ကောင်းသောမွေးနေ့ပါ ကျောင်းသားတပ်မတော်
အောင်မော်ဦး
(မိုးမခ)၊ နိုဝင်ဘာ ၅၊ ၂၀၁၇
(မကဒတ-ကျောင်းသားတပ်မတော်တည်ထောင်ခြင်း(၂၉)နှစ်ပြည့်အထိမ်းအမှတ်)
ကျောင်းသားတပ်မတော်တည်ထောင်တဲ့(၂၉)နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ဓာတ်ပုံအိမ်ကလေးလုပ်ပေးတဲ့ ကိုလှိုင်မြတ်စိုးရဲ့ စိတ်ကူးနဲ့ ဖန်တီးမှုကို ပထမဆုံးအသိအမှတ်ပြုပါရစေ။
အဲဒီဓာတ်ပုံအိမ်ကလေးနဲ့အတူ ဖြတ်သန်းခဲ့ကြတဲ့ ဘဝမှတ်တမ်းဓာတ်ပုံကလေးတွေကို တင်ကြရှယ်ကြသလို၊ ကိုယ့်အမြင်၊ ကိုယ့်ခံစားချက် ကလေးတွေကိုလည်း ရေးကြသားကြတာ တွေ့ရပါတယ်။
ရဲဘော်တွေရေးကြသမျှတွေကို ကိုမင်းဇော်ကစုစည်းပြီး တင်ပေးနေတဲ့အတွက် အချိန်တိုတိုနဲ့များများဖတ် ခွင့်ရပါတယ်။ ဘယ်သူရေးတာပဲ ဖတ်ရဖတ်ရကျနော်တို့အားလုံးကို ကိုယ်စားပြုပြီးပြောနေတာပါလားဆိုတာကိုသတိပြုမိပါတယ်။ (အဲဒီထဲကမှ ကိုအောင်မျိုးမင်းရေးထားတာ လေးက ပိုခြုံငုံမှုရှိတယ်လို့ ထင်မိပါတယ်)။
ဒါနဲ့ ကျနော်လည်း ဓာတ်ပုံဟောင်းတွေပြန်ရှာပါတယ်။ ကျနော်ကရိုက်ပေးခဲ့တာများတော့ ကိုယ့်ပုံကိုယ် ပြန်ရှာမတွေ့ပါဘူး။ တယောက် ယောက်မှာရှိရင် ပို့ပေးစေလိုပါတယ်။(ဒါပေမဲ့ နည်းနည်းခပ်မိုက်မိုက်ပုံမှပေးပါ) ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ဟိုတလောက မငယ်က ကျနော်တို့မင်္ဂလာဆောင်တုန်းက ဓာတ်ပုံလေးတပုံပို့ပေးလာပါတယ်။ အဲဒီပုံကိုတွေ့တော့ အိမ်ကတူမလေးက ဟန်မဆောင် နိုင်ရှာဘူး။
“ဟယ် ..ရုပ်ဆိုးလိုက်တာတော်”ဆိုပြီး ထအော်ပါတယ်။ ကျနော်လည်း ကိုယ့်ပုံကိုယ်ပြန်ကြည့်တော့ သူ့အလွန်မှမဟုတ်တာပဲလေဆိုပြီး
ငြိမ်နေရပါတယ်။ ဒါနဲ့ ဖိုင်တွေထဲလိုက်ရှာတော့ အခုတင်ထားတဲ့ဒေါ်နက်ပုံ သွားတွေ့တယ်။ ကျနော်လိုချင်တာကလည်း လွန်ခဲ့တဲ့(၂၉)
နှစ်လောက်ကပုံဆိုတော့ အတော်ပဲ။
ဘာလို့လဲဆိုတော့ အဲဒီအရွယ်တုန်းက ကျနော်တို့ရဲဘော်တွေဆိုဘယ်သူ့ကြည့်လို်က်ကြည့်လိုက် ထီမထင်တဲ့ မျက်နှာပေးနဲ့ချည်းပဲ။ (ဂျီသရီးပေါ်နင်းထားတဲ့ ရဲဘော်စန်းစန်းချိုတို့လိုမျက်နှာပေးမျိုးပေါ့)။
ကျနော်တို့ရဲဘော်တွေရေးကြသားကြတဲ့ အမှတ်တရစကားတွေနဲ့အတူ အပြန်အလှန်ရေးကြတဲ့ကွန်းမင့်တွေကိုဖတ်ရတဲ့အခါ ဒီလောက် နှစ်တွေကြာတဲ့အထိ အသေးစိတ်ကလေးတွေကအစ မှတ်မိနေကြတုန်းပါပဲလားဆိုတာကိုလည်း သတိပြုမိရပါတယ်။
ကျနော်နဲ့တိုက်ဆိုင်တာလေးတခုပြောရရင် ရဲဘော်မေသန်းရှိန်က ဗဟိုဆေးရုံရှေ့မှာရိုက်ထားတဲ့သူနဲ့ ရဲဘော်မင်းမင်းအောင်တို့ရဲ့ဓာတ်ပုံ လေးတပုံတင်ပါတယ်။ ဟာ .. တို့ဆရာမလေးတွေပဲဆိုပြီး လူနာဘဝနဲ့ သူတို့ဆေးရုံသွားတက်တုန်းကအကြောင်းလေး ကျနော်က ကွန်းမင့်သွားရေးပါတယ်။
အဲဒါကို ရဲဘော်ဝင်းထွန်းက ကျနော့်ကို ဆရာမမေသန်းရှိန်က ”ရှင်.. ဒီနေ့ရေချိုးရမယ်နော်” ဆိုပြီးပြောတာကို သတိတရ ဝင်ရေးပါ တယ်။
(ဆရာမမေသန်းရှိန်ဆိုလိုတာက အဖျားလည်းမတက်တော့ဘူး၊ ချမ်းတာတုန်တာလည်း မဖြစ်တော့ဘူးဆိုတော့ လန်းဆန်းသွားအောင်
ရေမိုးချိုးလိုက်ဆိုတဲ့သဘောဖြစ်မယ်ထင်ပါတယ်။) အဲဒါကို ဘေးခုတင်က ရဲဘော်တွေက သာသာထိုးထိုးဘာသာပြန်ကြပါတယ်။ (ဘဲကြီးညစ်တီးညစ်ပတ်နေလို့ ဆရာမကတောင် ရေချိုးခိုင်းရတယ်ပေါ့)။
ဆရာမမင်းမင်းအောင်ကလည်း ခုမှပြောင်းလာကြတဲ့ ကျနော်တို့တပ်ရင်းကရဲဘော်တယောက် black- fever ဖြစ်နေလို့ ညလုံးပေါက်မအိပ်ဘဲ ဆေးသွင်းပေး၊ စောင့်ကြည့်ပေးခဲ့ရတာလေးကို သတိတရဝင်ရေးပါတယ်။ ကျနော့်ကွန်းမင့်ကိုအခြေခံပြီး ရေးတဲ့ဆရာမမင်းမင်းအောင်က ကျနော့်ကို ရုပ်ကြမ်းကြီးလို့ ရင်းရင်းနှီးနှီးသုံးနှုန်းပြီးရေးပါတယ်။
(ကျနော်တို့ရုပ်ကြမ်းပါတီအကြောင်းတော့ တနေ့ရေးပါဦးမယ်)။ ဒါပေမဲ့ စာပေအနုပညာ website လေးတခုလုပ်ဖို့ ပြင်ဆင်နေတာမို့ facebook မသုံးဖြစ်တာတောင် နှစ်လကျော်လောက်ရှိပါပြီ။ လောလောဆယ်ရေးဖြစ်ဦးမှာမဟုတ်ပေမယ့် တကယ်ရေးတဲ့အချိန်ကျရင် ကျောင်းသားတပ်မတော်ရဲ့ရုပ်ပုံလွှာထဲမှာ ဒီလိုမှန်ကူကွက်ကလေးမျိုးလည်း မပါမဖြစ်ပါရစေမယ်ဆိုပြီး တေးထားတာလေးတခုတော့ အမြည်းပေးချင်ပါတယ်။
… နီးတကျက်ကျက်
မတည့်အတူ
ဆူညံပွက်လော
ဝေးသောအခါ လွမ်းကြသည် … လို့ဆိုရမယ့် ကျနော်တို့ရဲ့ကိုယ်ပိုင်ဟန်ကလေးတခုပါ။
ဘောင်းဘီဝတ်မိုးတိမ်ထဲကလိုပေါ့။ အဲဒီတုန်းက (၂၂)နှစ်သား၊ လူချောလူလှလေးတွေ၊ ထီမထင်စိတ်ကိုယ်စီနဲ့ လှလှပပ ဖျားခဲ့ကြစဉ် ကပေါ့။
အကြောင်းတိုက်ဆိုင်လို့များကတော့ အကျောက်အကန်ခြေကန်ပြီး အမြှုပ်ထွက်မတတ်ငြင်းကြပါတယ်။ ပုံစံမျိုးစုံနဲ့ငြင်းကြခုန်ကြတဲ့အထဲမှာ
ငြင်းစရာစကားလုံးကလည်း ကုန်၊ ဆိတ်ငြိမ်ချိန်ကလည်းရောက်လို့ ဆက်ငြင်းခွင့်မရှိတော့ပေမယ့် သူသဘောမတူကြောင်းကို အိပ်ရာထဲ မှာစောင်ခြုံပြီး ခေါင်းခါနေတာမျိုးနဲ့ ငြင်းကြပုံမျိုး ခင်ဗျားတို့ကြုံဖူး၊ ကြားဖူးကြမယ်မထင်ဘူး။
(ကွဲလွဲရင်း ပေါင်းစည်းကြတဲ့ ဖြတ်သန်းမှုကိုပြောချင်တာမို့ ကာယကံရှင်ရဲဘော်ကတော့ ကျနော့်ကို စိတ်မကွက်လောက်ဘူးထင်ကြောင်း ပါဗျား)။
ဒီလိုအမှတ်ရစရာတွေနဲ့ ဆယ်စုနှစ်တွေချီ ဖြတ်သန်းလာခဲ့ကြပြီးတဲ့အခါမှာ ဘုံသွားတူကြတဲ့ စိတ်အခြေအနေတချို့ကို ထပ်တိုးပြီး သတိပြုမိပြန်ပါတယ်။
ပထမဆုံးသတိပြုမိတာက ကျန်ခဲ့တဲ့ကျောင်းနေဖက်သူငယ်ချင်းတွေထဲကအချို့ကို နာမည်တွေမေ့ကုန်ပါတယ်။ နောက် သူတို့နဲ့ ပတ် သက်တဲ့အမှတ်ရစရာလေးတွေကိုမေ့ကုန်ပါတယ်။ နောက် သွေးရင်းသားရင်း မိသားစုဝင်တွေ၊ ညီအကိုမောင်နှမတွေ၊ ဝမ်းကွဲတွေ စသဖြင့် ကို သတိရတဲ့၊ ချစ်ခင်တဲ့စိတ်ထက် ရဲဘော်ရဲဘက်တွေအပေါ်သတိရတဲ့စိတ်၊ ချစ်ခင်တဲ့စိတ်က ပိုများနေတာကို ထပ်သတိပြုမိပါတယ်။
နောက်ထပ်သတိပြုမိတာတခုကတော့ ဒါ ငါ့ညီမပဲ၊ ဒါ ငါ့အကိုပဲဆိုတဲ့သွေးသားတော်စပ်မှုကို ထည့်သွင်းစဉ်းစားတာမျိုးထက်ပိုပြီး သူတို့ကို
ကိုယ့်ရဲဘော်ရဲဘက်တွေလို ရင်းရင်းနှီးနှီးမတွယ်တာမိတဲ့စိတ်အခြေအနေမျိုးပါ။
အစကတော့ ကောင်းကောင်းသဘောမပေါက်ပေမယ့် အပေါ်မှာရေးခဲ့ကြတဲ့ အမှတ်တရစကားလေးတွေ၊ ကွန်းမင့်လေးတွေကို ဖတ်ရပါ များလာတဲ့အခါ သြော် .. ငါတို့ဟာ တယောက်ရင်ဘတ်ထဲ တယောက်နေရာယူထားခဲ့ကြတဲ့ ဘဝတူရဲဘော်ရဲဘက်တွေပါလားဆိုတဲ့ အချက်ကို တစတစသတိပြုမိလာပါတယ်။ ခင်ဗျားတို့လည်း ကျနော့်လိုမျိုး ခံစားမိ၊သတိပြုမိကြလိမ့်မယ်လို့ ထင်မိရင်း …။
အောင်မော်ဦး
�နိုဝင်ဘာ၊ ၂၊ ၂၀၁၇
ဓာတ်ပုံ (အပေါ်) စာရေးသူပါဝင်သည့် ကျောင်းသားတပ်မတော်သားများ
ဓာတ်ပုံ (အောက်) ပုံအလယ်တွင် ကပ်ဦးထုပ်စောင်းထားသူ
ဓာတ်ပုံ- အောင်သူငြိမ်း
https://www.facebook.com/aungmawoo/posts/1719200878124005 မှ ယူပါသည်။