ရုပ်ရှင်ခံစားမှု

ဇာဂနာ – Can’t help falling in love

 


ဇာဂနာ – Can’t help falling in love

(ဇာဂနာ့ ဖေ့စ်ဘွတ်) မိုးမခ၊ နိုဝင်ဘာ ၁၀၊ ၂၀၁၇
လူတစ်ယောက်ကို ချစ်ဖူးလား။ ဒါမှမဟုတ် လူတစ်ယောက်ချစ်တာခံဖူးလား။ဂက်ဘရီယာလ် လို့ ခေါ်တဲ့  ဂက်ဘ် က ဒေါ်စ် ကို မေးလိုက်တာပါ။ဒေါ်စ် ဟာ ပျော်ပျော်နေတတ်သူ လူငယ်လူချောလေးတစ်ယောက်ပါ။ဘယ်တော့မှ လက်မထပ်ဘူး လို့ ဆုံးဖြတ်ထားသူတစ်ယောက်။
ဂက်ဘ် က မကြာခင် ဂျေဆင် နဲ့လက်ထပ်ဖို့ လက်ထပ်လက်စွပ်လဲပြီးသားပါ။ဂျေဆင် ဟာ အလုပ်ကြိုးစားသူ၊ဘ၀ တက်လမ်း အများကြီးရှိသူ၊လက်ရှိ အမေရိကားမှာ အလုပ်လုပ်နေသူ၊သူတို့ ၂ယောက် လက်ထပ်ပြီးရင် ဂက်ဘ် ကို နယူး ယောက်ခေါ်သွားဖို့ ထိ ပြင်ဆင်ထားသူပေါ့။

အကုသိုလ်က ၀င်ချင်တော့ လွန်ခဲ့တဲ့ တစ်နှစ်က အဖြစ်အပျက် တစ်ခု ဟာ ဖေဖော်ဝါရီလ (၈) ရက်နေ့ လဲ ရောက်ရော ဂက်ဘ် ကိုတံခါးလာခေါက်ပါတော့တယ်။မနှစ်က ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ရှစ်ရက်နေ့ညမှာ ဂက်ဘ် ပါတီ ပွဲ တစ်ခုတက်တယ်။အရက်တွေ အများကြီးသောက်ပြီး မူးခဲ့တယ်။အိမ်သာမှားတက်တယ်။အိမ်သာမှာ ဒေါ်စ် နဲ့တွေ့ပြီး အဖွဲ့ ကျသွားခဲ့ပါလေရော။အဲဒီညမှာပဲ ဂက်ဘ် နဲ့ ဒေါ်စ် လက်ထပ်လက်မှတ်ထိုးခဲ့ကြတယ်။အသိသက်သေ က မြို့တော်ဝန် လူးဝစ် နဲ့အဖွဲ့။ ခု တော့ ဂက်ဘ် အကုန်မှတ်မိပြီ။ဘယ်လိုလုပ်မလဲ။ဒီမှာ ဂျေဆန် နဲ့လက်ထပ်ရတော့မယ်။ဖိလစ်ပိုင်တရားဥပဒေ အရ လက်ထပ်တာ မခက်ဖူး။ကွာရှင်းရတာခက်တယ်။ ဂက်ဘ် က ဒေါ်စ် ဆီ ကို အရောက်သွားပြီး သူ့ကို ကွာရှင်းဖို့ သွားပြောလေတယ်။ဖြစ်ချင်တော့ မြို့တော်ဝန်လူးဝစ် ကွယ်လွန်တဲ့ အထိမ်းအမှတ်ပွဲ ထဲကို ဒေါ်စ် ရောက်နေတာလေ။

သူတို့နှစ်ယောက်အတွက် သက်သေကမရှိတော့ဖူး။မူးနေလို့ အပျော်လုပ်ကြတာပါလို့ ပြောရအောင် ကားတိုက်မှုဖြစ်ပြီး လူးဝစ်တို့အဖွဲ့ က သေဆုံးကုန်ပြီ။နီလိုတစ်ယောက်ပဲ ကျန်နေတယ်။ဒါပေမဲ့ နီလို ပျောက်နေတယ်လေ။

ဇာတ်က ဒီနေရာက စ ရှုတ်တော့တာပါပဲ။သူတို့ ၂ယောက် ကွဲလို့ ကွာလို့ ရနိုင်တဲ့နည်းလမ်းတွေကိုရှေ့နေ က အကြ့ပေးတယ်။သူတို့နည်းမျိုးစုံ စမ်း သပ်တယ်။ပြသနာပေါင်းသောင်းခြောက်ထောင်တက်လိုက်တာ။ဂက်ဘ် ဖြစ်ချင်တာ လိုက်လုပ်ပေးရင်း ဒေါ်စ်လဲ အချုပ်ခန်းထဲတောင် ရောက်ရရှာလေရဲ့ ။တော်တော် လဲကတ်သီးကတ်သတ် တွေးနိုင်ကြသူတွေပါ။ရီ ကို ရီနေရတာ ပါပဲ။

နောက်တော့နီလို ရှိနေတဲ့နေရာကို သိလိုက်ရပြီ။စီဘူးမှာတဲ့။ဒေါ်စ်က ဂက်ဘ်ကိုပါရမီဖြည့်ပေးရှာတယ်။တဖြေးဖြေးနဲ့ သူတို့ နှစ်ယောက်ကြားက သံယောဇဉ်ဟာ တိုးလာတယ်။ခိုင်လာတယ်။မြဲလာတယ်။
—————————————————————————-

ကိုယ့်လက်ကလေး ကိုင်ထားပေးပါ
ကိုယ့်ဘ၀ကို သိမ်းပိုက်လိုက်ပါ။
မင်းကိုမချစ်ရရင် မနေနိုင်လို့ ပါ။ကမ်းခြေက စားသောက်ဆိုင်မှာ ဒေါ်စ် ဟာ စင်ပေါ်တက်ပြီး ဂက်ဘ် အတွက် အဲလ်ဗစ် ပရက်စလေ ရဲ့ သီချင်းလေး ကိုဆိုပြတယ်။သူတို့နှစ်ယောက်ချစ်သွားတော့မယ်လို့  ထင်နေတုန်း ဂျေဆန် ရဲ့ လက်ထပ်ပွဲကိုယ်စားလှယ် ကရောက်လာတယ်။သူတို့နှစ်ယောက်အခြေအနေကိုရိပ်စားမိသွားတယ်။

ဒီမှာတင် သုံးပွင့်ဆိုင်အချစ်က စပါတော့တယ်။တစ်ခါ ဒေါ်စ်မှာ ဦးနှောက်သွေးပိတ် တဲ့ရောဂါအခံ ရှိနေလေတော့ မကြာ မကြာ သတိလစ်လေ့ရှိပါတယ်။သူနဲ့ ဂက်ဘ် ဒီဘ၀မှာ မပေါင်းရတော့ဘူးဆိုရင်ဆိုတဲ့ အသိက သူ့ ကို မြေပြင်ပေါ် ဘုန်းဘုန်းလဲစေခဲ့တယ်။

ဂျေဆန်ကလဲ မနီလာ ကိုပြန်လာတယ်။သူနဲ့လက်ထပ်ရမဲ့မိန်းကလေး ဟာ တခြားယောကျာင်္းတစ်ယောက်နဲ့ မနှစ်က အပျော်သဘော လက်ထပ်ထားတာပါကလား။ဒီလောက်ပေါ့ပျက်ပျက် နိုင်တဲ့မိန်းမ မတွေ့ဖူးဘူး ဆိုပဲ။

ဂက်ဘ် ဘယ်လို ဆုံးဖြတ်မလဲ။
ဂျေဆန်လား၊ဒေါ်စ်လား။
ဘ၀မှာ လေးနက်ချင်သူလား။ပျော်ပျော်ဖြတ်သန်းချင်သူလား။
တစ်လျောက်လုံး ပျော်ပျော်နေလာခဲ့တဲ့ မိန်းကလေးဟာ ခုမှ မျက်ရည်စတွေနဲ့ရယ်။

ထင်မှတ်မထားတဲ့ ဇာတ်သိမ်းအလှည့်လေး က Can’t help falling in love ရဲ့ အသက်ပါ။ကက်သရင်းဘာနဒိုး ဟာ ခုမှ အသက် ၂၁ နှစ်ပဲရှိပါသေးတယ်။Way back home မှာ ညီမ အန်နာ အဖြစ် သရုပ်ဆောင်တုန်း က ၁၅ နှစ်ပေါ့။မနှစ်ကလဲ ဒေါ်စ် နေရာကသရုပ်ဆောင် တဲ့ ဒင်နီယဲလ် နဲ့ ဘာစီလိုနာ ကားက အကြီးအကျယ် အောင်မြင်ခဲ့သလို ဒီနှစ်အတွက် လဲ ဒီရုပ်ရှင်ဟာ သရဖူးဆောင်းနေပါတယ်။

မြန်မာပြည်က DOPတွေ လေ့လာစေချင်တာက အလင်းအမှောင်၊မှန်ဘီလူးရွေးချယ် အသုံးပြုမှု၊ အရုပ် အကျပ်တွေရဲ့ အားတွေကိုပါ။Coloristတွေ အနေနဲ့လဲ သရုပ်ဆောင် ၂ယောက်ထဲကို ကာလာ ရဲ့ ဖမ်းစားမှု ဘယ်လို ပညာ ပြသွားလဲဆိုတာ အတုယူစေချင်ပါတယ်။အထူးကောင်းမွန်တာက နောက်ခံတေးဂိတပါ။

အရှေ့တောင်အာရှ မှာ မြန်မာ ကို တဖြေးဖြေးကျော်တက်ကုန်ကြတာ ကိုယ့်အောက် တီမော လောက်ကျန်ပါတော့တယ်။ထိုင်း၊မလေးရှား၊စင်ကာပူ၊ဖိလစ်ပိုင်တွေ မြန်မာ့ရုပ်ရှင်ဈေးကွက်ကို ဖဲ့ယူနေပါပြီ။ဒါကို သတိကြီးစွာ ပြုဖို့ ကောင်းပါတယ်။

ရိုးရိုးနဲ့ မှန်တာကို ၀န်ခံရရင် ကျွန်တော်ပင်လျင် ဖိလစ်ပိုင် ရုပ်ရှင်တွေနဲ့ ညိတွယ် နေပါပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts