ဝေဖန်ရေးရာ

ကျော်နိုင် – MEngC, CQHP, YCDC နှင့် P&S အရေးကိစ္စများ – ၁

ကျော်နိုင် – MEngC, CQHP, YCDC နှင့် P&S အရေးကိစ္စများ – ၁
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၇

P&S (Plumbing & Sanitary) scope သည် Mechanical Engineer ၏ scope မဟုတ်ဟု CQHP မှ သူ၏ လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်ပြီး တားမြစ်နေပါသည်။ YCDC ကလည်း (P&S အပါအဝင်) မှတ်ပုံတင်အင်ဂျင်နီယာများ၏ scope ကို ဆွေးနွေးရန်အတွက် task force ဆိုတာကြီးဖွဲ့ဘို့ လုပ်နေသည်။ ဥပဒေ စည်းမျဉ်း၊ စည်းကမ်းများတွင် ခိုင်ခိုင်မာမာ၊ တိတိကျကျ ရေးသားဖေါ်ပြထားပြီးဖြစ်ပါလျှက် ယခုကဲ့သို့ မရှုပ်ရှုပ်အောင်လုပ်နေကြသည်မှာ စေတနာကြောင့်လား၊ ကိုယ်ကျိုးစီးပွားကြောင့်လားဆိုသည်က အသိသာကြီးဖြစ်ပါသည်။ ဤကိစ္စတွင် အံ့သြဘို့ကောင်းသည်က MEngC ၏ တုန့်ပြန်မှုဖြစ်သည်။ တည်စဲ ဥပဒေ၊ နည်းဥပဒေများကို မကိုးကားဘဲ၊ မိမိကိုယ်တိုင် ချမှတ်ထားသည့် guideline အတိုင်း မရပ်တည်ဘဲ မလိုအပ်သည့် ဆောင်ရွက်ချက်များဖြင့် ပိုမိုရှုပ်ထွေးအောင်လုပ်နေသည်။

ကျွန်တော်တို့အားလုံး သေသေချာချာ နားလည်ဘို့လိုသော အချက်များကို ထပ်ပြီး အသိပေးလိုပါသည်။

MEngC သည် အင်ဂျင်နီယာကောင်စီဥပဒေအရ ဖွဲ့စည်းထားခြင်းဖြစ်သည်။ အင်ဂျင်နီယာကောင်စီ ဥပဒေသည် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၇/၂၀၁၃ ဖြစ်ပြီး နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်သည်။

CQHP သည် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းထားသော ကော်မတီသာဖြစ်သည်။

YCDC သည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးသည့် (မည့်) စည်ပင်ဥပဒေအရ ဖွဲ့စည်းထားသော ကော်မတီသာဖြစ်သည်။

သို့ဆိုလျှင် အင်ဂျင်နီယာကောင်စီဥပဒေအရ ဖွဲ့စည်းထားသော MEngC သည် CQHP၊ YCDC တို့နှင့် တန်းမတူသည်ကို ရှင်းးရှင်းလင်းလင်း သိသာပြီဟု ထင်ပါသည်။ သို့ဖြစ်ပါ၍ CQHP နှင့် YCDC တို့သည် MEngC ကို လုံးဝမလွှမ်းမိုးနိုင်၊ မလွှမ်းမိုးသင့်၊ လွှမ်းမိုးရန် မကြိုးစားသင့်ပေ။ ဥပဒေ ကြောင်းအရ ပြောခြင်းဖြစ်ပါသည်။

P&S scope ကိစ္စပေါ်လာသည့်အခါ MEngC အနေဖြင့် အထက်ပါအတိုင်း ရှင်းလင်းပြတ်သားစွာ ကိုင်တွယ်ဖြေရှင်းသင့်သော်လည်း ထိုကိစ္စအတွက် စုံ/ကော် ဖွဲ့၍ ဆောင်ရွက်ခဲ့သည်။ စုံ/ကော်သို့ ထွက်ဆိုသူတစ်ဦးက 1922 မြူနီစီပါယ် အက်ဥပဒေတွင် P&S သည် civil အင်ဂျင်နီယာများ၏ scope အဖြစ် သတ်မှတ်ထားကြောင်း ထွက်ဆိုသည်ကို စုံ/ကော်က လက်ခံခဲ့သည်။ 1922 မြူနီစီပါယ် အက်ဥပဒေ မူရင်းစာအုပ်ကြီးကို ချပြ၍ ထိုသို့ဖေါ်ပြထားခြင်းမရှိကြောင်း အင်ဂျင်နီယာများက ဝိုင်းဝန်းထောက်ပြကြသောအခါ မူရင်း အင်္ဂလိပ်လိုဥပဒေတွင် မပါသော်လည်း မြန်မာလို ဘာသာပြန်ထားသည့် စာအုပ်ထဲတွင်ပါသည်ဟု ပြောင်းလဲပြောခဲ့သည်။ ဤသည်ကိုလည်း စုံ/ကော်က လက်ခံသည်။ 1922 အက်ဥပဒေကို အင်္ဂလိပ်လိုကော၊ မြန်မာလိုပါ ပူးတွဲဖေါ်ပြ၍ နှစ်ခုစလုံးတွင် ထိုသို့ မပါရှိကြောင်း အင်ဂျင်နီယာများက ဝိုင်းဝန်းထောက်ပြသောအခါ အသံတိုးသွားသော်လည်း ပါပါတယ်ဟု ပြောနေဆဲဖြစ်သည်။ အကယ်၍ ထိုသို့ပါရှိသည်ဆိုလျှင် မိမိအဆိုကို သက်သေပြရန်၊ မိမိသည် လူလိမ်မဟုတ်ကြောင်း သက်သေပြရန် မည်သည့်စာမျက်နှာ၊ မည်သည့်ပုဒ်မ တွင် ထိုသို့ ဖေါ်ပြထားကြောင်း သက်သေထူသင့်သည်။ သို့သော် ထိုကဲ့သို့ သက်သေမပြနိုင်ခဲ့။

အမှန်တကယ်တော့ CQHP က (အငြင်းပွားခွင့်မရှိဘဲ) အငြင်းပွားလာသော P&S scope issue ကိစ္စကို 1922 မြူနီစီပါယ်အက်ဥပဒေကို ကိုးကားသည်ဆိုကတည်းက လူရီစရာကြီး ဖြစ်နေသည်။ CQHP သည် High Rise building များ၏ အရည်အသွေးကို စိစစ်ရန်အတွက် ဖွဲ့စည်းထားသော ကော်မတီဖြစ်သည်။ (ထိုသို့ဆိုလျှင် CQHP တွင်ပါဝင်သော ကော်မတီဝင်ကြီးများသည် High Rise building များကို ဆောက်လုပ်ဘူးသည့် အတွေ့အကြုံရှိသူများလား ဟု မေးလာခဲ့ပါက ဤ post ခေါင်းစဉ်နှင့် မဆိုင်၍ ထည့်မရေးသေးခြင်းဖြစ်ပါသည်ဟု ကြိုတင်ဖြေကြားထားပါသည်)။ 1922 မြူနီစီပါယ် အက်ဥပဒေပြဌာန်းသည့် အချိန်က ရန်ကုန်မြို့တွင် High Rise building များ ရှိနေကြပါပြီလား၊ ဆောက်လုပ်နေကြပါပြီလား။ မရှိသေးပါ၊ မဆောက်လုပ်ကြသေးပါ။ 1922 တွင် ရန်ကုန်မြို့၏ မိလ္လာသိမ်းစံနစ်သည် ဇလားများဖြင့် သိမ်းခြင်းဖြစ်သည်။ 1922 ခုနှစ် ရန်ကုန်မြို့နေလူထု အများစု၏ ရေရယူသုံးဆွဲရာ အရင်းအမြစ်သည် ရေတွင်း၊ ရေကန်များမှဖြစ်သည်။ သို့ဖြစ်ပါ၍ High Rise building များ၏ P&S scope issue ကို 1922 မြူနီစီပါယ်အက်ဥပဒေကို ကိုးကားထွက်ဆိုခြင်းသည် လုံးဝ လျှော်ညီခြင်း မရှိသော ကိုးကားထွက်ဆိုခြင်းဖြစ်သည်။ ထိုသို့ မလျှော်ညီသော ကိုးကားခြင်းကိုပင်လျှင် မမှန်မကန် ကိုးကားပြောဆိုသည်။

တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ guideline များ အရ P&S scope သည် မည်သူ့ scope ဖြစ်သည်ဆိုသည်မှာ လယ်ပြင်တွင် ဆင်သွားသလို ထင်ထင်ရှားရှား၊ ရှင်းရှင်းလင်းလင်းကြီးဖြစ်ပါသည်။ ထိုကိစ္စတွင် ပါဝင်ပါတ်သက်နေသော MEngC၊ CQHP နှင့် YCDC တို့ ကိုယ့်ဘောင်အတွင်းက ကိုယ်လုပ်သွားကြရန်သာ လိုအပ်ပါသည်။


ပထမဦးဆုံး CQHP ၏ “Duties and Responsibilities” ကို ပြောပါမည်။ cqhp.org တွင်လည်း ဝင်ရောက်ဖတ်ကြည့်နိုင်ပါသည်။ ပူးတွဲပါ ဓါတ်ပုံ (1) တွင်လည်း highlight လုပ်ပြထားပါသည်။ CQHP ၏ တာဝန်သည် “designer” က တင်ပြသော design သည် international Code of Practice များ၊ guideline များနှင့် ကိုက်ညီခြင်းရှိ၊ မရှိ စိစစ်ရန်ဖြစ်သည်။ ကိုက်ညီမှုမရှိ၍ design ကို ပြုပြင်သင့်သည်များရှိလျှင် အကြံပေးရန်သာဖြစ်သည်။ ထိုသို့ အကြံပေးရာတွင်လည်း International Code of Practice များ၊ Guideline များအတွင်းမှသာ အကြံပေးရန်ဖြစ်သည်။ ဤစာစုတွင် ဖေါ်ပြထားသော “designer” ဆိုသူသည် မည်သူနည်း။ CQHP ၏ guideline စာအုပ်တွင် ဖေါ်ပြထားပါသည်။

cqhp.org website တွင်လည်းဝင်ရောက်ဖတ်ရှုနိုင်သည့် “GUIDELINES FOR HIGH-RISE BUILDING CONSTRUCTION PROJECTS (WATER AND SANITATION)” စာအုပ်တွင် အတိအကျ ဖေါ်ပြထားပါသည်။ ပူးတွဲပါ ဓါတ်ပုံ (2) နှင့် ဓါတ်ပုံ (3)။

ပူးတွဲ ဓါတ်ပုံ (4) တွင်တွေ့ရမည့် “ Professional Engineer (PE) (Water Supply and Sanitation) တွင် အဓိပ္ပါယ်ဖွင့်ဆို ရေးသားထားချက်အရ CQHP သို့ P&S design တင်ပြရမည့် designer သည် MEC မှ PE (P&S) အဖြစ် စိစစ် အသိအမှတ်ပြုထားသော သူဖြစ်ပြီး ထို PE သည် CQHP ထံတွင် National Counterpart အဖြစ် မှတ်ပုံတင်ထားသူဖြစ်ရမည် ဖြစ်သည်။ အဆိုပါ Guideline အရ CQHP သည် MEC ၏ PE (P&S) တစ်ဦးဦးက National Counterpart အဖြစ် မှတ်ပုံတင်လာပါလျှင် ထို PE (P&S) ကို မှတ်ပုံတင်ပေးယုံသာဖြစ်သည်။ ထို PE (P&S) ကို PE (P&S) အဖြစ် စိစစ် အသိအမှတ်ပြုခြင်း၊ ပြုခွင့်သည် MEC ၏ လုပ်ပိုင်ခွင့်ဖြစ်သည်ဟု အတိအလင်း ဖေါ်ပြထားသည်။ ဤသည်ကိုကြည့်လျှင် CQHP ၏ guideline သည် မှန်ကန်စွာ ရေးသားဖေါ်ပြထားသော guideline ဖြစ်သည်။ guideline တွင် မှန်ကန်စွာ ရေးသားဖေါ်ပြထားပါလျှက် ပြင်ပတွင် တကယ်လက်တွေ့ဆောင်ရွက်သောအခါ guideline အတိုင်း ဘာကြောင့် မဆောင်ရွက်ကြပါသနည်။ ကာယကံရှင်များသာ အသိဆုံးဖြစ်ပေလိမ့်မည်။


နောက်ဆုံး အဆင့်လာပါပြီ။ P&S scope ကို မည်သူတွေ၏ scope ဟု MEngC က သတ်မှတ်ထားပါသနည်း။ MEngC ၏ PE/RSE guideline စာအုပ်တွင် ရှင်းရှင်းလင်းလင်း ဖေါ်ပြထားပြီးဖြစ်သည်။ P&S scope သည် Mechanical (Building Services) ၏ scope ဖြစ်ပါသည်။ ပူးတွဲပါ ဓါတ်ပုံ (5)။


MEngC နှင့် CQHP တို့၏ guideline အသီးသီးတွင် ဤသို့ရှင်းလင်းစွာ ဖေါ်ပြထားပါလျှက် အဘယ်ကြောင့် ရှုတ်ထွေးအောင်လုပ်နေကြပါသနည်း။ ရှုတ်ထွေးအောင်လုပ်နေသူတို့၏ စိတ်သည် မရှင်း၍ဘဲ ဖြစ်ပါလိမ့်မည်။

အချို့သော သူများက ပြောလာဦးမည်ထင်ပါသည်။ အင်ဂျင်နီယာ ကောင်စီ ဥပဒေ၊ နည်းဥပဒေများအရ Mechanical PE/RSE များ၏ scope ကို YCDC အပါအဝင် စည်ပင် အသီးသီးက ကန့်သတ်ခွင့်ရှိသည်ဟု။ ထိုသို့ ထင်နေ၊ ပြောနေသူများ အားလုံး မှားပါသည်။ ထိုသူတို့သည် ဥပဒေကို ကိုယ်လိုရာ ဆွဲပြောနေကြသူများဖြစ်ပါသည်။ အမှန်တကယ်တော့ အင်ဂျင်နီယာကောင်စီ ဥပဒေ၊ နည်းဥပဒေများအရဆိုလျှင် P&S ကို Mechanical engineer များ၏ scope ဟု အတိအလင်းဖေါ်ပြထားပြီးဖြစ်ပါသည်။

ဤ issue အတွက် post “Part 2” တွင် သက်သေနှင့်တကွ ဖေါ်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts