ကိုအောင်မှိုင်း သူတို့အာဘော်

ကိုအောင်မှိုင်း – ဆန်ရှင်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့  ချောက်ထဲကျတော့မလို့

 

ကိုအောင်မှိုင်း – ဆန်ရှင်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့  ချောက်ထဲကျတော့မလို့

(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၇ဆန်ရှင်ကို နဖူးတွေ့ ဒူးတွေ့  တွေ့ ဖူးတဲ့လူတွေကတော့ ဆန်ရှင်အကြောင်းကောင်းကောင်းသိမှာပါ။ သူပြန် လာလေဦးတော့မည် လို့ဘဲ ပြောရတော့မယ်ထင်ပါတယ်။ ၂၀၀၉ ခုနှစ်လောက်က ဗမာပြည်မှာ စစ်ဗိုလ်ချူပ် တွေကို ဆန်ရှင်လုပ်တော့၊ ဆန်ရှင်လုပ်လို့ မထိရောက်ပါဘူးလို့ စစ်ဗိုလ်တွေကို မျက်စပစ်ခဲ့လို့ နေရာရသွား တဲ့ စာရေးဆရာတွေလဲ ရှိခဲ့ဘူးတော့ ကျနော်လဲမျက်စပစ်ရင်ကောင်းမလားလို့ စဉ်းစားမိသေးတယ်။

ဒီရေဂျာနယ်ကဆောင်းပါးတပုဒ်မှာ ၀ါရင့်သတင်းစာဆရာကြီးတဦးက “ဆန်ရှင်တို့အပြုသဘောဆက်ဆံရေး တို့က ပြည်တွင်းက ဒီမိုကရေစီလှုပ်ရှားမှုကို အထောက်အကူပြုတဲ့သဘောလောက်ဘဲဖြစ်မှာပါ။ ဒါပေမဲ့ ဆရာပြောနိုင်တာတခုက တကယ်လို့အမေရိကန်နဲ့ အနောက်ဥရောပက ဆန်ရှင်သာမရှိခဲ့ရင် ဒီနေ့စစ်အစိုးရ ဟာ NLD ပါတီကိုဖျက်သိမ်းပြီးသားဖြစ်နေလောက်ပြီ။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဒီထက်မက ဆိုးဝါးနေ လောက်ပြီလို့ဆရာထင်တယ်” လို့ မှတ်ချက်ပြုဘူးတာ သတိရလိုက်မိပါတယ်။

ဆန်ရှင်ကိစ္စနဲ့ ပါတ်သက်ပြီး ကျနော်တို့နိုင်ငံမှာ အငြင်းပွါးမှုတွေ အများကြီးတွေ့ ခဲ့ရဘူးပါတယ်။ ဆန်ရှင် ကြောင့် တိုင်းပြည်အကျိုးရှိသလား၊ အကျိုးမရှိဘူးလား။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အထောက်အကူ ပြုသလား၊အဟန့်အတားဖြစ်စေသလား စသဖြင့်ပေါ့ဗျာ ။ဒီအငြင်းပွါးမှုတွေကို ခဏထားပြီး ကျနော်တို့အမိ နိုင်ငံတော်ရဲ့  ကနေ့လက်ရှိ ပကဓိအခြေအနေကို ပြန်ငဲ့လို့ ကြည့်ကြရအောင်ဗျာ။ စိတ်ပျက်စရာတွေ ထိတ် လန့်ကြောက်ရွံ့ စရာတွေ တုန်လှုပ်စရာတွေ မယုံကြည်နိုင်လောက်အောင် ဖေါက်ပြန်မှုတွေ လူမဆန်မှုတွေ စသဖြင့် အတော့်ကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာတွေကို နေ့တဓူဝတွေ့ နေကြရမှာပါ။  လူတိုင်းလိုလိုလဲ သိ နေကြတဲ့ အကြောင်းအရာကိစ္စတွေဖြစ်ပါတယ်။

ဒါတွေနဲ့ ပါတ်သက်ပြီး အသေအချာပြောနိုင်တာတခုကတော့ ခိုးထားတဲ့ငွေထုပ်ကြီးပိုက်ပြီး တိုင်းပြည်ဖျက် နေတဲ့ စစ်ဗိုလ်ပြုတ်အုပ်စုကိစ္စ (တနည်းပြောရရင်) လက်မည်းကြီးတွေလို့ပြောပြောနေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေ ကိစ္စပေါ့ဗျာ။ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ဘို့ ဒီခိုးထားတဲ့ငွေတွေနဲ့  တိုင်းပြည်ဖျက်နေကြတာလို့ ကျနော် တော့ တဲ့တဲ့ဘဲပြောချင်ပါတယ်။ ဒီမိုကရေစီကို ခုတုံးလုပ်ပြီး ဒီမိုကရေစီအရေခြုံဆန္ဒဖေါ်ထုတ်ပွဲဆိုတာတွေ လုပ်ခဲ့ကြတဲ့ လူတွေက ကနေ့ထောက်ခံပွဲ ဆိုတာတွေလုပ်နေကြပြန်တယ်။ ကျနော်တို့နားလည် ကြတာက ဆန္ဒဖေါ်ထုတ်တယ်ဆိုတာ ကိုယ့်ဆန္ဒအမှန်ကို ကိုယ်ဖေါ်ထုတ်ကြတာဖြစ်ပါတယ်။ အခုဟာက ဆန္ဒဖေါ်ထုတ်ပွဲ လာရင် တယောက်ဘယ်လောက်ရမယ်ဆိုတဲ့ ကြေးစားဆန္ဒဖေါ်ထုတ်ပွဲတွေကို မြင်ရတော့ ကိုယ့် ဆန္ဒ အမှန် ကိုဖေါ်ထုတ်တာမဟုတ်ဘဲ ငွေပေးတဲ့လူဆန္ဒကို ဖေါ်ထုတ်ကြရတာဖြစ်လို့ အတော်စိတ်ပျက်ဘို့ ကောင်းသလို လိမ်လည်မှုဖြစ်နေတာတွေ့ ရပါတယ်။လိမ်လည်မှုဆိုရင် ရာဇ၀တ်မှုမြောက်နေတာပေါ့ဗျာ။

နောက်တချက်က ဆရာဦးကိုနီအသတ်ခံရတဲ့ကိစ္စက ကြေးစားလူသတ်သမားငှားပြီး ငွေပေးသတ်ခိုင်းတာ သေချာနေပါတယ်။ ဒီလောက် လုံခြုံရေးတင်းကြပ်ထားတဲ့ အထူးနေရာတခုဖြစ်တဲ့ ရန်ကုန်နိုင်ငံတကာလေ ဆိပ်ကြီး နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေရဲ့ ခရီးစဉ်လဲရှိနေတဲ့ကာလ ကြေးစားလူသတ်သမားက အေးအေးဆေး ဆေး ဆရာဦးကိုနီကိုနောက်ကနေခေါင်းကို သေနတ်နဲ့ပစ်ခတ်သတ်ဖြစ်နိုင်တဲ့အထိ အစီအစဉ်တွေ ကောင်း ကောင်းနဲ့ လုပ်နိုင်ခဲ့တာကိုက နောက်ကွယ်မှာငွေမဲထုပ်ကြီးပိုက်ထားတဲ့ လက်ရှိအာဏာလက်ဝယ်တစုံတရာ ရှိသူတွေအပေါ်လဲ သြဇာညောင်းတဲ့ လက်မဲကြီးတွေရဲ့  လက်တွေထင်ထင်ပေါ်ပေါ်ဖြစ်နေပြန်တာပေါ့ဗျာ။

နောက်တချက်က နေပြည်တော်ဆိုတဲ့ ရပ်ဝန်းကြီးမှာ ခေတ်မှီလက်နက်တွေ အလုံးအရင်းမိပြန်ပါရောလား။ ဒီလက်နက်တွေရဘို့ ငွေ အဆက်အသွယ် ခွင့်ပြုမိန့်တွေ ဘယ်နေရာကရခဲ့သလဲ။ ရဲတပ်ဖွဲ့ က မသိဘူးလို့ ပြောရင်တော့ ဒီလောက်ပိန်းတဲ့လူမရှိဘူးလို့ဘဲပြောရတော့မှာပါ။ ဒီရပ်ဝန်းကြီးထဲမှာ နောက်ထပ်အခုလို တရားမ၀င်လက်နက်တွေ ဘယ်လောက်ရှိနေဦးမလဲ ခန့်မှန်းရအတော်ခက်မှာ ဖြစ်သလို လက်မဲကြီးတွေ ကိုယ်တိုင်ဘဲသိမဲ့ကိစ္စလို့ပြောချင်ပါတယ်။

ကျနော်ဆိုလိုချင်တာက ဒီငွေမဲတွေ ဒီအာဏာမဲတွေကို ကျနော်တို့ ဘယ်လိုတားဆီးဟန့်တားကြမလဲဆိုတာ မြန်မာနိုင်ငံတိုးတက် ကြီးပွါး ချမ်းသာဘို့နဲ့ လူအများလုံးခြုံအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အလွန်အရေး ပါတဲ့ မေးခွန်းတခုဘဲဖြစ်နေပါလိမ့်မယ်။

ဒီအတွက် လက်ရှိအစိုးရကို အားကိုးမယ်ဆိုလို့ကတော့ လုံးဝမှားယွင်းတဲ့အားကိုးမှုဖြစ်မှာပါ။ ကျနော်ပြောချင် တာက လက်ရှိအစိုးရရဲ့  လက်ရှိအနေအထားက လူတယောက်ခြေတစ်ဖက်ကျိုးသွားတဲ့အခါ ထော့နဲ့ထော့နဲ့ ဖြစ်နေသလို ခြေတပေါင်ကျိုးဖြစ်နေတယ်လို့ဘဲ တဲ့ပြောပါရစေ။ အစိုးရတရပ်ရဲ့ အင်္ဂါရပ်နဲ့မပြည့်မစုံဖြစ်နေရ တော့ ဒုက္ခိတအစိုးရတရပ်ဖြစ်နေတော့တာပေါ့ဗျာ။ ဒီလိုဖြစ်အောင် စစ်အုပ်စုဝင်လက်မဲကြီးတွေက ငွေအား လူအား အာဏာအားတွေသုံးပြီး ၀ိုင်းပါတ်ခြေမှုန်းနေတာလဲ နေ့တဓူဝပါဘဲ။

ဒီအတွက် အစိုးရဟာ အရာရာမှာ အစိုးမရ ဖြစ်နေတယ်လို့ဘဲပြောရတော့မှာပါ ။နိုင်ငံရေးမျက်နှာစာမှာဘဲ ဖြစ်ဖြစ်၊ လူမှုရေးမျက်နှာစာမှာဘဲဖြစ်ဖြစ်၊ စီးပွါးရေးမျက်နှာစာမှာဘဲဖြစ်ဖြစ် အားလုံးလိုလိုမှာ ခံစစ်ဘ၀ပါဘဲ။ ခိုးထားတဲ့ငွေမဲထုပ်ကြီးတွေအောက် ပြားပြားမှောက်နေရတုန်းပါဘဲ။ အစိုးရအနေအထားကိုရော အဖျက်သ မားတွေအကြောင်းကိုပါ ကျနော်တို့ တတိုင်းပြည်လုံးသိကြသလို တမ္ဘာလုံးကလဲသိနေကြပါတယ်။ မသိတာ ဆိုလို့ ကျနော်တို့နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်တယောက်ဘဲရှိတယ်လို့ ပြောစမှတ်ပြုရတော့မလိုဖြစ်နေ တော့တာပါဘဲ။

စစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ဖွဲ့ စည်းပုံဆိုတာဟာ ပြောရရင်ငွေဒင်္ဂါးတပြားရဲ့  ခေါင်းနဲ့ပန်းလို့ဘဲဆိုချင်ပါတယ်။ ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတာကြီးရှိနေသမျှ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်နေဦးမှာဘဲဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်အကုန်အစင်ဖျက်သိမ်းဘို့က ကျနော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် အဓိက ပြဿနာဖြစ်ပြီး ကျန်တဲ့ပြဿနာတွေက လက်အောက်ခံပြဿနာတွေဖြစ်တယ်ဆိုတာ ကျနော်တို့လူထုအနေ နဲ့  သတိမမေ့မလျှော့ကြဘို့ အလွန်အရေးကြီးမှာဖြစ်ပါတယ်။

ကျနော့်အမြင်တော့ ဒီလောက်တိုင်းပြည်မှာ ထင်တိုင်းကြဲနေတာ စစ်ဗိုလ်ချူပ်တွေအပေါ် ပိတ်ဆို့အရေးယူမှု လုပ်မယ်ဆိုရင် ကန့်ကွက်စရာမရှိဘူးလို့ထင်ပါတယ်။ လုပ်ရမှာက လက်ရှိစစ်ဗို်လ်ချူပ်တွေတင်မကဘဲ တရားခံအစစ် တိုင်းပြည်ဖျက်နေတဲ့ စစ်အုပ်စုကိုပါ ဆန်ရှင်လုပ်ဘို့ ကျနော်တို့ တိုက်တွန်းရပါလိမ့်မယ်။ဆန်ရှင်ကို ဂရုမစိုက်ဘူးကွလို့ အော်နေတဲ့ပုဂ္ဂိုလ်တွေရဲ့ တွန်းအားနဲ့  ဆန်ရှင်အ၀န်းအ၀ိုင်းဟာ ပိုကြီးလာမှာလို ဖြစ်နေ တာပါ။ ဆန်ရှင်သဘောသဘာဝက ကုလသမဂ္ဂကဖြစ်စေ အမေရိကန်ကဖြစ်စေ အီးယူကဖြစ်စေ နိုင်ငံတခု အပေါ် ဆန်ရှင်တခုချမှတ်ပြီဆိုရင် ပြန်ရုပ်သိမ်းဘို့လုပ်ရတာ အတော်အချိန်ယူရလေ့ရှိပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ ဒီမိုကရေစီအစိုးရတွေကိုလူထုက သတ်မှတ်ထားတဲ့ ဒီမိုကရေစီစံချိန်စံညွန်းအတွက် ဖိအားပေး နိုင်တဲ့ အခွင့်အရေးအတွက် လူထုလှုပ်ရှားမှုတွေရှိလေ့ရှိပါတယ်။အစိုးရတွေက လူထုလှုပ်ရှားမှုတွေအပေါ် တာဝန်ခံရလေ့လဲရှိပါတယ်။ ဒီသဘောပါဘဲ။အမေရိကန်အစိုးရက ဆန်ရှင်လုပ်ချင်တဲ့စိတ်မရှိတဲ့ တိုင်အောင် လူထုလှုပ်ရှားမှုတွေရဲ့  အရေးပါမှုသဘောကြောင့်လဲ ဆန်ရှင်တချို့ ဖြစ်လာလေ့ရှိပါတယ်။

ဆန်ရှင်ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးထိခိုက်နိုင်တယ် ဆိုတဲ့ အယူအဆကတော့ ကျနော်နဲ့ လုံးဝ နီးပါး အမြင်မတူဘူးလို့ ပြောပါရစေ။ တိုင်းပြည်ဒုက္ခရောက်နေရတာ အဲဒီခေါင်းစဉ်ကြောင့်လို့ဘဲ ကျနော်တော့ ပြောချင်တယ်။ ကနေ့အမျိုးသားပြန်လည်သင့်မြတ်ရေးက“ကျားသနားမှနွားချမ်းသာ” အမျိုးသားညီညွတ်ရေး မျိုးဘဲ။ ဘယ်ကျားသတ္တ၀ါကမှ သနားလေ့ရှိတာကျနော်တော့မတွေ့ မိဘူး။ ကုန်ကုန်ပြောမယ်ဗျာ။တရိစ္ဆာန်ရုံ ထဲက ကျားကတောင် မသနားတတ်ပါဘူး။ ကျားကိုကျားလို့သဘောထားပြီး ယဉ်ပါးအောင်လုပ်နိုင်မှ ကျားဟာ ယဉ်ကျေးလေ့ရှိပါတယ်။

“စစ်တပ်ကောင်းမှတိုင်းပြည်ကောင်းမည်” ဆိုပြီးဆောင်းပါးတစောင်၂၀၀၃ခုနှစ်လောက်က ရေးခဲ့ဘူးတာ သတိရမိတယ်။ တိုင်းပြည်ကောင်းအောင်လုပ်မဲ့ကိစ္စတိုင်း စစ်တပ်နဲ့ ထိတ်တိုက်တိုးနေလို့ ရေးခဲ့တာပါ။ အခု လဲ ဒီအတိုင်းပါဘဲ။ တိုင်းပြည်နိုင်ငံရေးကောင်းဘို့က ၂၀၀၈ စာအုပ်စိမ်းကို ဖျက်သိမ်းရမယ်။ တိုင်းပြည်စီးပွါး ရေးကောင်းဘို့က ငြိမ်းချမ်းရေးရအောင်လုပ်ရမယ်။ တိုင်းပြည်လူမှုရေးကောင်းအောင်က စစ်တပ်ဆိုတာ ပြည်သူလူထုရဲ့  သားသမီးတွေနဲ့ ဖွဲ့ စည်းထားတာဖြစ်လို့“ ပြည်သူသာအမိပြည်သူသာအဖ”ဖြစ်တယ်ဆိုတာ ကို လက်ခံရမယ်။ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိစေရဆိုပြီး ကာချူပ်က အသက်၆၀ကျော်တဲ့ အထိ ကာချူပ်ဆက် လုပ်ချင်သေးတယ်။အခြားဗိုလ်ချူပ်တွေကိုတော့ အသက်၆၀ကျော်တာနဲ့ နားခိုင်းတဲ့ ကာချူပ်က သူကိုယ်တိုင်ကတော့ အသက်၆၀ကျော်အထိ ဆက်နေချင်သေးတယ်။ ကျနော်သတိထား မိတာက စစ်တပ်ကောင်း တဲ့နိုင်ငံတွေမှာ တိုင်းပြည်တွေကောင်းကြတယ်။ တိုးတက်ကြတယ်။ အေးချမ်း သာယာကြတယ်။ ဒီလိုဘဲ စစ်တပ်ဖျက်ရင် တိုင်းပြည်ပျက်တတ်သလို တိုင်းပြည်ပျက်ရင်လဲ စစ်တပ်လဲ ပျက်တတ်တယ်ဆိုတာ အလွန်သတိထားဘို့ ကောင်းတဲ့လော့ဂျစ်တခုပါဘဲ။စစ်တပ်ကိုချစ်ရင် တိုင်းပြည် ကိုချစ်ရင် စစ်တပ်ကောင်းတာကို မြင်ချင်ရင် တိုင်းပြည်ကောင်းတာကိုမြင်ချင်ရင် စစ်စည်းကမ်းကို အတိ အကျလိုက်နာတာဟာ အကောင်းဆုံးလို့ ကျနော်တော့ထင်တယ်။

ရခိုင်ပြည်အရေးအခင်းက လက်ရှိအစိုးရနဲ့  ဒေါ်အောင်ဆန်းစုကြည်ချောက်ထဲကြတော့မလို့ သီသီကလေးလို တော့တယ်လို့ကျနော်တို့ သုံးသပ်မိပါတယ်။ တိုင်းပြည်ချောက်ထဲရောက်ဘို့ လက်နှစ်လုံးအလိုမှာ ကူညီချင် တဲ့ လူတွေကလဲ အသင့်စောင့်နေကြတာပါ။ အကြိုအဖြစ် ကာလုံခေါ်ဘို့လှုပ်ရှားမှုတွေကိုလဲ ထုနဲ့ထယ်နဲ့  လုပ်ကိုင်ထားကြလေတော့ ဖဲ၃ချပ်ကစားသလိုပါဘဲ။ အားလုံးကို ပြင်ဆင်ထားခဲ့ကြတာပါ။ ကျနော့်အမြင်က တော့ ရခိုင်ပြည်မှာပြဿနာ မဖြစ်ရင် ရှမ်းပြည်၊ ရှမ်းပြည်မှာမဖြစ်ရင် မွန်ပြည်၊ မွန်ပြည်မှာမဖြစ်ရင် ဗမာပြည် အတွင်းပိုင်းဒေသတွေမှာ ဖြစ်မှာသေချာပါတယ်။ ကျနော်ဆိုလိုချင်တာက မဖြစ်ဖြစ်အောင်ကိုလုပ်နေကြတော့ ဖြစ်ပြီပေါ့ဗျာ။

ရခိုင်ပြဿနာမဖြစ်ခင်မှာ ကြံ့ဖွတ်အုပ်စုတွေ စစ်အုပ်စုဝင်တွေ လူဆိုးဘုန်းကြီးတွေ တဒီးဒီးရခိုင်ပြည်သွားကြ တာကို သတိထားမိပါတယ်။ စစ်အုပ်စုရဲ့  စစ်ဆင်ရေးကြီးကြီးတခုတော့ ရခိုင်မှာဖြစ်တော့မယ်လို့ ခန့်မှန်းထား ခဲ့ကြရင်း စောင့်ကြည့်ခဲ့ကြတာပါ။ ရခိုင်ပြဿနာမဖြစ်ခင် စစ်အုပ်စုဝင်တွေရဲ့ လှုပ်ရှားမှုတွေကို အဲဒီကာလ သတင်းစာတွေမှာ ကြည့်ရင်အခိုင်အမာတွေ့ နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် “ရခိုင်ပြည်ပြဿနာဟာ အာဏာ လွန်ဆွဲပွဲပြဿနာဖြစ်တယ်”လို့ ကျနော်မိုးမခမှာ ဆောင်းပါးရေးရင်း  သတိပေးမိတယ်။ပြဿနာဟာ မီးပွါးလေး က မီးတောက်ကြီးဖြစ်နိုင်တယ်။ မီးတောက်ဖြစ်ရင်တော့ ကိုယ်ပြဿနာကိုယ်ရှင်းကြဘို့လိုတယ်လို့ရှင်းရှင်း လင်းလင်း ရေးခဲ့ပါတယ်။ အခုအစိုးရကို ဇွတ်တရားခံလုပ်နေကြပြန်ပြီ။ ဒါကြောင့်လဲဆန်ရှင်တွေ မြန်မြန် ဆန် ဆန်ဖြစ်လာတာလို့ကျနော်ပြောချင်ပါတယ်။ကမ္ဘာကြီးမှာလူလိမ်တွေ ကြာကြာလိမ်လို့မရတော့ကြောင်းပါဗျား။

ကိုအောင်မှိုင်း (နိုဝင်ဘာလ ၅ရက်၊၂၀၁၇ခုနှစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကိုအောင်မှိုင်း – ဆန်ရှင်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့  ချောက်ထဲကျတော့မလို့

Comments are closed.