချိန်းဝိုင်းသန့်သန့်လေးတွေ ချိန်းရိုက်နေတာ ကာလ ကြာမြင့်ခဲ့ပြီဆိုတော့ အတော်လေး ဟန်ကျပန်ကျဖြစ်နေပြီပေါ့။ ကျွန်တော်မေးကြည့်လိုက်တော့ အမွေရ ထားတဲ့အိမ်နဲ့ခြံဆိုတာ ဖဲရိုက်လို့ ကုန်သွားပါပြီတဲ့။
ဒီလိုနဲ့ပဲ လောကဟာ ငိုလည်းငို…ရယ်လည်း ရယ်ခဲ့ရတာပေါ့။ ဒီလိုနဲ့ပဲ ချစ်သူခင်သူများရဲ့ ဘဝသံသရာ ဟာ ရှည်လျား …ထွေပြား …ဝေဝါးခဲ့ရတာပေါ့။
တခါတခါမှာ ကိုခါးကြီးက သူ့ကိုဗော်လ်တဲယားလို့ ခေါ်တတ်သေးသည်။ ဘယ်လိုပဲ ခေါ်ခေါ် ဘုရားသခင်ကလွဲလို့ ကျန်တာ အကုန်ခေါ်နိုင်တဲ့ ပုံပါပဲ။
နောက်တယောက် ရှိသေးသည်။ လှည်းတန်းကပ်စ်ထရိုတဲ့။ ဘယ်ရီကက်ကိုအမြဲဆောင်းပြီး မုတ်ဆိတ် မွှေး ပါးသိုင်းမွှေးတွေကို မရိတ်မသင်ဘဲ အမြတ်တနိုးထားလေ့ရှိသူ လူလတ်ပိုင်းအရွယ် ပညာတတ်တယောက်။ သူဟာလည်း မြို့ပြထဲမှာ လွင့်ချင်တိုင်း လွင့်နေခဲ့တဲ့ မြို့ပြသစ်ရွက်ပါပဲ။
အဲဒီနှစ်ကာလတွေတုန်းက ကျွန်တော်ဟာ လွတ်လပ်မှုတခုကလွဲလို့ ကျန်တာတွေ အားလုံးပျောက်ဆုံး နေခဲ့တဲ့ လူငယ်တယောက်။
ညဘက်ဆိုကျွန်တော်တို့ဟာ ကုက္ကိုင်းလမ်းဆုံက အမိုးတို့ရဲ့ ခရိုးခရိုင်အိမ်ဆိုင်လေးမှာ၊ ဒါမှမဟုတ် လှည်းတန်းမှာ၊ မြေနီကုန်းမှာ၊ တိုက်ဆယ့်နှစ်လုံးတန်းမှာ။
အင်းလျားညထဲကို ကျွန်တော်တို့ပြန်ရောက်လာခဲ့ရင် အားလုံးဟာ ချောကို လွမ်းဆွတ်သွားကြပေါ့။ မူးမူးရီရီဖြစ်နေတဲ့ ဂစ်တာသံတွေနဲ့အတူ ချောရယ် …ချောရယ် …ချောရယ် …
(လေး )
သူမရဲ့ အနမ်းတွေအောက်မှာ လူတယောက်ဟာ အရှင်လတ်လတ် ပြာကျသွားစေနိုင်တယ်။
ပူနွေးတဲ့အနမ်းတွေကြောင့် ဘဝတခုလုံး ထုံကျဉ်အေးစက်ပြီး လောကသုံးပါးကို အမေ့မေ့အလျော့လျော့ ဖြစ်သွားခဲ့ရတဲ့ လူတချို့…
သူမ…
မီးတောက်မီးလျှံတွေ ကြားထဲက ပျော်ရွှင်ခြင်းနိုင်ငံတော်ကို ရှာဖွေနေခဲ့တဲ့သူမ။
လမ်းနီလေးရဲ့ အချစ်နတ်ဘုရား သူမ။
ပြောမယ်ဆိုရင်ပေါ့။ သူမဟာ အမှောင်ခေတ်ထဲကနေ အေးစက်လေးကန်စွာနဲ့မျောလွင့်လာခဲ့တဲ့ အရည်အသွေးမြင့် လူသုံးကုန်ပစ္စည်းတခု။
အမည်သညာ ခေါ်စရာကား “Chaw ”
အဲဒီအချိန်တုန်းက ကျွန်တော်တို့ဟာ ချောနဲ့ နီးကပ်စွာ တည်ရှိနေပေမယ့် သူမနဲ့ အဝေးကွာဆုံးနေရာက လူတွေ။ ကျွန်တော်မှ မဟုတ်ဘူး။ ကိုခါးကြီး၊ ကိုဗျတ်ဝိ၊ လှည်းတန်းကပ်စ်ထရို ကျွန်တော်တို့အားလုံးဟာ ချောနဲ့ ကင်းလွတ်တဲ့ လွတ်မြောက်နယ်မြေတွေထဲမှာ ခြေဦးတည့်ရာ လျှောက်သွားရင်းမူးရီယိမ်းထိုးနေတဲ့ အရိပ်မည်းမည်းတွေ။
ချောတို့၊ အဝင်းတို့၊ မခိုင်တို့ဟာလည်း ဟောဒီလမ်းနီလေးထဲမှာ သူတို့ရဲ့ ဘာသာစကားနဲ့သူတို့။
တခါတခါမှာတော့ အကြောင်းပြချက်တခုခုနှင့် ဖမ်းလားဆီးလားလုပ်လာပြီဆို ဘုတ်ကလပ်ထဲကိုသူတို့ လေးတွေတိုးဝင်လာခဲ့ပြီ။ အဲဒီလိုအချိန်မျိုးဆို သူတို့လေးတွေရဲ့ မျက်လုံးတွေဟာ တိုးလျှိုးတောင်းပန်နေတဲ့မျက်လုံးမျိုးတွေ။ စိုးထိတ်အားငယ်နေတဲ့မျက်လုံးမျိုးတွေ။
“ဖြစ်သမျှဇာတ်ကြောင်းမလွယ် အင်းလျားကန်စောင်းဝယ် “ဆိုတာမျိုးကို လမ်းနီလေးညတွေ ထဲမှာ မကြာခဏဆိုသလို ကျွန်တော်တို့ ကြုံခဲ့ဖူးပေါ့။
ဘုတ်ကလပ်ထဲကနေလှမ်းကြည့်လိုက်ရင် ကြယ်ပွင့်တွေသီးထနေတဲ့ အင်းလျားဟာ အမှောင်ထဲ မှာ တဖျပ်ဖျပ်။
တိတ်ဆိတ်နေတဲ့ ညဟာ အသက်ဇီဝဓာတ်တခုခုကို ခုန်ဟပ်ဖို့ ချောင်းလို့မြောင်းလို့။
မြို့ပြဝံပုလွေတွေဟာ လရောင်ကိုမော့ကြည့်ရင်းက ဆွဲဆွဲငင်ငင် ပျစ်ပျစ်ချွဲချွဲ အူလို့။
ဒီလိုအချိန်မျိုးဆိုရင် လမ်းနီလေးနဲ့သိပ်မဝေးတဲ့အင်းလျားကန်ဟိုတယ်ရဲ့ ဒိုမီနိုခန်းမထဲမှာ Samba Pati လား။ ဒါမှမဟုတ် Besame Mucho လား။ ကနွဲ့ကလျ လိဒ်ဂစ်တာသံအောက်မှာ ကကြိုးကကွက်တွေဟာ နုသွဲ့ညင်းပျောင်းနေပြီပေါ့။ မီးရောင်မှုန်ရီအောက်က မျက်ဝန်းတွေဟာ မှေးစင်းရီဝေနေပြီပေါ့။
ဘာပဲပြောပြော ဘုတ်ကလပ်ထဲကိုရောက်လာခဲ့ရင်တော့ သူတို့ကိုဝိုင်းဆိတ်မယ့် လင်းတတွေရန်က ချော တို့၊ မခိုင်တို့၊ အဝင်းတို့ဟာ လွတ်မြောက်သွားခဲ့ပြီ။
လမ်းနီလေးအတွက်တော့ ဒီလိုအဖြစ်အပျက်မျိုးတွေဟာ များပြားလှပေါ့။ လမ်းနီလေးထဲမှာ ငေါင်စင်းစင်းနဲ့ ရပ်နေကြတဲ့ ဓာတ်တိုင်တွေတတိုင်မှမရှိ။ အရောင်မွဲမွဲနှင့်မြို့ပြခိုတွေတကောင်မှ မရှိ။ စည်ပင်တဲလေး တလုံးကလွဲလို့ လူနေအိမ်ခြေတလုံးတလေပင် မရှိ။ လက်ဖက်ရည်ဆိုင်၊ ဘူးသီးကြော်ဆိုင်၊ အရက်ဆိုင်၊ ထမင်းဆိုင်တဆိုင်မှမရှိ။ ကုန်ကုန်ပြောရလျှင် ညဥ့်နက်သန်းခေါင်ထဲ ချိုးချိုးချွတ်ချွတ်အသံဗလံကြားလျှင် တောင် ထိုးဟောင်ပေးမည့် ခွေးလေခွေးလွင့် တကောင်ပင်မရှိပါ။
လမ်းနီလေးထိပ်မှာတော့ “လမ်းနီလေးကဖေး”ဟု ကိုခါးကြီး နာမည်ပေးထားသော ကိုဆန်းတို့ ညီအစ်ကို ရဲ့လက်ဖက်ရည်ဆိုင်လေးရှိသည်။ အမေမြိုင့်ထမင်းဆိုင်လေးရှိသည်။ ဦးနှုတ်ခမ်းမွှေးရဲ့တွန်းလှည်း ကွမ်း ယာဆိုင်လေးရှိသည်။ကြံချောင်းတွေကို ထည့်ကြိတ်လိုက်တိုင်း ခြူသံလွင်လွင်မြည်လေ့ရှိသော ကိုဘာဘူ့ ကြံရည်ဆိုင်လေးရှိသည်။ လမ်းနီလေး၊ သမိုင်း၊ ခဝဲခြံ ကားလေးဂိတ်ရှိသည်။
သတင်းအရင်းအမြစ် ဘာမှမရှိလေတဲ့လမ်းနီလေးထဲမှာ ချောတို့ကို ဖမ်းလားဆီးလားလုပ်ပြီဆိုလျှင်သတင်း။ လူငယ်လေးတယောက် ရေကူးနေရင်း ရေနစ်သေသွားပြီဆိုလျှင်သတင်း။ ရုပ်ရှင်ရိုက်မည့်အဖွဲ့ လမ်းနီလေးထဲ ဝင်သွားပြီဆိုလျှင်သတင်း။ ကြက်ကျွန်းထဲမှာ ကြက်ပွဲဖြစ်နေပြီဆိုလျှင်သတင်း၊
လူတွေဟာ အသက်ရှင်နေလျက်နှင့် သေဆုံးနေကြတာလား။ သေဆုံးနေလျက်နှင့်အသက်ရှင်နေကြတာ လား။ ကျွန်တော်သဲသဲကွဲကွဲမသိပါ။ ရက်စွဲတွေဟာ ပျင်းရိငြီးငွေ့စရာကောင်းနေတာတော့ သေချာခဲ့သည်။
အဲဒီပျင်းရိငြီးငွေ့စရာကောင်းတဲ့ရက်စွဲတွေထဲမှာပဲ ကျွန်တော့်ဆီရောက်ရောက်လာတတ်တဲ့ တမြို့တည်း သား သူငယ်ချင်းဟာ ချောကို တွေ့ရှိသွားခဲ့ပေါ့။
ကနဦးတုန်းက ချောလိုမိန်းကလေးတယောက်ကို ပေါ့ပါးလွယ်ကူစွာနဲ့ပဲ ကျော်ဖြတ်သွားလိမ့်မယ်လို့ ကျွန်တော်တို့အားလုံးဟာ ထင်မှတ်ထားခဲ့ကြ။ သူ ကျွန်တော့်ဆီရောက်လာတိုင်းလည်း ဘုတ်ကလပ်ထဲမှာ ချက်ကြပြုတ်ကြစားကြသောက်ကြ။ မူးမူးဝေဝေနဲ့ သီချင်းတွေတပုဒ်ပြီးတပုဒ် အော်ဆိုကြ။ အမိုးတို့ရဲ့အိမ်စုစုလေးကို ညကြီးအချိန်မတော် တံငါလှေလေးလှော်ခတ်သွားပြီး ဘီအီးကို အကြွေးနှိုးဝယ်ကြနဲ့ အင်းလျား ညတွေကို ဖြတ်သန်းလာခဲ့ကြတာမဟုတ်လား။
ကိုဗျတ်ဝိ ဖဲနိုင်လာခဲ့တဲ့ရက်မျိုး ဒါမှမဟုတ် ကိုခါးကြီး ခြေခင်းလက်ခင်းသာတဲ့ ရက်မျိုးဆိုရင် ဂုဏ်သရေရှိ လူကြီးမင်းတွေလို ကျွန်တော်တို့ဟာ အောင်ပွဲခံခဲ့ကြ။လှည်းတန်း၊ မြေနီကုန်း၊ တိုက်ဆယ့်နှစ်လုံးတန်း၊ တခါတခါ တောင်ဥက္ကလာ စာတိုက်မှတ်တိုင်နားကဆိုင်လေးတွေအထိ ကျွန်တော်တို့ဟာခြေစင်္ကြာဖြန့်ခဲ့ ကြတဲ့ ထရွိုင်စစ်သည်တွေ။
လှည်းတန်းကပ်စ်ထရိုကို နယ်အိမ်က ငွေပို့လိုက်တဲ့ ရက်ကောင်းရက်မြတ်တွေဆိုရင် ကျွန်တော်တို့ဟာ ဘီအီးတို့၊ ထွေးညိုတို့ကို မျက်စောင်းတောင် လှမ်းမထိုးတဲ့ဆီနေတာတွေ။
ချောကို လက်ထပ်ယူတော့မယ်လို့ သူဖွင့်ဟပြောလာတဲ့နေ့က အင်းလျားဟာ အရူးတယောက်လို သူ့ကို ငေးရီကြည့်နေခဲ့။
အဲဒီညက သူဘာမှမဖြစ်ပေမယ့် ကျွန်တော်တို့အားလုံးဟာ မူးမူးရီရီနဲ့ တညလုံးရူးနှမ်းအော်ဟစ်ခဲ့ကြတယ်။ လူအဖြစ်မှာမူးနေဖို့သာမက တခါတရံမှာ ရူးနေဖို့ပါလိုအပ်တဲ့အကြောင်း အဲဒီညက ကျွန်တော် အသေ အချာ တွေ့ရှိသွားခဲ့ပါတယ်။
ဂျက်လန်ဒန်ရဲ့ ပင်လယ်ဝံပုလွေ၊ ဟာမန်းဟက်စ်ရဲ့ သိဒ္ဓတ္တ၊ ပါရဂူရဲ့စိတ္တရလေခါ၊ ရစ်ချတ်ဗာ့(ခ်)ရဲ့ယောန သံစင်ယော် စာအုပ်တွေကို ခေါင်းအုံးအိပ်ခဲ့တဲ့သူငယ်ချင်းရဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိခန်းပါပဲ။
ပြောမယ်ဆိုရင်ပေါ့။ ချောဟာ သူ့ဘဝအတွက် နွံထဲက ကြာဖြူပွင့်။
သူ့ရဲ့ အာရုံခံစားမှုကိုက သူများတွေနဲ့မတူဘဲ ကွဲပြားခြားနားနေတတ်တာ။ အလင်းဖြူအောက်မှာ ထိုင်နေ ပေမယ့် သူ့ရဲ့အာရုံထဲမှာတော့ မည်း မည်းရီရီ ဖြစ်ချင်ဖြစ်နေတတ်တာ။ တိတ်ဆိတ်နေပေမယ့်လည်း သူ့ရဲ့ စိတ်အာရုံထဲမှာ တဝုန်းဝုန်းနဲ့ဆူညံပေါက်ကွဲနေတတ်တာ။ တခါတခါမှာ နှင်းဖြူပြာညို အင်းလျားနံနက်ခင်း ကို ငေးငေးရီရီကြည့်နေရင်းနဲ့ ခိုင်ထူးရဲ့ နှင်းသက်သက်ဝေဟာသူ့ရဲ့နှုတ်ဖျားက တိုးတိုးလျလျလေး ထွက် နေတတ်တာ။
ဒါပေမဲ့ ….
ပြဇာတ်ထဲက ဇာတ်ဝင်ခန်းတွေသာ ဘဝဆန်လို့ရပေမယ့် ဘဝထဲက ဇာတ်ဝင်ခန်းတွေဟာ ပြဇာတ်သိပ်ဆန်လို့ မရဘူးဆိုတာ သိပ်မကြာခင်မှာပဲ သူ တွေ့ရှိခဲ့ပြန်ပါတယ်။
သူ မရှိတဲ့အချိန်။ အလင်းရောင်နည်းနည်းနဲ့ အမှောင်တွေဝေရီနေတဲ့ အခန်းကျဉ်းလေးထဲမှာ ချော ရင်ဆိုင်နေရတာဟာ အေးစက်ခြောက်သွေ့နေတဲ့ မျက်လုံးတွေပေါ့။
သူမကို စိမ်းကား အေးစက်စွာ ငေးစိုက်ကြည့်နေတတ်တဲ့မျက်လုံးများ။ ဘယ်သောအခါမှ နွေးထွေးနူးညံ့လာမှာမဟုတ်တဲ့ သူ့မိသားစုတွေရဲ့ မျက်လုံးများ။
မျက်လုံးတွေ ကင်းလွတ်မယ့် ဇုန်ထဲကို လွင့်ထွက်ပျံသန်းသွားမယ်ဆိုရင် သူနဲ့ ကမ္ဘာတခု ခြားသွားမှာ ကို ချောသိပါတယ်။
သူ့ရဲ့ချစ်ခြင်းမေတ္တာတွေကိုလည်း ချော အသေအချာ သိပါတယ်။ ဒါပေမဲ့ ချောဟာ ကြောက်မက်ဖွယ်မျက်လုံးတွေမရှိတဲ့ အရပ်ကိုပဲ ရွေးချယ်ဆုတ်ခွာ သွားခဲ့လေတယ်။
အဲဒီရက်စွဲကစပြီး ချော မရှိတော့တဲ့ အထီးကျန်ကမ္ဘာမှာ သူဟာ ခြေဦးတည့်ရာလွင့်မျောနေတဲ့ မိုး တိမ်။ သူ့အလွင့်တွေဟာကျွန်တော်တို့ကို ကူးစက်သွားပြီးနောက်ပိုင်း ကျွန်တော်တို့ဟာလည်း လွင့်ချင်တိုင်း လွင့်နေခဲ့ကြတဲ့ မိုးရိပ်မိုးသားတွေ။
ညဘက်ကို ရောက်ပြီလား။ လရောင်ဟာ အေးစက်ပြာနှမ်းနေပြီလား။ အားလုံးဟာ ချောဆီကို စုပြုံလွင့်ဝင်သွားခဲ့ကြ။ အားလုံးဟာ အလွင့်ကမ္ဘာထဲကို လွင့်ချင်တိုင်းလွင့်ထွက်သွားခဲ့ကြ။
ရစ်သမ်ခတ်သံဟာ တိုးတိုးရီရီ။ သီချင်းသံဟာ ထိခိုက်ကြေကွဲမှုတွေ ရောထွေးပျော်ဝင်နေသော သီဆိုမှုမျိုး။
သီချင်းစာသားအဆုံးမှာ “ချောရယ်” ကို သူတို့အားလုံး ဝိုင်းဆိုကြ။ ချောရယ် …ချောရယ် …ချောရယ်ကို အတောမသတ်နိုင်အောင် တယောက်ပြီးတယောက် တမ်းမောကြ။ ချောရယ်ကို လွမ်းတကြ။ ချောရယ်ကို အော်ဟစ်ခေါ်ဝေါ်ကြ ။
တခါတခါမှာ အသံဟာ ဆိုနေရင်း နှင့် တုန်ရီထစ်အ သွားတတ်တာ။ တခါတခါမှာ ချောဟာ ကျောလည်အထိရောက်နေတဲ့ ညိုမှောင်ကေသာတွေကို အရိုင်းဆန်ဆန် ဖြန့်ချထားပြီး လမ်းနီလေးထဲက ထွက်လာတတ်တာ။ “ဟောဒီမှာ ထမင်းလိုက်ပွဲ တပွဲရှိတယ် အမေမြိုင်ရေ” လူကျနေတဲ့ အချိန်ဆို ဘယ်ကရောက်လာမှန်းမသိတဲ့ ကိုခါးကြီးဟာ အမေမြိုင့်ထမင်းဆိုင်လေးမှာ ဝိုင်းကူပေးတတ်တာ။ လမ်းနီလေးဟာ အမှောင်ထဲမှာ နစ်မြုတ်မှုန်မှိုင်း သွားပြီဆိုရင် အသံဗလံတစ်ခုမှ မကြားရလေအောင် တိတ်ဆိတ်အေးစက်သွားတတ်တာ။
“အဆိမ့် တစ်ယာလုပ်ပါဗျ ဦးနှုတ်ခမ်းမွေးရ” ကိုဗျတ်ဝိဟာ ကွမ်းမှာရင်း ထုံးခွက်ထဲထိုးနှစ်လိုက်တဲ့ လက်ညိုးနဲ့ ဦးနှုတ်ခမ်းမွေးရဲ့ နဖူးပြောင်ကြီးကို ဖျတ်ခနဲလှမ်းတို့လိုက်တာ။
တခါတခါလမ်းနီလေးဟာ သည်း သည်းရိုင်းရိုင်း ကျလာတဲ့ နှင်းပြာတွေအောက်မှာ တဆတ်ဆတ်နဲ့ တုန်ရီ နေတတ်တာ။ တခါတရံမှာ အိပ်ပျော်နေတဲ့ ဂိတ်မှူး ကိုပေါက်စအစား ” လေးသုံးခြောက်ရှစ် ထွက်မယ် ဟေ့ ” လှည်းတန်းကပ်စ်ထရိုဟာ ကိုပေါက်စရဲ့ ဝီစီလေးကို ရွှိခနဲယူမှုတ်ပြီး ကားလေးဂိတ်မှူး ဝင်လုပ်ပေး တတ်တာ။
နိုင် ဝင်း သီ