ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● ဘာမှ မတတ်နိုင်ဘူး

ဆောင်းယွန်းလ ● ဘာမှ မတတ်နိုင်ဘူး
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၇

ကိုယ်က စစ်မကြေညာရပဲ
သူ့တောင်ကုန်း သူပြန်တက်သိမ်းတာ
ကိုယ်လည်း ဘာမှမတတ်နိုင်ခဲ့ဘူး

ကိုယ်က မမုန်းမိပဲ
သူက မပြုံးနိုင် မပျော်နိုင်ဖြစ်နေရတာ
ကိုယ်လည်း ဘာမှမတတ်နိုင်ခဲ့ဘူး

ကိုယ်လဲရင် ကိုယ်ထူ
ကိုယ်ထူမှ ကိုယ်ထနိုင်မယ့် ဘဝတွေထဲ
သူ့အဝတ်သူ တနေ့ဘယ်နှစ်ခါပဲလဲလဲ
သူ့အဝတ်သူ ဘယ်လောက်ထူထူထဲထဲဝတ်ဝတ်
ကိုယ့်အပူ တပြားသားမျှမဖြစ်မိဘူး

ပြောရင်းဆိုရင်း
အိမ့်အပြင်မှာ
လေတွေက တဟူးဟူးတရှဲရှဲတိုက်လို့
ကိုယ်မစိုက်ပဲ ကြီးထွားနေတဲ့အပင်တွေရဲ့
လေထဲ ယိမ်းထိုးနေပုံကိုကြည့်ရင်း
ကိုယ်လည်း ဘာမှမတတ်နိုင်ခဲ့ဘူး

ဘာမှမတတ်နိုင်တော့လည်း
သူ့အမှား ကိုယ့်အမှားထဲ
တရားကိုမျှားရင်း တရားနဲ့ဖြေနေလိုက်ရုံသာ။

ဆောင်းယွန်းလ
(နိုဝင်ဘာ ၂၈ ရက်၊ ၂၀၁၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts