ခေတ်ပြိုင်အတွေ့အကြုံ ရေခြားမြေခြား မြန်မာများ

ဗိုလ်သူရိန် ● မြန်မာ့အရေး တောင်ကိုရီးယား ဖွံ့ဖြိုးတိုးတက်မှုနှင့် သင်္ဘောသား

ဗိုလ်သူရိန် ● မြန်မာ့အရေး တောင်ကိုရီးယား ဖွံ့ဖြိုးတိုးတက်မှုနှင့် သင်္ဘောသား
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၇

ကျွန်တော် တောင်ကိုရီးယားကုမ္ပဏီအပိုင်သင်္ဘောကို စတင်စီးဖူးတာ ၂၀၀၈ ခုနှစ်မှာပါ။ တိုက်တိုက်ဆိုင်ဆိုင် မေလ ၃ ရက်နေ့ နာဂစ်တိုက်အပြီးခါစဆိုတော့ ရန်ကုန်တမြို့လုံး ရေ မီးတွေပျက် လမ်းတွေပိတ်နဲ့။ လေယဉ်ခရီးစဉ်တွေဖျက်ခဲ့ရာမှ မေလ ၅ ရက်နေ့ ပထမဦးဆုံးထွက်တဲ့လေယာဉ်နဲ့ ဘန်ကောက်ကို ထွက်ခဲ့တဲ့တယ်။ မှတ်မှတ်ရရ ရေသန့်ဘူးကြီး 20 liter တဘူးနဲ့ ရေချိုးပြီး လေယာဉ်ပေါ်တက်ခဲ့ရတာပါပဲ။ အဲဒီကတဆင့် ကိုရီးယား အင်ချွန်း (INCHON) လေဆိပ်ကို ရောက် နောက်သင်္ဘောကမ်းကပ်ထားတဲ့ POHANG ဆိပ်ကမ်းကို ရောက်ပါတယ်။

သင်္ဘောလေးက တန်ချိန် ၃၇၅၀ ပဲရှိပါတယ်။

တကယ်ကုန်တင်တာကတော့ တန်ချိန် ၆၀၀၀ နီးပါးတင်ပါတယ်။ ဂျပန်ကနေ (scrap) သံတိုသံစ တွေတင်ခဲ့ပြီး ကိုရီးယားမှ ကုန်ပြန်ချတာပါ။ လေးရက်လောက်နေတော့ တရုတ်နိုင်ငံကို ကျောက်မီးသွေး (coal) သွားတင်ပြီး ကိုရီးယားမှာ ကုန်ပြန်ချ ပါတယ်။

နောက်တော့ ဂျပန်နိုင်ငံ နာဂိုရာ (NAGOYA) ဆိပ်ကမ်းကိုသွား သံတိုသံစ  (scarp) တွေပြန်တင် ကိုရီးယားမှာ ကုန်ပြန်ချ။ ကျွန်တော်တို့ သင်္ဘောလေးက ဒီလိုပဲ REGULAR RUN သယ်ယူပို့ဆောင်နေတာပါ။

နောက်တခေါက် ကျွန်တော် တောင်ကိုရီးယားသင်္ဘောတက်ဖြစ်တော့လည်း သြစသြေးလျ၊ တရုတ်၊ ဘရာဇီး၊ ချီလီ အင်ဒိုနီး ရှား နယူးကယ်လီတိုးနီးယား နယူးဇီလန်စတဲ့ နိုင်ငံတွေကနေ သံမြေကြီး (iron ore)၊ ကျောက်မီးသွေး (coal) နီကယ်မြေကြီး (nickle ore) တွေတင်ပြီး တောင်ကိုရီးယားနိုင်ငံ POHANG .KWANG YAN. INCHEON. BUSAN စတဲ့  ဆိပ်ကမ်းကြီးတွေကို ကုန်တွေ သွားချပေးရပါတယ်။

ဟုတ်ပြီ ဒီကုန်ကြမ်းတွေဝယ်ပြီး တောင်ကိုရီးယားနိုင်ငံ ဘာတွေလုပ်နေလည်း။ သံမဏိ သံပြား စတီးပလိပ် စတဲ့ ကုန်ချော တွေကို ကမ္ဘာအနှံ့လိုက်ပို့တာ ကျွန်တော်ကိုယ်တိုင် လေးချောင်း ငါးပေါက် (သင်္ဘောသားအခေါ်) တန်ချိန် ၂၂၅၀၀ crain လေးချောင်းပါတဲ့ သင်္ဘောနဲ့ တောင်ကိုးရီးယားနိုင်ငံကနေ ဆူးအက်တူးမြောင်းကိုဖြတ် အင်္ဂလန်၊ ပေါ်တူဂီ၊ စပိန် အင်္ဂလန် စတဲ့ ဥရောပတခွင် လိုက်ပို့ဖူးပါတယ်။

ဒါတွေကို လေ့လာခြင်းဖြင့် တောင်ကိုရီးယားနိုင်ငံက ဘာတွင်းထွက်သဘာဝသံယံဇာတမှ ထွက်ရှိခြင်းမရှိတာကို ကောက် ချက်ချနိုင်တယ်။

ယခုဆို တောင်ကိုရီးယားနိုင်ငံက ကုန်ကြမ်းကို ကုန်ချောဖြစ်အောင်ပြုလုပ်နိုင်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးဖြစ်နေပါပြီ။ အနှီတောင် ကိုးရီးယားနိုင်ငံက သမိုင်းကို မြန်မာနိုင်ငံနှင့်အတူ ယှဉ်တွဲလေ့လာကြည့်ရအောင်။ ကိုရီးယားနိုင်ငံဟာ ဒုတိယကမ္ဘာစစ် ကျွန်တော်တို့မြန်မာနိုင်ငံလိုပဲ တိုင်းတပါးရဲ့ကိုလိုနီဖြစ်ခဲ့တယ်။ ဆူးအက်တူးမြောင်း ဖွင့်လှစ်ပြီးချိန်တွက် စီးပွားရေးမှာတော့ မြန်မာနိုင်ငံက ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးနဲ့ ကျွန်းသစ် ရေနံတို့ကို ဥရောပတခွင်ကို ပို့ဆောင်နေပါပြီ။ ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် ပြည်တွင်းစစ်တွေဖြစ်လာခဲ့ ကိုရီးယားနိုင်ငံမှာလည်း တောင်မြောက်စစ်ပွဲတွေဖြစ်ပွားလိုက်တာ တနိုင်ငံလုံး အတိဒုက္ခကိုရောက်လို့။ ကန်ဇွန်းဥ ဖုတ်စား ပြုတ်စားရတဲ့ အဆင့်အထိ ဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်း လူမျိုးတူ စကားတူ ဘာသာတူ အသားအရောင်တူပြီး နှစ်နိုင်ငံကွဲတဲ့နိုင်ငံဆိုလို့ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံပဲရှိ တယ်လို့ ကမ္ဘာ့နိုင်ငံများက ကောက်ချက်ချလာတဲ့အထိ ပြည်တွင်းစစ်ဒဏ် အလူးအလဲခံခဲ့ရှာတယ်။ အဲလို တောင်မြောက်ကွဲ
သွားပြီးနောက် တောင်ကိုရီးယားနိုင်ငံက အမေရိကန် အထောက်အပံ့နဲ့ ဖွံ့ဖြိုးတိုးတက်လာပါတယ်။

၁၉၆၂ မှာ တောင်ကိုရီးယားနှင့် မြန်မာနိုင်ငံက တဦးခြင်း GDB ဝင်ငွေဟာ အတူတူဖြစ်ပါတယ်။ မြန်မာနိုင်ငံက လေဆိပ်ပုံစံကို ကြည့်ပြီး ဆိုးလ်လေဆိပ်တည်ဆောက်ခဲ့တယ်လို့လည်း ကြားသိမှတ်သားဖူးပါတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံမှာ စစ်အာဏာ ရှင် အုပ်ချုပ်နေသလို တောင်ကိုရီးယားမှာလည်း စစ်အာဏာရှင်အုပ်ချုပ်ပါတယ်။ အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်၊ အင်ဒို နီးရှား၊ ကမ္ဘောဒီးယားနိုင်ငံတို့မှာလည်း စစ်အာဏာရှင် အုပ်ချုပ်နေချိန်ပါ။

ကျွန်တော် တောင်ကိုရီးယားသင်္ဘောတွေတက်ခါစက အသက် ၇၀ ကျော် ကိုရီးယားသင်္ဘောအရာရှိကြီးတွေက မြန်မာ သင်္ဘော သားတွေကိုတွေ့ရင် အမြဲ ပြောပြပါတယ်။ သူတို့ ငယ်ငယ်က မြန်မာနိုင်ငံရဲ့ အဓိက စပါးကျီ်ဖြစ်တဲ့ ဧရာဝတီတိုင်းက ပုသိမ်အထိ ဆန်တွေ သင်္ဘောနဲ့ လာရောက်သယ်ယူဖူးကြောင်း ပြောပါတယ်။သူတို့က အဲလိုပြောလေ ကျွန်တော်တို့က ရင်နာလေပေါ့။

၁၉၈၃ နောက်ပိုင်း တောင်ကိုရီးယားက အာရှမှာ တိုးတက်လာလိုက်တာ သူ့နိုင်ငံရဲ့ တဦးခြင်းဝင်ငွေကို အသာထား မြန်မာ နိုင်ငံကနေ သွားရောက်အလုပ်လုပ်ကိုင်တဲ့ သာမန်အလုပ်သမားတယောက်တောင် ယနေ့ ၂၀၁၇ မှာဆို တလ ပျမ်းမျှ ၁၅ သိန်းကျော်ရ ရှိနေပါပြီ။ အမေရိကန် တဒေါ်လာ မြန်မာငွေ ခြောက်ကျပ်ခွဲနဲ့ စလာတဲ့ မြန်မာငွေကြေးဟာ ၁၉၉၃ မှာတဒေါ်လာ မြန်မာငွေ  ၃၀၀ ဖြစ်နေပါပြီ။ အဲဒိအချိန် တဒေါ်လာကို  တောင်ကိုရီးယား ဝမ် ၁၀၀၀ ကျော်ရှိလာတာ ယနေ့အထိ ဒီိဈေးပါပဲ။ မြန်မာနိုင်ငံငွေကြေးကတော့ တဒေါ်လာကို ၁၃၅၀ ကျပ်အထိ ငွေကြေးတန်ဖိုးကျဆင်းလာခဲ့ပါပြီ။

ယခုလို ရေးပြနေခြင်းက ကိုယ့်နိုင်ငံမို့ နှိမ်ချပြောနေခြင်းမဟုတ်ပါဘူး။ ကိုလိုနီဖြစ်ဖူးတာခြင်းတူ ပြည်တွင်းစစ်ဖြစ်ဖူးတာခြင်း တူ တဦးခြင်းဝင်ငွေရတာခြင်းလည်းတူ အာဏာရှင်အုပ်ချုပ်ခဲ့ဖူးတာခြင်းတူပေမယ့်  တိုင်းပြည်ကို တကယ်ချစ်ခဲ့တာခြင်းမတူ မိမိမိသားစု ဆွေမျိုးအသိုင်းအဝိုင်းနဲ့ လူနည်းစုတာကောင်းစားစေခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် စစ်အာဏာရှင်လူတစုရဲ့ ဆိုးမွေ များကြောင့်လို့ သုံးသပ်ပြောချင်ပါတယ်။

ကျွန်တော်တို့ နိုင်ငံက ၂၀၁၀ နောက်ပိုင်းမှာတော့ အနည်းငယ်ပြောင်းလဲ လာတယ်လို့ပြောရမယ်။ အတိုက်အခံပါတီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီ က၂၀၁၂ မှာ လွှတ်တော်တွင်း ဝင်ရောက်နိုင်ခဲ့ပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ဖြစ်နေသေးတဲ့ ပြည်တွင်းစစ်ကိုလည်း ငြိမ်းချမ်းရေးတွေလုပ်ရ စစ်အာဏာရှင်လက်ထပ်က မတရားသိမ်းပိုက်ခဲ့တဲ့လယ်ယာမြေပြသနာတွေအများဆုံးဖြေခြင်းရ လက်ရှိမြန်မာနိုင်ငံတွင်းက အလုပ်သမား လခတိုးပေးရေးတွေ ဆောင်ရွက်ရတာ တွေကို တဖြေးဖြေးဖြေရှင်းနေရတဲ့အထဲ ရခိုင်ပြည်နယ်ပဋိပက္ခက ဝင်လာပြန်တော့ တိုင်းပြည်ဖွံ့ဖြိုးရေး နှောင့်နှေးသလို ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ၂၀၁၅ မှာတက်လာတဲ့ NLD အစိုးရက ဦးသိန်းစိန်အစိုးရလက်ထက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပ ဒေနှင့် နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုဥပဒေ နှစ်ရပ်ပေါင်းကို  များမကြာမီက မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဥပဒေအဖြစ်အဖြစ် တခု တည်းပေါင်းစည်းကာ လွှတ်တော်မှထုတ်ပြန်နိုင်ခဲ့ပါတယ်။ ငွေကြေးပြည့်စုံနေသော ခရိုနီခေါ် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် များကလည်း အစိုးရလုပ်ကွက် လုပ်ငန်းခွင်များကို နီးစပ်ရာအစိုးရ တာဝန်ရှိသူများနှင့်ပေါင်း၍ ယခင် စစ်အစိုးရခေတ်ကလို လုပ်မရသည့်အခြေအနေများကြောင့် ယခု အစိုးရသစ်လက်ထပ်မှာ ကြားညှပ်မခံနိုင် ငွေကြေးဆုံးရှုံးမှုများ မရှိလာစေရေး အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို စောင့်မျှော်နေကြရပါတယ်။ မကြာခင် နည်းဥပဒေများထွက်လာပြီး နောက်ပိုင်း ဆိုရင်တော့ ပြည်ပရင်းနှီးမြှုပ်နှံမှုများစွာ လည်းဝင်ရောက်လာနိုင်သော အတိုင်းအတာတခုဖြစ်လာမှာပါ။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအနှေးအမြန်က ပြည်တွင်းငြိမ်းချမ်းရရှိဖို့လိုအပ်သလို ရခိုင်ပြည်နယ်အရေးကဲ့သို့ ပဋိပက္ခများက လည်း နိုင်ငံအတွက်ဖွံ့ဖြိုးမှုနှစ်တွေကို ဆွဲဆန့်သလိုဖြစ်လာနိုင်ပါတယ်။

တောင်ကိုရီးယားနဲ့မြောက်ကိုရီးယား နှစ်နိုင်ငံပဲနှိုင်းယှဉ်ကြည့်ပါ။ ကျွန်တော်ကိုယ်တိုင် တရုတ်နိုင်ငံနယ်စပ်အနီးက မြောက် ကိုရီးယားမှာ ကျောက်မီးသွေးသွားရောက်တင်ဖူးပါတယ်။ သူတို့ရေပိုင်နက်ထဲရောက်တာနဲ့ ကင်းလှည့်ရေယဉ်တွေ ကင်း လှည့် SPEED BOART တွေ လုံခြုံရေးတွေကတော့ အပြည့်အဝပါပဲ။ နိုင်ငံကသေးပေမယ့် တိုင်းပြည်အသုံးစားရိတ်မှာ စစ်အသုံးစားရိတ်က ကမ္ဘာမှာအများဆုံးသုံးထားသောနိုင်ငံတခုပါ။ ဆိပ်ကမ်းရောက်သွားတော့ ဆိပ်ကမ်းအစောင့် ရဲတွေ အလုပ်သမားတွေက တောင်ကိုရီးယား သင်္ဘောမှန်းသိတော့ ခေါက်ဆွဲထုပ် မုန့်ခြောက် အအေး အကုန်တောင်းစားတော့တာ ပါပဲ။ မြောက်ကိုရီးယားနိုင်ငံမှာ တောင်ကိုရီးယားကထုတ်တဲ့ CHOCOMILE ဆိုတဲ့ ချောကလက်ဘီစကစ်က သူ့နိုင်ငံသားတွေ လက်ထဲမိတာနဲ့ သူလျှိုဆိုပြီးသတ်ပစ်တဲ့အထိ ဥပဒေချမှတ်ထားပေမယ့် ကျွန်တော်တို့ ပေးသမျှ CHOCOMILE များကတော့ သူတို့အတွက် အကောင်းဆုံး အစားအစာတခုပဲဖြစ်ပါတယ်။ တချို့မြောက်ကိုရီးယားတွေဆို တံဆိပ်မမြင်အောင် ဖွင့်ဖောက် ပြီး စက္ကူလေးတွေနဲ့ထုပ်ပိုး အိမ်ကမိသားစုအတွက် ထုပ်ယူသွားကြတာကိုမြင်ရတော့ စစ်အာဏာရှင်များကို ရွံရှာနှာခေါင်းရှုံ့ ပိုမို အပြစ်တင်လာကြတာ ဓမ္မတာပဲမဟုတ်လား။

ဒါကြောင့်မလို့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုလမ်းစကို စတင်လျှောက်လှမ်းချိန်မှာ အစွန်းရောက်ဘက်တော်သားတချို့ကို ပြောချင်တာက အရပ်စကားနဲ့ပြောရရင် မကူညီချင်နေပါ မနှောက်ပါနဲ့လို့ အကြံပြုချင်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်မြေ ကိုယ့်ရေ ကိုယ်ပိုင်စကား ကိုယ်ပိုင်စာပေ ကိုယ်ပိုင်ယဉ်ကျေးမှုရှိလာကြတဲ့ လူမျိုးတွေပါ။ ဗုဒ္ဓဘာသာ အများစု နေထိုင်ကြသလို ရိုးရာယဉ်ကျေးမှုကို လူမျိုးဘာသာမရွေး စောင့်ထိမ်းနေလာကြတာ ယနေ့အထိပါပဲ။ ပြောင်းလဲလာ တဲ့ ဒီမိုကရေစီခေတ်ကြီးမှာ နိုင်ငံရဲ့ ဖွံ့ဖြိုးမှုက အစိုးရနဲ့ဆိုင်သလို ပြည်သူကလည်း အဓိကကြပါတယ်။

လက်ရှိမြန်မာနိုင်ငံ အခြေအနေအရ၂၀၁၇ စက်တင်ဘာမှာကျင်းပတဲ့ ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲ ဇွဲ အငြိမ့် ကပြသွားသလို အစိုး ရလွှတ်တော် ပြည်သူ တပ်မတော်ပေါင်းစည်းပြီးလှော်ခတ်မှသာ တိုင်းပြည်ဖွံ့ဖြိုးမှုပန်းတိုင်ကိုရောက်နိုင်သလို ပြိုင်တူ တွန်းရင် ရွေ့နိုင်ပါတယ်ဆိုတဲ့ စကားပုံက ရှေးလူကြီးများရဲ့ လက်သုံးစကား အမှန်ပင်ဖြစ်ပါစေလို့ သိမှီသလောက်ရေးသားတင်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ပါစေ။

ဗိုလ်သူရိန်
၂ ၁၀ ၂၀၁၇
ခေတ္တ တောင် ပစိဖိတ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts