ကဗျာ အမေရိက

လင်းနွေးအိမ် – လောင်းရိပ်ခြေကျင်းများ

KT#
လောင်းရိပ်ခြေကျင်းများ
လင်းနွေးအိမ်
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၇

ဟိုခေတ်မှာ တက်ကြွရုန်းကန်ခဲ့သမျှ
ဒီခေတ်မှာ တချိန်လုံး သမ်းဝေငိုက်မြည်းနေရပါလားဟေ့

ခေတ်ဟောင်းတေးတွေကောင်းပေမယ့်
ပြန်ဆိုတေးတွေညောင်းနေပြီ။

နေထွက်ချိန်ကိုရောက်မယ့်တံခါးပေါက်မှာ
လူငယ်တွေ
အားကောင်းမောင်းသံ ငါတို့တိုင်းရင်းသားပေါင်းစုံလူငယ်တွေ
ခွန်အားပြည့်နဲ့ကုန်ထုတ်လုပ်မယ့် လူငယ်တွေ
တီထွင်ဆန်းသစ်မယ့် ဦးနှောက်တွေနဲ့ တောင်ပေါ်မြေပြန့်လူငယ်တွေ
ပိတ်ထားတဲ့ထွက်ပေါက်မှာ စုပြုံစောင့်ဆိုင်းနေကြပြီ။

အဲဒီသံမဏိတံခါးကြီးရဲ့တဘက်မှာ
ဘာရှိရှိ
သူတို့ ဒီတံခါးကိုမလိုချင်ဘူး။

အဲဒီပိတ်ထားတဲ့တံတိုင်းကြီးရဲ့တဘက်မှာ
ချောက်ပဲရှိရှိ
သူတို့ဒီတံတိုင်းကြီးကို မလိုချင်ဘူး။

အဲဒီသံချေးတက်နေတဲ့မြို့ရိုးကြီးရဲ့တဘက်မှာ
ကန္တာရပဲရှိရှိ
သူတို့ ဒီမြို့ရိုးကြီးကိုမလိုချင်ဘူး။

သွားကြမယ်တဲ့
ပါရီကိုလဲသွားကြမယ်
နယူးယောက်လည်း သွားကြမယ်
ဖောက်ကလန်ကိုလည်း သွားကြမယ်
ရောမကိုလည်း သွားကြမယ်
ကမ္ဘာကြီးထဲသွားကြမယ်
စကြာဝဠာကြီးထဲသွားကြမယ်
သွားဖို့အတွက် တက်ကြွမယ်
သွားဖို့အတွက် လန်းကြမယ်တဲ့။

တခေတ်လုံး တီးလုံးဟောင်းနဲ့ ငိုက်မြည်းသမ်းဝေမနေချင်တော့တဲ့ လူငယ်တွေ
တံခါးကြီးရဲ့ရှေ့မှာ
တံတိုင်းကြီးရဲ့ရှေ့မှာ
မြို့ရိုးကြီးရဲ့ရှေ့မှာ
သူတို့တိုးဝှေ့တွန်းထွက်ချင်ကြပြီ။

ဘီးကျဲတွေ
သွေးကျဲရင်ခွေးဆွဲမယ်
သွေးနည်းရင်နောက်ဆုတ်
သွေးဆုတ်ရင်ဘေးကုပ်နေတဲ့
သူတို့ရင်ကိုသူတို့တူးဆွနေကြပြီ။

ခက်တာက သူတို့မှာ
လောင်းရိပ်နဲ့ခတ်ထားတဲ့ ခြေကျင်းတွေကတန်းလန်းနဲ့။ ။

လင်းနွေးအိမ်
ဒီဇင်ဘာလ ၁၈ ရက် ၂၀၁၇။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts