ကဗျာ

ခိုင်ကြည်သစ် – ဆိုလူကောတပ်ဖ်

Art – Than Htay Maung

ခိုင်ကြည်သစ် – ဆိုလူကောတပ်ဖ်
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၇

(၁)

ဆိုလူကောတပ်ဖ်
အသက်ကယ်ဆေးတဲ့
ရင်ကျပ်သည်အမေအတွက်
သည်ကလေးမဟာ
အသက်ရှူမဝတာ ကြာပြီ။

(၂)

ကျန်းမာခြင်းဟာ လာဘ်တစ်ပါး တဲ့
ငွေရှိမှ အသက်ရှင်မယ်လို့ တည့်တည့်ပြောပါလား
ဆိုလူကောတပ်ဖ်ဖိုးအတွက်
သည်ကလေးမဟာ
ကျောင်းထွက်ပြီး အလုပ်တက်ခဲ့ရတယ်

(၃)

၈၈ မှာ အာဏာသိမ်းတာ
အထည်ချုပ်စက်ရုံ အလုပ်သမတွေ မဟုတ်ဘူး
ဒါပေမယ့် အရေးယူပိတ်ဆို့မှုမှာ
သူတို့ ဒူးထောက်အရှုံးပေးလိုက်ရတယ်။
လျှပ်စစ်မီးမလုံလောက်တာလည်း သူတို့နဲ့ မဆိုင်ဘူး
စက်ရုံကပြန်ရောက်မှ
မှိန်ဖျော့တဲ့ ဖယောင်းတိုင်အလင်းအောက်မှာ
ထင်းချောင်းချိုးပြီး ထမင်းချက်ရတာ။

ဆိုလူကောတပ်ဖ်ဖိုးအတွက်
သည်ကလေးမဟာ
ညအမှောင်အောက်မှာ နှုတ်ခမ်းနီတွေ အရောင်တောက်ခဲ့ရတယ်။
နာမည်လှလှလေးတွေ ခဏခဏပြောင်းတယ်။

(၄)

သည်ကလေးမလေး
အသွေးအသားတွေပေးပြီး ဝယ်လာခဲ့တဲ့
နောက်ဆုံး ဆိုလူကောတပ်ဖ်
အမေ့ထွက်သက်ကို မမီလိုက်ဘူး။
အသက်ကယ်ဆေးတစ်ပုလင်းဟာ
သေသွားတဲ့လူတစ်ယောက်အတွက်တော့ အပိုပဲမဟုတ်လား။

ကလေးမလေးကပြောတယ်။
“ဆရာဝန်ကြီးရှင့်
အမောဖောက်နေတဲ့ ဆေးရုံအိုကြီးကို
ဆိုလူကောတပ်ဖ် ထိုးပေးပါ။

အသက်ထွက်လုနီးပါး ကိုယ်ချင်းစာတရားကို
ဆိုလူကောတပ်ဖ် ထိုးပေးပါ။

အသက်ရှူသံမမှန်တော့တဲ့ စီးပွားရေးကို
ဆိုလူကောတပ်ဖ် ထိုးပေးပါ။

သေလုမျောပါး ကိုယ်ကျင့်တရားကို
ဆိုလူကောတပ်ဖ် ထိုးပေးပါ။

ဆရာဝန်ကြီးရှင့်
ပိုနေတဲ့ အသက်ကယ်ဆေး
နိုင်ငံတော်ကြီးကို ထိုးပေးပါ။”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts