စာအုပ်စင် မောင်စွမ်းရည်

မောင်စွမ်းရည် – ဂျပန်ဘာသာက တိုက်ရိုက်ပြန်ဆိုတဲ့ မြန်မာစစ်မြေပြင် (မေနှင်းလဲ့မွန်)

 

မောင်စွမ်းရည် –  ဂျပန်ဘာသာက တိုက်ရိုက်ပြန်ဆိုတဲ့ မြန်မာစစ်မြေပြင် (မေနှင်းလဲ့မွန်)
(မိုးမခစာအုပ်စင်) နိုဝင်ဘာ ၄၊ ၂၀၁၇

စာပေခရီးသွားများ စာအုပ်တိုက်
အမှတ် ၀၀၁၊ တိုက် စီ
ကန်ရိပ်မွန် ကွန်ဒိုဝင်း ၁၀ရပ်ကွက် ကန်လမ်း
လှိုင်မြို့နယ်
တန်ဖိုး ၂၅၀၀ ကျပ်
ဖုံး ၀၉ ၅၄၁ ၅၃၀၉
၀၉ ၇၉၅ ၅၅၁ ၂၈၆
၀၉ ၅၄၀ ၃၃၆၉

ကျနော်တို့မြန်မာနိုင်ငံဟာ ခေတ်နောက်ကျကျန်ရစ်တဲ့နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။  စစ်တပ်ကလွဲပြီး ဘက်စုံခေတ်နောက်ကျ ကျန်ရစ်ပါတယ်။ အရှေ့တောင်အာရှမှာ ခေတ်အမှီဆုံးစစ်တပ်ဖြစ်ရမယ်လို့ ကြိုးစားအားထုတ်နေတာ ဖြစ်လုနီးပြီလို့ဆိုတယ်။ အမေရိကန်စစ်တပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ အမေရိကန်နဲ့ အဆင်ပြေအောင် အဆင့်တဆင့်ပဲ လိုတော့တယ်လို့ ဆောင်းပါးတပုဒ်မှာ ဖတ်လိုက်ရပါတယ်။

မြန်မာနိုင်ငံဟာ အင်္ဂလိပ်နဲ့ စစ်ဖြစ်တော့ စစ်ရှူံးတယ်။ စစ်ရှူံးပြီးသူ့ကျွန်ဘဝ ရောက်ခဲ့ရတယ်။ ဒါကြောင့် ခေတ်နောက်ကျကျန်ရစ်တယ်။ သူ့ကျွန်ဘဝကလွတ်မြောက်ဖို့ အားထုတ်ရင်း ဒုတိယကမ္ဘာစစ်ကြီးနဲ့ ကြုံလိုက်ရပြန်တော့ ဂျပန်အဝင် စစ်မြေပြင်တခါဖြစ်၊ ဂျပန်အထွက် စစ်မြေပြင်တခါဖြစ်ပြီး “မိအေးနှစ်ခါနာ” ဖြစ်ရပြီး စစ်ဒဏ်နှစ်ခါခံရတဲ့ ဘဝနဲ့မွဲပြာကျခဲ့ရပြန်တယ်။

လွတ်လပ်ရေးရပြန်တော့ လွတ်လပ်ရေးရဲ့ဖွားဖက်တော် ပြည်တွင်းစစ်နဲ့ ကြုံရလို့ ဆက်လက်ပြီး ပြည်တွင်းစစ်မီးလောင်ခံရပြန်တယ် ။ ဒီပြည်တွင်းစစ်ဟာ ကမ္ဘာမှာသက်ဆိုးအရှည်ဆုံး ပြည်တွင်းစစ်လို့ နာမည်ကျော်ပါတယ်။ ခုထက်ထိ မပြီးဆုံးသေးဘဲ၊ နားပြီး အားယူကြ၊ ပြန်တိုက်ကြနဲ့၊ လုံးဝ အပြီးရပ်လို့မရသေးဘူး။ ပြည်တွင်းစစ် မရပ်တော့ စစ်တပ်က ကြီးကြီးလာတယ်။ စစ်ဗိုလ်တွေလဲ များများလာပြီး၊ စစ်ဗိုလ်ချုပ်တွေက အာဏာသိမ်းလိုက်လို့ စစ်ကျွန်ဘဝ ရောက်ရပြန်တယ်။

ခုတော့ စစ်အစိုးရမဟုတ်တော့ဘဲ ဘောင်းဘီချွတ်စစ်မှုထမ်း(စစ်တပ် ကမထွက်ဘဲ) အရပ်သားအစိုးရလို့နာမည်ခံပြီး ဒီမိုကရေစီလမ်းပေါ်ကို စစ်ဖိနပ်တဖက်၊ ညှပ်ဖိနပ်တဖက်နဲ့ တက်နေပြီဆိုပါတယ်။ လုံးဝ ငြိမ်းချမ်းရေးရပြီး ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ရာကေ တာ့ စစ်တပ်ကလဲအားထုတ်၊ ပြည်သူလူထုကလဲအားထုတ်တဲ့အနေနဲ့ ထမ်းပိုး အတူရုန်းနေတဲ့အဆင့်မှာ၊ တဖက်က နောက်ပြန်မရုန်းမိဖို့ လိုမှာပေါ့။ အဲသလို ယက်ကန်ယက်ကန်နဲ့ ဘက်စုံအားထုတ်နေရတဲ့ အခြေအနေမှာ တဖက်တလမ်းကကနေ အသိပညာတိုးတက်အောင် အားထုတ်ကြဖို့လဲလိုတာပေါ့။

ကျနော်တို့မြန်မာနိုင်ငံမှာ ပုဂံခေတ်ကစပြီး ပါဠိဘာသာကနေ မြန်မာဘာသာကိုပြန်ဆိုတာ ခေတ်စားခဲ့ပါတယ်။ ပါဠိဘာသာပြန်စာပေကြောင့် မြန်မာတို့ရဲ့စာပေနဲ့ ယဉ်ကျေးမှုအရပ်ရပ် တိုးတက်ခဲ့ပါတယ်။ ပါဠိဘာသာစာပေမှာ ဗုဒ္ဓစာပေပဲရှိတော့ ဗုဒ္ဓစာပေကို မြန်မာဘာသာပြန်ဆို ပြန့်ပွားစေခဲ့ပါတယ်။

မြန်မာနိုင်ငံ ကိုလိုနီခေတ်မှာ ဘုန်းတော်ကြီးကျောင်းတွေမှာသာမက လူကျောင်းတွေမှာလဲ ပါဠိဘာသာသင်တဲ့ အစဉ်အလာဝင်လာခဲ့ပြီး တက္ကသိုလ်မှာလဲ ပါဠိစာပေဟာ သင်ယူနိုင်တဲ့ စာပေဘာသာရပ်တခုဖြစ်လာခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်တည်ထောင်ပြီး ဆယ်နှစ်လောက်အကြာမှာ အတော် အသားကျသွားပြီ ဆိုရပါမယ်။ အဲဒီအချိန်မှာ မစ္စတာဖါနီဗယ်ဆိုသူ အင်္ဂလိပ်လူမျိုးကြေးတိုင်မင်းကြီးတယောက်က အင်္ဂလန်က စာအုပ်တွေ မှာပြီး မြန်မာလူငယ်တွေဖတ်ရအောင် စာအုပ်ဆိုင်လေးဖွင့်ပေးတယ်။ ဂန္ထလောကမဂ္ဂဇင်းဆိုပြီး စာပေမဂ္ဂဇင်းတစောင်ကို စာအုပ်ကြော်ငြာသဘောမျိုးထုတ်ေ ဝတယ်။ ဂန္ထလောကမဂ္ဂဇင်းက ဘာသာပြန်ပြိုင်ပွဲခေါ်ယူရာက သခင်ဘသောင်းလို ဘာသာပြန်စာရေးဆရာတဦး ပေါ်ထွန်းစေခဲ့တဲ့အပြင် ခေတ်စမ်းစာပေ လူငယ်ကလောင်သစ်ကလေးတွေအတွက် ပျိုးခင်းလဲဖြစ်စေခဲ့ပါတယ်။ အဲဒါ ၁၉၃၀ခုနှစ်လောက်ကဖြစ်ပါတယ်။

မောင်ဘသောင်းဟာ တို့ဗမာအစည်းအရုံး တည်ထောင်သူဖြစ်လာတယ်။ တို့ဗမာအစည်းအရုံးဝင်လူငယ်တွေဟာ သူတို့ရဲ့အမည်ရှေ့က “သခင်” လို့ ဘွဲ့ချီပြီး သခင်ဘသောင်း၊ သခင်လေးမောင်၊ သခင်ဗစိန်စတဲ့ မျိုးချစ်နိုင်ငံရေးသမားတွေဖြစ် လာခဲ့ကြပါတယ်။ တက္ကသိုလ်ကျောင်းသားတွေထဲက မောင်နု၊ မောင်လှဖေ၊ မောင်အောင်ဆန်း၊ မောင်ဗဟိန်းစတဲ့ ကျောင်းသားလူငယ်ပိုင်းကလဲ သခင်နု၊ သခင်လှဖေ၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်းစတဲ့ သခင်တွေဖြစ်လာခဲ့ကြတယ်။ သူတို့ရဲ့ တို့ဗမာအစည်းအရုံးကို တက္ကသိုလ်ပြင်ပက နိုင်ငံကျော်ကဗျာဆရာ၊ သတင်းစာဆရာ၊ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းခေါ်ကိုယ်တော်မှိုင်းကလဲ သခင်ကိုယ်တော်မှိုင်းဘွဲ့ခံပြီး လွတ်လပ်ရေးတိုက်ပွဲကို အရှိန်အဟုန်မြင့်စေခဲ့ပါတယ်။

သခင်နုဟာ တက္ကသိုလ်ပြင်ပက နိုင်ငံရေးသမားသခင်သန်းထွန်း၊ သခင်စိုးတို့နဲ့ ပူးပေါင်းပြီး နဂါးနီစာအုပ်အသင်းကိုထူထောင်တယ် ။ အင်္ဂလိပ်ဘာသာကနေ နိုင်ငံရေးစာပေတွေနဲ့ နိုင်ငံတကာ လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဘာသာပြန်ပြီးထုတ်ဝေခဲ့ကြပါတယ်။ နဂါးနီစာအုပ်တွေဟာ ခေတ်လူငယ်တွေရဲ့ နိုင်ငံရေးအသိ၊ စာပေအသိကို တိုးမြင့်စေပါတယ်။ နိုင်ငံရေးသမား၊ စာပေသမား အသစ်အသစ်တွေကိုလဲ မွေးထုတ်ပေးခဲ့ပါတယ်။  နဂါးနီစာအုပ်အသင်းခေါင်းဆောင် သခင်နုဟာ လွတ်လပ်တဲ့ ဗမာနိုင်ငံရဲ့ ပထမဦးဆုံးဝန်ကြီးချုပ်ဖြစ်လာေ တာ့ သူရဲ့ “နဂါးနီ” ကို စာပေဗိမာန် ဘာသာပြန်စာပေအသင်းအဖြစ်နဲ့ နိုင်ငံတော်စာပေထုတ်ဝေရေးလုပ် ငန်းကြီးတရပ်ထူထောင်ခဲ့ပြီး မြန်မာလူမျိုးတွေကို စာပေဗဟုသုတ ဘက်စုံတိုးတက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ စာပေဗိမာန်စာပေဆုတွေထဲမှာ ဘာသာပြန်စာပေဆုဆိုပြီး ကဏ္ဍတခုပါ ထည့်သွင်းပေးခဲ့ပါတယ်။ ယနေ့ခေတ်အထိ ဘာသာပြန်စာပေဆုကို အမျိုးသားစာပေဆုတရပ်အဖြစ် မြှင့်တင်ထားရှိတဲ့ အစဉ်အလာတရပ် ပေါ်ထွန်းခဲ့တာဟာ မြန်မာလူမျိုးတို့အတွက် ကံကောင်းတယ်လို့ဆိုရပါမယ်။

ဘာသာပြန်ကြရာမှာ အင်္ဂလိပ်ဘာသာကပြန်ဆိုကြတာများပါ တယ်။ နောက်ပိုင်းမှာ ရုရှား၊ တရုတ်၊ အိန္ဒိယစာပေတွေက တိုက်ရိုက်ပြန်ဆိုကြတာတွေလဲရှိ ပါတယ်။ ဂျပန်စာတတ်သူများကလဲ ဂျပန်ဘာသာစကားက တိုက်ရိုက်ပြန်ဆိုတာတွေရှိလာပါ တယ်။ ရဲမြလွင်ဆိုသူ ပညာရေးဝန်ထမ်း(အငြိမ်းစား)တဦး ကလဲ ဂျပန်ဘာသာကနေ တိုက်ပြန်ဆိုတာကို လုပ်နေပါတယ်။ ၂၀၁၄ထဲမှာပဲ ရှစ်လေးလုံးအရေးတော်ပုံကာလကို မှတ်တမ်းတင်တဲ့ ဂျပန်သတင်းထောက်တဦးရဲ့ စာအုပ်ကို ဘာသာပြန်ထုတ်ဝေလိုက်ပါသေးတယ်။ ဒီလို ဂျပန်ကနေ တိုက်ရိုက်ပြန်ဆိုတာတွေ့တော့ ဝမ်းသာတယ်။

ဒေါက်တာကျော်တင့်နဲ့ မဌေးဌေးကြည်တို့ စုံတွဲနဲ့ ကျနော်နဲ့ ခင်မင်နေတာ ကြာပါပြီ။ ဆန်ဖရန်စစ္စကိုစာပေဟောပြောပွဲတွေ သွားရတော့ သူတို့အိမ်မှာ သူတို့ဖတ်တဲ့စာအုပ်တွေ အများကြီးတွေ့ရတယ်။ ဂျပန်စာအုပ်တွေလဲတွေ့ရတယ်။ သူတို့နှစ်ဦးလုံး ဂျပန်တက္ကသိုလ်က ပါရဂူဘွဲ့၊ မဟာဘွဲ့ဆိုတာမျိုးတွေ ရခဲ့တာဆိုတော့ ဂျပန်စာ မကျွမ်းစရာမရှိဘူး။ ဒါကြောင့် သူတို့ကို ဂျပန်စာအုပ်တွေ ဘာသာပြန်ဖို့ တိုက်တွန်းမိပါတယ်။

မဌေးဌေးကြည်က ဂျပန်စာအုပ်တအုပ် ဘာသာပြန်ထုတ်ဝေလိုက်တယ်။ “ထွန်တုံးမှ ထိပ်ဆုံးသို့” တဲ့။ မြန်မာပညာရှိ “ဝန်ဇင်းဖိုးရာဇာ” လို ပုဂ္ဂိုလ်မျိုးရဲ့ အတ္ထုပ္ပတ္တိစာအုပ်ပါ။ ၂၀၀၆ခုနှစ်ကဆိုတော့ ကြာပြီပေါ့။ ၁၀နှစ်လောက်တောင်ရှိတော့မယ်။

ကျနော်က သူတို့ကို မကြာခဏ ဖုန်းဆက်ပြီး ဘာစာအုပ်တွေ ဘာသာပြန်နေသလဲ။ ဘယ်လောက်ပြီးပြီလဲလို့ မေးလေ့ရှိပါတယ်။ ဖတ်ချင်လို့ပါ။ သူတို့ ဂျပန်မှာနေစဉ်က မြန်မာစစ်မြေပြင်ကို လိုက်ပါခဲ့ရတဲ့ စစ်သားအိုကြီးတွေနဲ့ မိတ်ဆွေဖြစ်ခဲ့ကြရသတဲ့။ သူတို့က မြန်မာကို သိပ်ချစ်တယ်။ သူတို့ဟာ ကျူးကျော်သူတွေဖြစ်ခဲ့ပေမဲ့ သူတို့ကို တော်လှန်စစ် ဆင်နွဲနေဆဲကာလမှာတောင် သူတို့တဦးချင်း ဒုက္ခရောက်နေတာတွေ့ရင် စစ်ပြီးသည်ထိအောင် လျှို့ဝှက်ကယ်တင်ပေးကြတဲ့ မေတ္တာစေတနာမျိုးဟာ မြန်မာတွေမှာပဲရှိတယ်ဆိုပြီး မြန်မာကို တုံ့ပြန်လေးစားချစ်ခင်ကြပါတယ်။ စစ်မြေပြင် မှတ်တမ်းတွေရေးပြီးတော့လဲ မြန်မာတွေရဲ့ စေတနာကို ထည့်သွင်းဖေါ်ကျူးလေ့ရှိကြပါတယ်။ အဲဒါမျိုးရေးထားတာတွေကို ကျနော်တို့ဖတ်ချင်တယ်။ မြန်မာပြည်သူတွေလဲဖတ်သင့်တယ်လို့  ယူဆလို့ ကျနော်က သူတို့ကို ဘာသာပြန်ပေးဖို့ မေတ္တာရပ်ပါတယ်။ သူတို့လဲ အလုပ် အလွန်ရှုပ်တဲ့ကြားက ဂျပန်စာအုပ်တွေ ဘာသာပြန်ဖို့ အားထုတ်နေကြပါတယ်။


မေနှင်းလဲ့မွန်က “မြန်မာစစ်မြေပြင်” ဆိုတဲ့ ဂျပန်စာအုပ်တအုပ်ကို ဂျပန်စစ်သားအိုကြီးတဦးဆီက ရခဲ့သတဲ့။ အဲဒါကို အမြန်ဘာသာပြန်ပေးစမ်းပါလို့ ကျနော်က ပူဆာပါတယ်။ ဒါကြောင့် ဒီစာအုပ် ဖြစ်မြောက်ရေးမှာ ကျနော့်ပယောဂလဲ မကင်းဘူးဆိုပြီး အမှာစာရေးခိုင်းလာပါတယ်။ သူ့ဘာသာပြန်ကို ကျနော်က ဈေးဦးပေါက်ဖတ်ခွင့်ရလိုက်ပါ တယ်။ သူဟာ မြန်မာစာကို နိုင်နင်းသူဖြစ်တဲ့အပြင် ဂျပန်စကားလုံးတွေကို တိတိကျကျ အဓိပ္ပါယ်ပေါ်အောင် ကြိုးစားအားထုတ်ထားတာလဲ တွေ့ရပါတယ်။ မြို့နာမည်၊ ရွာနာမည်ကိစ္စတွေကို မြေပုံချကြည့်ပြီး ဟိုစုံစမ်း၊ ဒီစုံစမ်းလုပ်ရတာတွေလဲရှိပါတယ်။ သူ့လုပ်ငန်းတခု အောင်မြင်ပြီးမြောက်သွားချိန် သူ့အိမ်ကို ကျနော်ရောက်သွားပြီး စာအုပ်ပြီးမြောက်အောင်မြင်တဲ့ “အောင်ပွဲ” ကျင်းပခဲ့ပါတယ်။ သူတို့မောင်နှံ လက်ထပ်တာ “ငွေရတုပွဲ” နဲ့ တိုက်ဆိုင်လို့ပါ။ ဒေါက်တာကျော်တင့်ရဲ့ အသက်၆၀ပြည့် မွေးနေ့နဲ့လဲ တိုက်ဆိုင်လို့ပါ။ အဆိုတော်ကြီး ဒေါ်မာမာအေးနဲ့ပါ သီချင်းတွေတောင်ဆိုခဲ့ရတာကိုလဲ မမေ့နိုင်ပါ။

မောင်ကျော်တင့် မဌေးဌေးကြည်တို့ ဇနီးမောင်နှံ အသက်ရှည်စွာ အနာမဲ့လျက်၊ ဂျပန်စာအုပ်တွေကို ဆက်လက် ဘာသာပြန်နိုင်ကြပါစေသတည်းလို့ ဆုတောင်းလိုက်ပါတယ်။ လှိုက်လှဲစွာ…။

နောက်ထပ် ဘာစာအုပ် ဘာသာပြန်အုံးမလဲ။

မောင်စွမ်းရည်
၃၀ ဒီဇင်ဘာ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts