မောင်စွမ်းရည် – ကြိမ်လုံး
(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၇
”ကြိမ်လုံး”ဆိုတဲ့ စကားကိုကြားရင် ငယ်ကြောက်မို့ ကြားတိုင်း ကြက်သီးထဆဲပါပဲ။ ကြိမ်လုံးသံကြားရင် နှလုံးတုန်ရင်ခုန်ရပါတယ်။ ကျွန်တော်ငယ်စဉ် ကျောင်းသားဘဝတုန်းက စာမရလို့၊ အိမ်စာ မလုပ်လို့ဆိုပြီး အရိုက်ခံရခံပါတယ်။ ဆော့လို့တော့ အရိုက်ခံရဖူး ပါရဲ့။ ဒါတောင် ရှားရှားပါးပါး၊ မှတ်မှတ်ရရ တစ်ကြိမ်တည်းပါ။ ကြိမ်လုံးနဲ့ လက်ဝါးကိုရိုက်တာပါ။ ဘယ်နေရာရိုက်ရိုက် ကိုယ့် အသားထိတော့ တယ်နာသကိုး။
ကျွန်တော့်ဘဝမှာ မမျှော်လင့်ဘဲ မလုပ်ချင်ဘဲ ကျောင်းဆရာ ဖြစ်ခဲ့ရတာ ဘဝတစ်လျှောက်လုံးပဲဆိုပါတော့။ ”လူပေါင်းမှား”လို့ ပဲ ပြောရတော့မှာပါ။ ကိုယ်ပေါင်းမိတူတွေက ကျောင်းဆရာတွေ များပါတယ်။ တချို့က ကျောင်းဆရာဖြစ်ချင်လို့ ဖြစ်တာမဟုတ်ဘဲ အစိုးရအလုပ်မလုပ်ချင်လို့ ”ကျူရှင်ပြရင်းက ပြည်သူပိုင်သိမ်းတဲ့ အထဲ ပါသွားလို့”အစိုးရကျောင်းဆရာဖြစ်သွားကြရတာပါ။ ကျွန်တော်အပေါင်းအသင်းတွေထဲမှာ အရင်းနှီးဆုံးဖြစ်တဲ့ ကိုသာနိုး၊ ဂုဏ်ထူးသိန်းနိုင်၊ တင်မိုး၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ ညွှန့်အေး (အင်းဝ)၊ ကိုညိုကြီးစတဲ့ သူငယ်ချင်းတွေက ကျောင်းဆရာတွေ ချည်းပါ။ ကျွန်တော်က အာဝဇ္ဇာန်းမကောင်းလို့ ကျောင်းဆရာ မလုပ် ချင်ပေမဲ့ သူတို့နဲ့ပေါင်းတာနဲ့ ဒရွတ်ဆွဲပြီး ကျူရှင်ဆရာလုပ်ရင်း ပြည်သူပိုင်သိမ်းခံရတော့ အစိုးရကျောင်းဆရာဖြစ်သွားခဲ့တာ ပင်စင်ယူတော့မှပဲ လက်စသတ်တော့တာပါ။ ဒါတောင် ဆက်ပြီး စာပြ တုန်း။ ပြောချင်တာက ကျွန်တော်ကျောင်းဆရာလုပ်တဲ့အကြောင်း မဟုတ်ပါ။ ”ကြိမ်လုံး”အကြောင်းပါ။ ကျောင်းဆရာကိုင်တဲ့ကြိမ်လုံး ကို သတိရမိလို့၊ ကြိမ်လုံးကိုင်တဲ့ ကျောင်းဆရာအကြောင်းရောက် သွားရတာပါ။
ခုအခါ ဖေ့စ်ဘုတ်တွေ ခေတ်စားတော့ တစ်ကမ္ဘာလုံးနဲ့ အဆက်အသွယ်ရလာတယ်။ ဒီကြားထဲမှာ မန္တလေးက စာရေး ဆရာသိုက်ထွန်းသက် ပါလာခဲ့ပါတယ်။ သူက ကျွန်တော် ကျောင်း ဆရာလုပ်တုန်းက ရင်းနှီးတဲ့တပည့်ဟောင်းတစ်ယောက်ပါ။ သူ့မြင်ရင် ကျွန်တော်စိတ်မလုံလှပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို စာမေးလို့မရရင်၊ ဆော့ရင် ကျွန်တော်က ကြိမ်လုံးစာကျွေးခဲ့ဖူးလို့ ပါ။ ကြိမ်လုံးနဲ့ရော ဝါးခြမ်းပြားနဲ့ရော၊ လက်ဝါးနဲ့ရော လက်နက်စုံ သုံးခဲ့တာပါ။ တစ်ခါတစ်ရံ ကြိမ်လုံးမပါရင် နပန်မွေးဆွဲမခြင်း၊ ဗိုက်ခေါက်လိမ်ဆွဲခြင်းများလည်း လုပ်တတ်ပါတယ်။ ဒီလိုလုပ်တာ တွေဟာ တကယ်တော့ လူသားချင်းနှိပ်စက်ညှဉ်းပန်းမှုတွေပါပဲ။ ဒီလိုရိုက်ခဲ့တာတွေကို ခုတော့ဖြင့် ရှက်စရာလို့ မြင်လာခဲ့ပါပြီ။
ကျွန်တော် ကျောင်းသားဘဝမှာ စာတော်တဲ့ကျောင်းသားဖြစ်ခဲ့လို့ အရိုက်ခံရခဲတယ်။ စာမရတဲ့ ကလေးတွေကို ဒီလောက်ညံ့ရ မလားဆိုပြီး ကိုယ်ချင်းမစာတတ်ဘဲ ရိုက်ပုတ်ကြိမ်းမောင်းချင်ပါ တယ်။ တချို့ကလေးတွေက ဉာဏ်ထိုင်းလို့ပါ။ တချို့က စာကျက် ချိန်ကိုမရရှာလို့ပါ။ မိဘကို ကူညီနေရရှာလို့ပါ။ ပျင်းတဲ့ကလေးနဲ့ ဖျင်းတဲ့ကလေးတွေကို ဆရာက ဘယ်သူဘယ်လိုဆိုတာ ခွဲခြားသိ ပါတယ်။ ကျွန်တော်က အရိုက်ဝါသနာပါလို့ တခြားဆရာ၊ ဆရာမ တွေက ရိုက်ရမှာဝန်လေးနေရင် ဝင်ပြီး ”ကျွန်တော် အငှားရိုက်ပေးမယ်လို့”လုပ်တတ်သေးတာပါ။
ကျွန်တော်က မျက်နှာလိုက်တယ်လို့ အထင်ခံရမှာလဲ စိုးပါ တယ်။ တစ်ခါက ကျွန်တော့် သားငယ်ဟာ ဆရာမစာသင်ချိန်မှာ နောက်တန်းကထိုင်ပြီး သူငယ်ချင်နဲ့ ဆော့နေတယ်။ ဆရာမ စာ သင်တာ နားမထောင်ဘူး။ ကျားထိုးနေတာ ထင်ပါရဲ့။ ကျွန်တော် ဖြတ်သွားရင်း မြင်လိုက်မိတော့ ဆရာမကိုခွင့်တောင်းပြီး အတန်းထဲမှာပဲ ကြိမ်နဲ့ဆော်ခဲ့ပါတယ်။ စံပြပေါ့လေ။ အိမ်ကျတော့ သူ့အမေက တွေ့ပြီး မျက်ရည်ကျတယ်။ ခြေသလုံးမှာ ကြိမ်ဒဏ်ရာအလျှိုး အစင်းတွေ သွေးစို့ပြီး နီရဲနေတာပါပဲ။ ရိုက်တုန်းကတော့ ဒေါသနဲ့ မို့ပါ။ ပြီးတော့မှ နောင်တရပါတယ်။ ဒီနေ့ထိ စိတ်မကောင်းပါ။ သားနဲ့တပည့်များက မေ့သွားကောင်းမေ့သွားမှာပါ။ ကျွန်တော် မမေ့နိုင်။
ဒီလိုဘာဖြစ်လို့ ရိုက်ရသလဲပြန်စဉ်းစားတော့ ”အတုမြင် အတတ်သင်”ဆိုသလို ဖြစ်မယ်ထင်ပါတယ်။ ကိုယ့်ဆရာတွေကို မတော်မတရားပြောတာတော့မဟုတ်ပါ။ ကိုယ်စာသင်ယူတန်းက ကိုယ့်ရှေ့မှာ ဆရာ၊ ဆရာမများက ရိုက်ကြတာကို မြင်နေကျ ဖြစ်နေခဲ့လို့ထင်ပါတယ်။ တချို့ဆရာများက အတော်ရက်စက်ပြီး တချို့က ဟန်ပြလောက်ပါပဲ။ ဟန်ပြရိုက်တဲ့ ဆရာများကို တပည့်များကလည်း မလေးစားကြပါ။
”ကြိမ်မစွတ်ရင် တပည့်ပျက်တတ်”သတဲ့။ ကြိမ်နဲ့မရိုက်ရင် တပည့်မိုက်တတ်သတဲ့။ ဒီလိုပြောကြ ရေးကြတာလည်း ကမ္ဘာနဲ့ တစ်ဝန်းလုံးမဟုတ်လား။ တပည့်များကတော့ ဆရာကြိမ်သုံးလို့ မုန်းရိုးမရှိမှာပါ။ ခက်တာက မြန်မာထုံးစံမှာ ”အာစရိယဂုဏော အနန္တော”ကိုး။ ဆရာကိုမိဘနဲ့ တစ်ဂိုဏ်းတည်းထားပြီး ဘယ် လောက်ရိုက်ရိုက် ချစ်လို့ရိုက်တာ၊ လိမ္မာစေချင်လို့ရိုက်တာဆိုပြီး ဆရာဟူသမျှကို တစ်သက်လုံး အချစ်မပျက်၊ အမုန်းမဖတ်ကြရှာ ပါ။ တခြားဆရာတွေကတော့ မပြောတတ်ပါ။ ကျွန်တော်ကတော့ ဆရာဘဝကိုပြန်တွေးမိတိုင်း တပည့်တွေကို ရိုက်ခဲ့မိတဲ့ နောင်တက အကုသိုလ်ကို ဖြစ်နေခဲ့ပါတယ်။ ငါ့နှယ် စာရေးဆရာဖြစ်လောက် အောင် စာတွေလည်းအများကြီး ဖတ်ခဲ့လျက်သားနဲ့ ဘာဖြစ်လို့ စောစောစီးစီးက နောင်တမရခဲ့တာလဲပေါ့။
မကြာသေးခင် ၄-၅ ရက်လောက်က ဖေ့စ်ဘုတ်ပေါ်မှာ စက်ဘီးသူခိုးကို ကြိမ်ဒဏ်ရိုက်နေတာ တွေ့မိလိုက်တယ်။ ရုပ်ရှင်တွေထဲ မှာလည်း ကြိမ်ဒဏ်ပေးတာတွေ့တွေ့မိတုန်းပါပဲ။ စက်ဘီးသူခိုးကို ကြိမ်ဒဏ်ပေးတာများ စိမ်ပြေနပြေလှိမ့်ရိုက်နေတာ ဘေးက ပရိသတ်ကလည်း ခါးထောက်ကြည့်ကြ၊ လက်ပိုက်ကြည့်ကြနဲ့ တွေ့ ရပါတယ်။ ဗမာပြည်တစ်နေရာမှာထင်ပါတယ်။ ကျွန်တော့်ဖြင့် တာရှည်မကြည့်ရက်၊ မကြည့်ရဲပါ။ (ဆရာတော်ကြီးတစ်ပါးက ”ရဟန်းတု”ကို ရိုက်ဆုံးမတာလည်း မြင်လိုက်ရဖူးတယ်) တိရစ္ဆာန် တွေကိုလည်း ဒီလိုမရိုက်သင့်ပါ။ တချို့က ကိုယ့်ခွေး၊ ကိုယ့်နွားကို ဒေါသနဲ့လှိမ့်ရိုက်နေတော့ တွေ့ရဖူးပါတယ်။ ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ဆိုတာမျိုးပါပဲ။ ဒီလိုတရားလက်လွတ် ”ဆုံးမ” တာမျိုးကို ရဲကမလွဲမသွေ အရေးယူရပါမယ်။ အဲ ရဲကလည်း ရိုက် တာ၊ ထိုးတာ၊ ကန်ကြောက်တာမလုပ်ရပါဘူး။
အထူးသဖြင့် စစ်ထောက်လှမ်းရေး၊ ကမ္ဘာကျော်တဲ့ မဟာစစ်ထောက်လှမ်းရေး၊ လူဆိုးသူခိုးတွေကို ”ဆုံးမ”တာမဟုတ်ပါ။ ပညာတတ်၊ နိုင်ငံရေးသမားတွေ၊ သတင်းစာဆရာတွေ၊ စာရေးဆရာတွေ ကို ဖမ်းဆီး၊ ကြိုးတုပ်၊ ဆေးလိပ်မီးနဲ့ တို့၊ လျှပ်စစ်နဲ့ တို့ဆိုတာမျိုးတွေကို ရက်ရက်စက်စက်လုပ်ခဲ့ကြပါတယ်။ ဒီလိုလုပ်ခဲ့သူတွေကို နောက်ကြောင်းပြန်ပြီးတော့တောင် ”ဆုံးမ”ချင်ပါတယ်။ ခုတော့ မရိုက်တော့ပါဘူး။ (သေနတ်နဲ့တော့ လုပ်ကြံတတ်သဗျ)။ နောက်ကြောင်း မပြန်ကြေးဆိုတာလည်း ပြောသေးသဗျ။ သြော်..သူတို့ အဖို့ကျတော့ သိတတ်လိုက်ကြတာ။ ဘာပဲဖြစ်ဖြစ် ကမ္ဘာမှာရော၊ ဗမာမှာရော ကြိမ်ဒဏ်နဲ့ရိုက်ခံတဲ့ စနစ်ဆိုးကြီးပျောက်ပျက် ပါစေသတည်း။ သတ္တဝါများစိတ်ချမ်းသာကြပါစေ။
မောင်စွမ်းရည်
၂ဝ၁၇၊ အောက်တိုဘာ ၁၇