မျက်မြင်သက်သေမရှိသော လူသတ်မှုအား တရားခံ၏ဖြောင့်ချက်တစ်ခုတည်းဖြင့် ရုံးတင်တော့မည်
နိုဝင်ဘာ ၁၅ ရက်နေ့တွင် အပြင်မှသော့ခတ်ပိတ်ထားသော လှိုင်သီရိအိမ်ရာအခန်းအမှတ် ၅၀၃ မှအဝါရောင်အရည်များစီးကျ၍ အပုတ်နံ့များထွက်နေသောကြောင့် ရဲတပ်ဖွဲ့အားတိုင်ကြားခဲ့ရာမှ ည ပိုင်းတွင် သော့ဖျက်ဝင် ရောက်ကြည့်ရှူ့ရာ သေဆုံးနေသော ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးသမီး ၃ ဦး၏အလောင်းများ ကိုတွေ့ရှိရခြင်းဖြစ်သည်။ အမျိုးသမီးများအားလုံး ညအိပ်အဝတ်အစားများဝတ် ဆင်လျှက် ဓားဒဏ်ရာများဖြင့်သေဆုံးနေပြီး သွေးစွန်းနေသော အသားခုတ်ဓားမကြီးတစ်ချောင်းကို လက်ဆေးဘေစင်တွင်ချထားသည်ကိုတွေ့ရသဖြင့် ရဲတပ်ဖွဲ့မှစုံစမ်းစစ်ဆေးမှုများ အမြန်ဆုံးဆောင်ရွက်ခဲ့သည်။ သေဆုံးသူများမှာ Stay A While စားသောက်ဆိုင်နှင့် ပတ်သက်သူများဖြစ်ကြောင်းသိရှိရသဖြင့် ဆိုင်လိပ်စာ အားရှာဖွေစုံစမ်းနေဆဲမှာပင် သေဆုံးသူနှင့် ရင်းနှီးသောအိမ်နီးချင်းတစ်ဦးက ဆိုင်ကို သိရှိကြောင်းပြောကာ သူ၏ကားဖြင့်ဆိုင်ဝန်ထမ်းများအား ချက်ချင်းသွားရောက်ခေါ်ယူကာ လှိုင်မြို့မရဲစခန်းသို့ပို့ပေးခဲ့ခြင်းဖြစ် ကြောင်း ခေါ်ဆောင်ပေးခဲသူ ကာယကံရှင်ကိုယ်တိုင် ရဲတပ်ဖွဲ့၏မှုခင်းသတင်းထုတ်ပြန်ချက်များရေးသားရာ Yangon Police ၏ FB တွင်ပြန်လှန်ရေးသားခဲ့သဖြင့် သိရှိရသည်။
ဆိုင်တွင် အလုပ်လုပ်သူများအား ရဲတပ်ဖွဲ့မှစစ်ဆေးမှုမေးမြန်းမှုများပြုလုပ်ခဲ့ရာ လက်ဖဝါး ၂ ဖက်တွင်ဒဏ်ရာများရရှိထားသော ဇွဲလင်းထက်၏ ကွဲပြားခြားနားသည့်ထွက်ဆိုချက်များကြောင့် ယာဉ်ထိန်း အချက်ပြ CCTV မှတ်တမ်းနှင့်တိုက်ဆိုင်စစ်ဆေးရာ မူမမှန်ကြောင်းသိရဖြင့် ဒုတိယအကြိမ်ပြန်လည် စစ်ဆေးသောအခါတွင် ဇွဲလင်းထက်က “သူကိုယ်တိုင်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တစ်ဦးတည်းကျူးလွန်ခဲ့ ကြောင်းဝန်ခံထွက်ဆိုသဖြင့်” တရားခံအား လူသတ်မှုအကြောင်းသိသိချင်း ၃ နာရီအတွင်းဖော်ထုတ်နိုင် ခဲ့သည်။ ထိုအကြောင်းကို ရဲတပ်ဖွဲ့၏ FB စာမျက်နှာတွင် နိုဝင်ဘာ ၁၆ ရက် မနက်လင်းအားကြီးအချိန် မှာပင် ရေးသားသတင်းထုတ်ပြန်ခဲ့တာကို တွေ့ရသည်။ သို့သော်ထိုသတင်းနှင့်တွဲရက် ဓာတ်ပုံများကို ဖော်ပြရာတွင် တရားခံ၏ဇနီးဖြစ်သူ မခင်ခင်ဖြိုး၏ ပိုက်ဆံအိတ်အတွင်းမှ သေဆုံးသူ၏ လက်ဝတ်လက် စားအချို့နှင့်အတူ ကား သော့နှင့် အိမ်သော့ ၂ စုံကိုပါ သိမ်းဆည်းရမိသည်ကိုတွေ့ရသည်။
မျက်မြင်သက်သေမရှိသော လူသတ်မှုအတွက် တရားခံတစ်ဦးတည်း၏ဖြောင့်ချက်အပေါ် တွင်အတည်ပြု၍ လူသတ်မှု၊ လုယက်မှုအဖြစ်ပုဒ်မတပ်ကာ သတင်းထုတ်ပြန်ခဲ့သည်။ နိုဝင် ဘာ ၉ ရက်နေ့ နံနက်စောစောတွင် လစာတိုးပေးရန်အတွက် မန်နေဂျာအမျိုးသမီးဖြစ်သူထံ အိမ်အထိ လာရောက်တောင်း ဆိုခဲ့ပြီး လစာတိုးမပေးသဖြင့်လက်သီးဖြင့် ထိုးရာ မန်နေဂျာအမျိုးသမီးက အိပ်ခန်းအတွင်းမှ ဓားယူ၍ ရန်ပြုခဲ့ သည်ဟုဆိုပါသည်။ တရားခံက ဓားကိုလုယူရာမှ ထိုးမိသေဆုံးသွားကြောင်း၊ မန်နေဂျာအိမ်တွင် ထိုညက အဖော်လုပ်ညအိပ်ပေးနေသော လုပ်ဖော်ကိုင်ကိုင်ဖက်ဝန်ထမ်းအမျိုးသမီးနှင့် ၉ နှစ်အရွယ်သမီးငယ်တို့ကပါ ဝင်ဆွဲသဖြင့် သတ်မိသည်ဟုဆိုပါသည်။
မျက်မြင်သက်သေမရှိသော လူသတ်မှုအတွက် ပြီးပြည့်စုံသောစုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခြင်းမရှိကြောင်း သေဆုံးသူ၏ခင်ပွန်းဖြစ်သူက ပြောဆိုသည်။
“ကျွန်တော့်ဇနီးဟာ သာမန်အမျိုးသမီးတွေထက် အရပ်အမောင်းရော ကိုယ်ခန္ဓာပါ ထွားကြိုင်းသန်မာသူပါ။ ခွန်အားလည်းကြီးပြီး လက်မြန်ခြေမြန်သွက်သွက်လက်လက်လှုပ်ရှားတတ်သူဖြစ်ပါတယ်။ ကျွန်တော်ဇနီးကို မြင်ဖူးတွေ့ဖူးသူတိုင်း ဒီအကြောင်းကိုသိပါတယ်။ ကျွန်တော်တို့မိသားစုက အေးချမ်းစွာနေထိုင်တဲ့သူတွေပါ။ အိပ်ခန်းထဲမှာဓားဆောင်လေ့မရှိသလို အိမ်မှာလည်း မီးဖိုချောင်သုံးဓားကလွဲလို့ လူသတ်သမားဝန်ခံထားတဲ့ ဓားတွေမရှိပါဘူး။”
“လူသတ်သမားက မီးဖိုချောင်ကအသားခုတ်စတီးဓားလို့ ချန်ထားရစ်တဲ့ဓားကိုပြောပေမယ့် အဲဒီဓားက အိမ် သုံးစတီးဓားမဟုတ်ပါဘူး။ အိမ်မှာအဲဒီလိုဓားမျိုး လုံးဝမရှိပါဘူး။ စားသောက်ဆိုင်နဲ့ ဈေးထဲကအသားရောင်း တဲ့ဆိုင်တွေမှာသုံးတဲ့ အရိုးကိုပါပြတ်အောင်ခုတ်နိုင်တဲ့ ဓားမအကြီးစားကြီးဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာဘယ် အိမ်မှာမှ အဲဒီလိုဓားမျိုးကို ဆောင်ထားမှာမဟုတ်ပါဘူး။ ဆိုင်မှာအသားဝယ်တဲ့အခါ တစ်ခါတည်း ခုတ်ထစ်ပြီး အသင့်ချက်ရုံ၊ ရေခဲသေတ္တာထဲထည့်ရုံ အနေအထားလုပ်ပေးလိုက်တာချည်းပါပဲ။ ရန်ကုန်မှာနေတဲ့သူတိုင်း အလွယ်တကူသိနိုင်တဲ့ကိစ္စပါ။”
“စုစုပေါင်းတိုက် ၅ လုံးပဲရှိတဲ့ အိမ်ရာလုံခြုံရေးအတွက် အုတ်တံတိုင်းကာ သံဆူးကြိုးတပ်ထားတဲ့အပြင် ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ကားအဝင် အထွက်လမ်းတိုင်းမှာ လုံခြုံရေးဂိတ်နဲ့ အစောင့်ကင်းတဲ ၃ လုံးရှိတဲ့အတွက် လုံခြုံရေးကောင်းတဲ့အိမ်ရာလို့တောင်ပြောနိုင်ပါတယ်။ ကြိုတင်မကြံစည်ဘဲနဲ့ လူမသိ အောင် ကျွန်တော့မိသားစုကိုမသတ်နိုင်ပါဘူး။”
“မနက်အစောကြီးလာပြီး လခတိုးတောင်းတာမရလို့ မန်နေဂျာကို ဘားမင်းကသတ်ပစ်လိုက်တယ်ဆိုတာ ထောင်ကျမယ်ဆိုတာ သိရက်နဲ့ ယုံတမ်းစကားကိုတရားသူကြီးရှေ့ တရားဝင်အောင်ပြောတာနဲ့တူပါတယ်။ မျက်မြင်သက်သေမရှိတာကို အခွင့်ကောင်းယူ လူသတ်လက်နက်ကိုဖျောက်ပြီး ပြောချင်တာကို ထပ်တူကျ အောင် ၂ ကြိမ်လောက်ပြောလိုက်တာနဲ့ သူတစ်ယောက်တည်းက သတ်တာဆိုပြီး ရုံးတင်တရားစွဲတာမျိုးကို ကျွန် တော်တို့ကလက်ခံလိုက်မယ်ဆိုရင် လူမမြင်အောင်သတ်ပြီး တရားခံအစားထိုးတဲ့ လက်မဲကြီးခေတ်ကို အားပေးအားမြောက်ပြုရာကျတော့မှာပေါ့။”
“လူသတ်သမားတစ်ယောက်တည်းမဟုတ်ဆိုတာ သေသေသပ်သပ်လုပ်သွားတဲ့အချက်တွေရယ် ယုတ္တိ မတန် မူမမှန်တဲ့ဖြောင့်ချက်ရယ်ကို ဆက်စပ်စဉ်းစားတာနဲ့တင်ပေါ်လွင်နေတယ်။ တရားခံလို့ဝန်ခံလိုက်တာ နဲ့ အချက်အလက်တွေထပ်မရှာတော့ဘဲ ၃ နာရီအတွင်းတရားခံကိုမိပြီလို့ အများပြည်သူကိုသတင်းထုတ် ပြန်ခဲ့တဲ့အတွက် ကာယကံရှင်မိသားစုဖက်က အလွန်စိတ်ဓာတ်ကျခဲ့ပါတယ်။ ခုတော့ ဒီပုံစံအတိုင်းပဲ ၃ နာရီ စာအချက်အလက်နဲ့တင် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရုံးတင်စစ်ဆေးတော့မယ်လို့ တာဝန်ရှိသူတွေကပြောတဲ့ အတွက် တရားဥပဒေစိုးမိုးရေးကို အပြည့်အဝအကောင်အထည်ဖော်နိုင်ဖို့ ချိနဲ့နဲ့ဖြောင့်ချက်ကို မျက်မြင် သက်သေမပါဘဲ အားကိုးရမလိုဖြစ်နေပါပြီ။ ဘယ်လိုမှလက်မခံနိုင်ပါဘူး။”
စားသောက်ဆိုင်မှာ အချောသပ်ပြင်ဆင်ဆဲကာလဖြစ်ပြီး မကြာမီဖွင့်လှစ်နိုင်ရန်အတွက် ဝန်ထမ်းသစ်များခေါ်ယူနေချိန်ဖြစ်သည်။ မဖွင့်ရသေးသောဆိုင်တွင် မန်နေဂျာမပါ အမျိုးသမီးဝန်ထမ်း ၃ ဦးနှင့် ယောက်ျားလေးဝန်ထမ်း ၄ ဦးသာရှိပြီး ဆိုင်တွင် ကျားဆောင်၊ မဆောင်ခွဲ၍ ညအိပ်ရန်စီစဉ်ပေး ထားသလို ဝန်ထမ်းထမင်း၊ ဟင်းကိုပါချက်ပြုတ်ကျွေးမွေးသည်ဟုသိရသည်။ Toyota Wish အမျိုးအစား ကားအနက်ရောင်မှာ ဆိုင်ပိုင်ရှင်၏ကားဖြစ်ပြီး မန်နေဂျာက ဆိုင်အတွက်အသုံးပြုကာ ညဖက်တွင်အိမ်ရာ သို့မောင်းနှင် သိမ်းဆည်းလေ့ရှိသည်။ ဆိုင်သုံးရန်၊ ဈေးဝယ်ရန်၊ ဖယ်ရီပို့ရန်အတွက် သီးသန့်ကားတစ်စီး ရှိပြီး ယာဉ်မောင်းသပ်သပ်ထားရှိကြောင်း ဖြောင့်ချက်ပေးတရားခံဘားမင်းအား ကားမောင်းခွင့်မပေးသလို ၎င်းထံတွင်လိုင်စင်လည်းမရှိကြောင်းသိရသည်။
အသတ်ခံရသောမန်နေဂျာ၏ ကိုယ်ပိုင်ကား Toyota RAV-4 မှာအခင်းဖြစ်တိုက်ခန်း၏ လှေခါးအနီး အဝင်အတွက်လွယ်ကူသောနေရာမှာပင်ရပ်ထားပြီး ကားသော့ကိုသာ တရားခံကယူဆောင် လျှက် ဆိုင်ပိုင်ရှင်၏ကား Toyota Wish ကိုမောင်းနှင်ယူသွားခဲ့ခြင်းဖြစ်သည်။
တရားခံသည် အခင်းဖြစ် သည့် နိုဝင်ဘာ ၉ ရက်နေ့မှ ဖမ်းဆီးခံရသည့် နိုဝင်ဘာ ၁၅ ရက် နေ့ညအထိ ဟန်မပျက်ဆိုင်တွင်ဆက်လက် အလုပ်လုပ်မြဲဖြစ်ကြောင်းသိရကာ ရဲတပ်ဖွဲ့ကတိုက်ခန်းကို သော့ဖျက်ဝင်ရောက်နေကြောင်း လူသေအလောင်း ၃ လောင်းကိုတွေ့ရှိကြောင်း FB တွင် နိုဝင်ဘာ ၁၅ ရက်ညနေပိုင်းမှစ၍ သတင်းများအဆက်မပြတ်တက်နေသော်လည်း စိတ်ပူဟန်တစ်ချက်မှမပြဘဲ ရဲစခန်းသို့ အလွယ်တကူ လိုက်ပါလာခဲ့ကြောင်းသိရှိရသည်။ လက်ကဒဏ်ရာကိုလည်း လုပ်ဖော်ကိုင်ဖက်များအား မန်နေဂျာအားရန်ပြုသဖြင့် ဝင်ရောက်ကူညီရာမှ ရရှိခဲ့ကြောင်းပြောပြခဲ့သည်။
ဆိုင်မန်နေဂျာအပါအဝင် ဝန်ထမ်းအမျိုးသမီးတို့ ၂ ဦး တစ်ပတ်ကြာပျောက်ဆုံးနေသော် လည်း ဆိုင်ဝန်ထမ်း ၆ ဦးစလုံးက သက်ဆိုင်ရာမိသားစုဝင်များအားအကြောင်းကြားအသိပေးခြင်း တစ်စုံ တစ်ရာမပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦး မိမိနေအိမ်အခန်း တွင်းမှာပင် အသတ်ခံရသောအမှုဖြစ်သောကြောင့် ပြည်သူအများစိတ်ဝင်စားသော်လည်း တရားခံအား ၃ နာရီအတွင်းဖမ်းမိကြောင်း ရဲတပ်ဖွဲ့၏ချက်ချင်းသတင်းထုတ်ပြန်မှုကြောင့် စိတ်သက်သာရာရခဲ့သည်။ သို့ သော်လည်း တရားခံ၏ဖြောင့်ချက်တစ်ခုတည်းအပေါ်တွင် အားပြုရေးသားခဲ့သဖြင့် ဘဝင်မကျသူအများ အပြားရှိနေသည်။ အမျိုးသမီးများအတွက် ယောက်ျားသားမရှိဘဲ အိမ်တွင်နေထိုင်ရန်လုံခြုံမရှိသလို ခံစား နေရချိန်တွင် ကလေးပါမကျန်သတ်ဖြတ်ခဲ့သော လူသတ်မှုအား အမှန်အတိုင်းပေါ်ပေါက်စေရန်အားထုတ် ပြီးမှ ဥပဒေ၏အဆုံးအဖြတ်ကိုခံယူသင့်ကြောင်း သေဆုံးသူများ၏မိသားစုဝင်တို့က လိုလားလျှက်ရှိသည်။
ရန်ကုန် ဒီဇင်ဘာ ၈ ရက် ၂ဝ၁၇