ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) လူများ၊ ရုပ်ပုံလွှာများ

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) – သာသနာပြုသစ်ပင်ကြီး ပြိုလဲလေပြီ

 

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) – သာသနာပြုသစ်ပင်ကြီး ပြိုလဲလေပြီ
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၇

မကြာလှသေးဘူး ၂၀၁၆-ဂျူလိုင်လလောက်ကမှ မလေးရှားနိုင်ငံ ပီနန်မြို့ရောက်တော့ ဆရာတော်ကြီးထံ
ဓမ္မရနံ့,ဓမ္မဂင်္ဂါတို့နဲ့အတူ ဖူးမြော်ရောက်ခဲ့တာ… အဲဒီတုန်းက ဆရာတော်ဟာ သက်တော်နဲ့မမျှ
ဖျတ်လတ်နေဆဲ၊ လမ်းလျှောက်မှန်ဆဲ … “ဒီပုံဆို ရာပြည့်ပွဲထိ သက်တော်ရှည်နိုင်တယ်”လို့တောင်
ထင်ခဲ့မိတယ်။သွားလာလှုပ်ရှားမှုသာမဟုတ် ပြောဆိုရာမှာလဲ ဖျတ်လတ်လန်းဆန်းဆဲပါ၊ သံဃာ့ဥသျှောင်လှုပ်ရှားမှုများနဲ့ပတ်သက်လို့- “အစိုးရကို ပြည်သူအထင်သေးအောင် လုပ်ခဲ့တာ မဟုတ်ဘူး၊ ပြည်သူအထင်သေးစရာတွေကို သူတို့ဘက်က အချိန်မီ ပြုပြင်လာစေချင်လို့ ဒို့ကလုပ်ပေးနေတာ”လို့ အစချီပြီး သူ့သဘောထားများကို ပြောပြပါတယ်။

“နိုင်ငံခြား သာသနာပြုရာမှာ ကိုယ်က အလှူခံတာမျိုး မကြိုက်ဘူး၊ သူများလှူချင်လာအောင် ကိုယ်က လုပ်ပြရမယ်၊ ရဟန်းက ရဟန်းအလုပ် လုပ်နေရင် ဘိဇနက်စ်ကိစ္စ အလိုလိုပြီးတယ်ကွ.! တခြားဘိဇနက်စ်လုပ်ပြီး စီးပွားရှာနေဖို့မလိုဘူး.! သူ့တို့စေတနာနဲ့ လှူလာတဲ့ပစ္စည်းမျိုးသုံးရတာ ရဟန်းတွေအတွက် သိက္ခာရှိတယ်၊
ဒကာ ဒကာာမကို ကပ်ဖားရပ်ဖားချွဲပြီးအလှူခံတဲ့ပစ္စည်းတွေနဲ့ ပျော်မွေ့နေတာဟာ ငပေါပဲကွ.! အလကား..
အရှက်နဲတဲ့အလုပ်တွေ..”လို့ ဘွင်းဘွင်းကြီးမိန့်လိုက်ထာ ရင်ထဲငြိကျန်ခဲ့တယ်။

သိကြားမှတ်သားဖူးသလောက် ဆရာတော်ဟာ ခက်ခဲတဲ့အချိန်ကာလတွေမှာ နိုင်ငံခြားသာသနာပြုအဖြစ်
ခက်ခဲသလောက် ပင်ပန်းဆင်းရဲခံပြီးရောက်ရှိခဲ့တာပါ။ ဒီအကြောင်းတွေကိုလဲ သိသင့်တာလေးတွေ
ကြားဖြတ်ထုံ့ပိုင်း ပြန်ပြောပြတယ်၊ ဇွဲနဲ့ ခံနိုင်ရည်မှာ အံ့သြလောက်တဲ့ဆရာတော်ကြီးပါ..

“သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း”ဆိုသလိုပဲ ဆရာတော်ဟာ နိုင်ငံခြားသာသနာပြု သစ်ပင်ကြီး
တစ်ပင်ပါပဲ၊ ဆရာတော်အရိပ်ခိုလှုံခွင့်ရပြီး စင်္ကာပူ,မလေးရှား,သြစတြေးလျား,အမေရိကန်စသည်မှာ အခြေချ သာသနာပြုကြတဲ့တပည့်တွေ မနဲလှပါဘူး..

ခုတော့- သစ်ပင်ကြီး ပြိုလဲခဲ့လေပြီ. သူလျှောက်ဆဲခရီးစဉ်ရပ်နားသွားပေမယ့် သူဖေါက်ခဲ့တဲ့လမ်းကတော့ ဖုန်သည်ထက်ဖုန်လျက်ပါ၊ သူ့လမ်းကိုလျှောက်သူတိုင်းကလဲ လမ်းဖေါက်သူကို မေ့ကြမယ်မထင်ပါဘူး..

သာသနာပြုလမ်း ဖုန်သည်ထက်ဖုန်အောင် လှမ်းနိုင်ကြပါစေ..

မလေးရှား,ပီနန်ဆရာတော်ဘုရားကြီးကို ဦးခိုက်ပူဇော်ရင်း…. ပြုသမျှကုသိုလ်များနဲ့လဲ ဓမ္မပူဇာအဖြစ်
အမျှပေးဝေပူဇော်လိုက်ပါတယ်..

ဆရာတော်..နှစ်ဝနတ်နား ကြားသိနိုင်ပါစေ..

မြင်,ကြား,တွေ့ တပည့် ဓမ္မဘေရီ…ဝီရိယ

၂၄.၁၁.၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts