ရသဆောင်းပါးစုံ

လင်းငယ်- အလင်း

အလင်း 

လင်းငယ်

(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၇
၁) 
အားလပ်ရက်တရက်နေ့ခင်းဘက် ရေချိုးနေသည်။ ရေကန်ရဲ့တဝက်လောက်ကို နေရောင်က ဖြာကျနေသည်။ ကျန်တဝက်က နေရောင်မရှိ။ နေရောင်ကျနေတဲ့အပိုင်းက ရေထဲမှာမျောနေတဲ့အမှိုက်၊ အမှုန်အမွှားလေး တွေကို အထင်းသားမြင်ရသည်။
အဲ့ဒါနဲ့ နေရောင်မကျတဲ့အရိပ်ကျတဲ့အပိုင်းကရေကို ခပ်ချိုးလိုက်မိသည်။ ချိုးပြီးလိုက်ကာမှ ကိုယ့်ဘာသာတွေးပြီးလည်း ရယ်ချင်သွား၏။ နေရောင်ရဲ့အရှိန်ကြောင့် ကိုယ့်မျက်စိထဲမှာ ကန်တခုထဲကရေကိုတပိုင်းကသန့်ပြီး တပိုင်းကမသန့်ဘူး ထင်မိနေခြင်းဖြစ်သည်။ တပြိုင်နက် ထဲမှာလည်း ဆင်ခြင်စရာတခုရသွားသည်။ နေရောင်သာမကျခဲ့ရင် ဒီရေတွေကို ရေသန့်တွေလို့ ထင်မြဲထင်နေခဲ့မှာပင်။ 
ဒီအဖြစ်မျိုးငယ်ငယ်တုန်းကလည်း ကြုံခဲ့ဖူးတာကိုသတိရသည်။ ပြတင်းပေါက်နားမှာ ထိုင်တဲ့အခါ ဖြစ်စေ၊ အိမ်ထရံပေါက်က ဖျာကျလာတဲ့အလင်းတွေကိုဖြစ်စေ ငေးကြည့်ဖူးသည်။ အလင်းတန်းတွေထဲမှာ အမှုန်အမွှားတွေ လွင့်နေတာကိုတွေ့တော့ ရှုရှိုက်မိမှာစိုးရိမ်သောကြောင့် အလင်းနဲ့ဝေးရာ ခပ်လှမ်းလှမ်းမှာ သွားနေမိသည်။ အလင်းရောင်တွေက ငါတို့အိမ် ထဲကိုဖုန်မှုန့်တွေသယ်လာသည်ဟု ကလေးအတွေးမှာထင်ခဲ့မိတာ။ တကယ်တမ်းမှာ တောရွာလေတရွာရဲ့ဖုန်ထူထူလမ်းနံဘေးက ထရံကာ သက်ငယ်မိုးအိမ်လေးထဲမှာ ကိုယ်မသိ၊ ကိုယ်သတိမထားမိဘဲ ဖုန်မှုန့်တွေက အပြည့်ရှိနေပြီးသား။

အိမ်လေးရဲ့အတွင်းဘက် လေထုထဲမှာ ဖုန်မှုန်များက အပြည့်အသိပ်ရှိနေပြီးသား။ အလင်းရောင်ထိုးလိုက်မှသာ ကိုယ့်မံသမျက်စိဖြင့် မြင်ရ ခြင်းသာ။ အလင်းကြောင့်မြင်ရတာကိုမမြင်ဘဲ အလင်းကိုအပြစ်တင်မိခြင်းဟုဆိုရလေမည်လား။ 

၂) 
တောအရပ်က လူတွေဆေးရုံလာရင် မကြာခဏ ပြောသံကြားရသည်။ ဆေးရုံကို မရောက်ချင်ဘူး။ ဆေးရုံရောက်မှ ရောဂါတွေပိုဆိုးကုန်တာဆိုတာမျိုး မကြာခဏကြားရဖူးသည်။ ဒီတော့ မထူးဆန်းစွာဘဲ သက်ဆိုင်ရာ ကျန်းမာရေးဝန်းထမ်းများက လိုအပ်လို့သူတို့ကို ဆေးရုံဆေးခန်းမှာ စစ်ဆေးတာတွေလုပ်ရန်စေလွှတ်လျှင် မသွားချင်ကြပေ။
အဲ့သည်ထဲမှာ ကြီးတော်တယောက်က တော်တော်ဆိုးတာကို မှတ်မိနေတာသည်။ သူ့ဆီမှာလည်း ပါးစပ်ရာဇဝင်တွေ အစုံရှိသည်။
ရွာတောင်ပိုင်းက ဘယ်သူပေါ့။ လူကဖြင့် အကောင်းကြီး။ ဆေးရုံရောက်မှ ကင်ဆာဖြစ်တာတဲ့။ ဦးဘယ်သူဆိုလည်း ကျန်းမာတာမှ ဒေါင် ဒေါင်မြည်ပဲ။ ဆေးခန်းက ဆရာလေးဆီရောက်မှ သွေးတိုးနေသတဲ့။ ဆီးချိုလည်း ဖြစ်နေသတဲ့။ ဒီလိုဇာတ်လမ်းတွေ မရိုးနိုင်အောင် သူ့ဆီ က ကြားရသည်။ သူက ပြောတတ်သေးသည်။ 

ခုခေတ်ကြီးကလည်း ခေတ်ပျက်ကြီးကိုး ရောဂါဘယတွေကလည်း ပေါမှပေါ။ ၉၆ ပါးတောင် မကတော့ပါဘူး။ ဆေးရုံတွေကို သွားကိုမသွားချင်ဘူး။ စိတ်ဆင်းရဲလွန်းလို့ဆိုတာလည်း ပါသေး။ သူပြောတာကို နားထောင်ပြီး ရယ်လည်းရယ်ချင် သနားလည်းသနားရသည်။ ကိုယ်တတ်အားသမျှ ကြုံသလိုရှင်းပြရသည်။ ကြီးတော်ရယ်မဟုတ်ပါဘူး။ အရင်ကလည်း လူတွေရောဂါဖြစ်ကြပါတယ်။ 

လူတွေရောဂါဖြစ်နေပြီးသားပါ။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လက်လှမ်းမီလာတာ၊ ဆေးဝါးတွေကောင်းလာတာ၊ ခေတ်မီစက်ကိရိယာတွေ ပေါလာတာကြောင့် အရင်ကလူတွေမသိတဲ့ရောဂါတွေကို ဖော်ထုတ်ကုသလာနိုင် တာပါလို့ ပြောလည်းနားမလည်ပါ။ လက်မခံပါ။ သူ့ဆီကိုတော့ ကိုယ်ပေးတဲ့အလင်းရောင်က ရောက်ဟန်မတူ။
၃)
ပြတင်းတံခါးဖွင့်ကာ ခေတ်တခေတ်ပြောင်းတိုင်း၊ပိုမိုပွင့်လင်းလာတိုင်း ပြဿနာတွေ ပိုတွေ့ရတတ်သည်မှာ သဘာဝတခုပင်ဖြစ်သည်။
အရင်က မရှိပါဘူးကောင်းပါတယ်လုပ်ထားသမျှ သေချာအလင်းကောင်းကောင်းနဲ့ကြည့်မှ ပြဿနာပေါင်းသောင်းခြောက်ထောင် ဖြစ်နေ သည်ကို မြင်လာရသည်။
အရင်က ဆောက်ချင်သလို စိတ်ထင်တိုင်းဆောက်ခဲ့သမျှ လမ်းများတံတားများ သည် အရည်အသွေးမမီသည်ကို ပွင့်လင်းလာမှသိရသည်။ အရင်က ဖမ်းချင်သလိုဖမ်းထောင်ချတတ်သည်ကို ဘယ်ပုဒ်မနဲ့ဖမ်းဆီးခံရတာ လူဘယ်နှစ်ယောက်ရှိပြီး တိတိကျကျရေတွက်ဝေဖန်လာနိုင်သည်။ အစိုးရမင်းတို့၏အားနည်းချက်များကို မကွယ်မဝှက် ထောက်ပြလာနိုင် သည်။ 

သို့သော်လည်း မင်းတို့လိုချင်လှချည့်ရဲ့ ဒီမိုကရေစီဆို။ အခုကြည့်လေ ပြဿနာ ပေါင်းသောင်းခြောက်ထောင်။ အရင်ကဆိုနားအေးပါးအေးပဲ။ ဘာသံမှမကြားရဘူး။ နဂိုရှိရင်းစွဲ ပြဿနာထက် အလင်းရောင်ရလာခြင်းကို အပြစ်တင်မည့်သူတွေကလည်းမနည်းမနော။ အရင်တုန်းက ဒီလောက်အေးချမ်းသာယာနေတာကွာ။ ဆန္ဒပြတယ်ဆိုတာ ကြားတောင်မကြား ဖူးဘူး။ အခုများပြလိုက်ရတဲ့ဆန္ဒတွေ ခဏခဏ။ အရင်သူကြီးတုန်းက အေးဆေးပဲ။ အခု သူကြီးကျမှအရှုပ်တွေမနည်းဘူးဆိုသည့်သူကြီး
ဟောင်းတမ်းတဖော်များကလည်း တပုံတပင်ဖြစ်သည်။ အမှောင်ထဲတွင် နေသားကျလာသူများအတွက် အလင်းရောင်၏ဒဏ်ကို မခံနိုင်ကြ ခြင်းများလေလား။ 
၎)
လူတယောက်မှာရော ပိုပြီး အလင်းရောင်ရသွားခဲ့ရင်၊ ဉာဏ်အဆင့်မြင့်သွားခဲ့ရင် ကြည်လင်နေသည့် ရေထဲမှာပဲ ရှုပ်ထွေပွေလီနေသောအညစ်အကြေးများကို မြင်လာပေသည်။ ထို့အတူ သာမာန်လူတယောက်အတွက် ပြဿနာဟုမမြင်နိုင်သည်ကို ပညာရှင်တယောက်၏ ပညာမျက်စိဖြင့်မှု ပြဿနာအကြီးကြီးဖြစ်မည်။ မိုက်ကရိုစကုတ်ဖြင့် ကြည့်ခြင်းလိုပင်
ဖြစ်နေမည်။ သာမာန်လူ၏အမြင်တွင် ရောဂါသေးသေးလေးသည် အသက်ကိုပင်နှုတ်ယူနိုင်သော အပြစ်အနာအဆာ ဖြစ်နေတတ်သည်။ လူတယောက် အသတ်ခံရသည်။ 

သာမာန်လူအတွက်တော့ သာမာန်လူသတ်မှု။ သို့သော် နောက်ဆက်တွဲဂယက်များ ကိုတွက်ချက်တတ်သူအဖို့၊ နောက်ခံအကြောင်းရင်းကိုမြင်ကာ ဆင်ခြင်တတ်သူအဖို့တိုင်းပြည်အတွက် လုပ်ကြံမှုတခုအဖြစ် မြင်ကောင်းမြင် နိုင်မည်။ ဒီမိုကရေစီဆိုသည့် လူအများ၏အမြင်ကိုအားပြုသည့်စနစ်တရပ်တွင် အလင်းရောင်ထွန်းပြနိုင်မည့် ပညာမျက်စိရှိသူများဆိတ်သုဉ်း နေခဲ့လျှင်တော့ ရှေ့တိုးနိုင်မည့်ခြေလှမ်းများ ဆုတ်ယုတ်နေမည်ထင်၏။
ပြဿနာများကိုဖြေရှင်း၍ အနာဂတ်တည်ဆောက်ရာတွင် ပညာရှင်များ၏အား၊ ပညာ၏အားကို အထူးကိုးစားသင့်နိုင်ရန် ပညာရှင်တွေကိုမွေးထုတ်နိုင်စေကြောင်း မှောင်ဆဲသန်းခြောက်ဆယ်အတွက် တွေးပူဆုတောင်းမိ ၏။ သို့သော်ငြား မြင်သူများက ပြသသည်ကိုမမြင်ဘဲ ပြသသူကိုသာမြင်လျက် ဝေဖန်ကဲ့ရဲ့အပြစ်စကားဆိုတတ်ခြင်းတတ်ကြခြင်း၊ မြင်၍
ပြသသူကိုမလို ငါပြသည်ကိုသာ မြင်စေလိုတတ်ခြင်းများကိုလည်း လူ့သဘောလူ့မနောဟုတင်ကြိုမြင်ကာ ပြင်ဆင်ရမည်ကလည်း အသေ အချာ။

စာပြီး။ ။3rd Feb 2017: 2:30 pm @STW


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts