သရော်စာ ဂျော်ဒီး

ဂျော်ဒီး – “မိုးမခရွာသားကလေးငယ်များ နှ့င် လက်မည်းကြီးပုံပြင်”

 

ဂျော်ဒီး – “မိုးမခရွာသားကလေးငယ်များ နှ့င် လက်မည်းကြီးပုံပြင်”
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇

သစ်တပင်ကောင်း ငှက်တသောင်းနားနိုင်ဆိုသကဲ့သို့ မိုးမခရွာထိပ်ညောင်ပင်ကြီးပေါ်တွင် ယခုတလော ငှက်ပေါင်းစုံကြသည်။ ငှက်တို့ကား အရောင်အသွေးစုံလှ၏။ အသံမျိုးစုံထွက်ကြ၏။ ထို့ကြောင့် မိုးမခရွာ ညောင်ပင်ကြီးအရိပ်တွင် ငှက်ချေးမျိုးစုံရနံ့တို့ သင်းပျံ့နေလေရာ ဖြတ်သွားသူခရီးသွားတို့ကား ရနံစုံလွန်းသဖြင့် ဘာပင်မှန်းမသိအောင် ဇဝေဇ၀ါ နဝေတိမ်တောင် ဖြစ်ကာ မကြာမကြာ မော့မော့ကြည့်ရလေ၏။ မိုးမခရွာသား ကလေးငယ်များခမျာ သီတင်းကျွတ်ကျောင်းပိတ်ရက်မို့ ကစားနေကျ ညောင်ပင်ကြီးအောက်မှာ သံယောဇဉ်မပြတ်နိုင်ရှာပဲ တ၀ဲလည်လည် နှာခေါင်းတရှုံ့ ရှံ့ ငှက်ချေး အလူးလူးနှင့်ပင် စိတ်မသက်မသာ လာရောက်စုရုံးကစားနေကြလေသည်။

ထိုစဉ် ဟိုဘက်ရွာမှ ပြန်လာသော ဂျီးဒေါ်တယောက် ညောင်ပင်ကြီးအောက်သို့ ဆိုက်ဆိုက်မြိုက် မြိုက်ရောက်လာရာ ကလေးများက “ဂျီးဒေါ်ရေ ညောင်ပင်အောက်မှာ အပန်းဖြေရင်း ပုံပြောပြပါ” ဟု ပွဲတောင်းကြလေသည်။

ငှက်ချေးနံ့တထောင်းထောင်းကြားမှာ အပန်းဖြေဖို့ အခက်ပွေသော်လည်း မိုးမခရွာသားကလေးတွေ ဆိုတာ ကိုယ့်ဘော်ဒါ ကလေးတွေမို့ ဂျီးဒေါ်ခမျာ ခေါင်းပေါင်းမျက်နှာသုတ်ပုဝါကလေးကို ဖြုတ်ကာ နှာခေါင်း ရှေ့ တွင် တဖျပ်ဖျပ်ယပ်ခပ်ရင်း ဘာပုံပြင်ပြောပြရကောင်းနိုး အသည်းအသန် စဉ်းစားရလေသည်။ ခေါင်းခြောက်အောင် စဉ်းစားသော်လည်း ရုတ်တရက် စဉ်းစားမရသဖြင့် ခေတ်နဲ့လျော်ညီသော ခေါင်းထဲပေါ်လာရာ ပုံပြင်တပုဒ်ပဲ မီးစင်ကြည့်က လက်တမ်းပြောရပေတော့မည်။

ဂျီးဒေါ်။ ။ အင်း … ဒီတခါ လက်မည်းကြီး ပုံပြင်ပြောပြမယ်ကွာ။

ကလေးများ။ ။ ဟာ… လက်မည်းကြီးဆိုတော့ သရဲပုံပြင် ထင်တယ်။

ပြောရင်းဆိုရင်း တူရာနီးရာ ကလေးချင်း ကျောချင်းကပ်လိုက်ကြသည်။ မျက်လုံးလေးများကား အရောင်တလက်လက်။ ဒီလို ဖိန့်လုံးခြောက်လုံး သရဲတစ္ဆေ မှင်စာဖုတ်ဘီလူး ပုံပြင်ဇာတ်လမ်းတွေဆိုတာ အကောင်အထည် မပြနိုင်စေကာမူ လူအများသည်းခြေကြိုက်ကြသည် မဟုတ်လား။

ဂျီးဒေါ်။ ။ အေး..နားထောင်ကွဲ့ ။ တခါက ရွာတရွာရဲ့  ရွာထိပ်မှာ ညောင်ပင်ကြီးတပင်ရှိတယ်တဲ့။ တနေ့တော့ ရွာတောင်ပိုင်းသား “ဗိုလ်ဖွကြီး”တယောက် “လက်မည်းကြီး” “ လက်မည်းကြီး”လို့ အော်ကြီးဟစ်ကျယ်အော်ပြီး ရွာထဲကို ပြေးဝင်လာသတဲ့။ လူတွေက ၀ိုင်းမေးကြမြန်းကြတော့ ရွာထိပ် ညောင်ပင်အောက်ကို အဖြတ်မှာ ညောင်ပင်ပေါ်က လက်မည်းကြီးအကြီးကြီး တစ်ဖက် ကျလာတဲ့အကြောင်း။ လက်မည်းကြီးက သူ့ကို ဘယ်လို ခြောက်လှန့်လိုက်တဲ့အကြောင်း..။ ဟိုဘက်ရွာက ငသာဒုတ်တို့လည်း လက်မည်းကြီးနဲ့တွေ့ ပြီး ခြောက်လှန့် ခံရဖူးတဲ့အကြောင်း စီကာပတ်ကုန်း ဖွ အဲ…ပြောသတဲ့။ တဖြေးဖြေးနဲ့ တဆင့်စကား တဆင့်ကားပြီး လက်မည်းကြီးရဲ့  ကြောက်စရာကောင်းတဲ့ ခြောက်လှန့်ပုံ သတင်းအမျိုးမျိုးဟာ လူတွေကြားထဲမှာ ပျံ့သထက် ပျံ့လာသတဲ့ ။

ကလေးများ။ ။ ဟာ.. တို့ခေါင်းပေါ်က မိုးမခညောင်ပင်ကြီးမှာ များလား…။

ဂျီးဒေါ်။ ။ တချို့ ကပြောတာတော့ လက်မည်းကြီးက ချက်ကောင်းကိုစောင့်ပြီး လူတွေရဲ့  ထိပ်ကို အသေထုပြီး ခြောက်လှန့်တတ်သတဲ့။ တချို့ က ပြောတာကြတော့ လက်မည်းကြီးဟာ လူတွေရဲ့ ကျောကို ဖြန်းကနဲရိုက်ပြီး လိပ်ပြာလွင့်အောင် ခြောက်တတ်သတဲ့..။ တခါတလေကျရင်တော့ လက်မည်းကြီးဟာ ဖြတ်သွားဖြတ်လာတွေရဲ့  ခြေထောက်တွေကို ဆက်သွားမရအောင် လှမ်းဆွဲထားတတ်သတဲ့ ။ ဒီလို လက်မည်းကြီးသတင်းတွေ မျိုးစုံထွက်နေတော့ ရွာသားအများစု ဟာ ရွာထိပ်ညောင်ပင်ကြီးအောက်ကို ဖြတ်လျှောက်ဖို့တောင် ထိတ်လန့်နေကြသတဲ့။

ကလေး(၁)။ ။ ခြောက်နည်း သုံးမျိုးဆိုတော့ လက်မည်းကြီးက သုံးကောင် ထင်တယ်နော် ။

ဂျီးဒေါ်။ ။ တဖြေးဖြေးနဲ့ ရွာထိပ်ညောင်ပင်အောက်ကို မသွားရဲရုံတင်မကဘူး ။ရွာထဲမှာတောင် တယောက်နဲ့တယောက် မသင်္ကာကြတော့ပဲ စိုးရိမ်ကြောက်လန့်လာကြသတဲ့။ ဘာဖြစ်လို့လဲဆိုတော့ လက်မည်းကြီး ခြောက်လှန့်တာကို ခံလိုက်ရတဲ့သူတွေဟာ သေရင်သေ ။ မသေရင် အဲဒီလူတွေရဲ့  လက်တွေဟာ မည်းသွားပြီး သူကိုယ်တိုင် မကောင်းဆိုးဝါးလက်မည်းကြီးဘ၀ကို ရောက်သွားရောလို့ ပြောကြသတဲ့။

ကလေး(၁)။ ။သမန်းကျားပုံပြင်တွေထဲကလိုပဲ၊ လက်မည်းအခြောက်ခံရသူဟာကိုယ်တိုင် လက်မည်း ဇာတ် သွင်းခံရတာမျိုးထင်တယ်နော်။

ဂျီးဒေါ်။ ။အရင်က နှစ်အိမ့်တအိမ် နေလာတဲ့သူတွေလည်း လက်မည်းကြီးပယောဂကြောင့် တအိမ့်တအိမ် မခေါ်ရဲမပြောရဲ မ၀င်ရဲမထွက်ရဲတွေဖြစ်လာသတဲ့။ နောက် တဖြေးဖြေးနဲ့ ကိုယ့်အိမ်သားအချင်းချင်းတောင် မယုံကြတော့ပဲ နှလုံးသွေးလေခြောက်ခြား အလုပ်ပျက်အကိုင်ပျက် အစားပျက်အသောက်ပျက် တွေဖြစ်လာပြီး ကျန်းမာရေးတွေပါ ချို့ တဲ့လာကြသတဲ့။ ထူးဆန်းတာက လက်မည်းကြီးကို ကြောက်လို့သာ ကြောက်နေတာ ရွာသားတွေထဲမှာ ဗိုလ်ဖွကြီးကလွဲရင် ဘယ်သူမှ လက်မည်းကြီးကို နဖူးတွေ့ဒူးတွေ့  မမြင်ဖူးကြဘူးတဲ့။ ကြားဖူးရုံနဲ့ကို ကြောက်နေကြတာ ဖိန့်ဖိန့်တုန်နေတာပဲတဲ့ ။ ရွာထဲက  သက်ကြီးရွယ်အိုတွေကတော့ ဟိုးခေတ်တုန်းကလည်း ရွာမှာ အခုလို လက်မည်းကြီးပယောဂ မကြာခဏ ကပ်ဖူးတယ်..။ လက်မည်းကြီးတစ္ဆေရှိတာတော့ သေချာတယ်လို့ ပြောကြသတဲ့။ ရွာထဲက တချို့ လူငယ်တွေက မယုံလို့ ညောင်ပင်ကြီးအောက်သွားစောင့်ကြတော့လည်း လက်မည်းကြီးကို နဖူးတွေ့ဒူးတွေ့  မတွေ့ ကြရဘူးတဲ့။ ဒါနဲ့ တဦးတည်းမျက်မြင်သက်သေ ဗိုလ်ဖွကြီးဆီသွားပြီး လက်မည်းကြီးကို တွေ့ တာ တကယ်ဟုတ်ရဲ့ လားလို့ မေးကြသတဲ့။ ဖွတဲ့အရာမှာ ဗိုလ်ဘွဲ့ ရထားသူ ဗိုလ်ဖွကြီးက “မင်းတို့ လက်မည်းကြီး ရှိကြောင်း မယုံရင် ငါသက်သေပြမယ်၊ လာလိုက်ခဲ့ဆိုပြီး.. ရွာထိပ်ညောင်ပင်ကြီးဆီကို ခေါ်သွားသတဲ့”

ကလေး(၂)။ ။ဟာ..ကောင်းခန်းတော့ ရောက်ပြီ ။ လူငယ်တွေ လက်မည်းကြီးနဲ့ တွေ့တော့မယ် ထင်တယ်ဟေ့။

ကလေး(၃)။ ။ ရွာထိပ်ညောင်ပင်ကြီး အောက်ရောက်တော့ ဘာတွေ့ သတဲ့လဲဂျီးဒေါ်။ မြန်မြန်ပြောပါဗျ..။

ဂျီးဒေါ်။ ။ရွာထိပ်ညောင်ပင်ကြီးအောက် ရောက်တော့ ဗိုလ်ဖွကြီးဟာ လူငယ်တွေကို ၉ မိနစ်ပဲ စောင့် လက်မည်းကြီးကို ပြမယ်လို့ ပြောပြီး ညောင်ပင်ကြီးနောက်ပင်စည်အကွယ်ကို ၀င်သွားပြီး မန်းမှုတ်နေသံကြားသတဲ့ ..။ လူငယ်တွေကလည်း တထိတ်ထိတ် သတိနဲ့ စောင့်ကြည့်နေကြသတဲ့။ ၉ မိနစ်ပြည့်တာနဲ့ ဗိုလ်ဖွကြီးဟာ ညောင်ပင်နောက်ကနေ ရုတ်တရက် ခုန်ထွက်လာပြီး “ဒီမှာဟေ့… လက်မည်းကြီး” လို့ အော်လိုက်သတဲ့။ လူငယ်တွေဟာလက်မည်းကြီးကို ခုခံတိုက်ခိုက်ဖို့ စွဲကိုင်လာတဲ့ ရရာလက်နက်တွေနဲ့အသင့်အနေအထားဝိုင်းပြီး ကြည့်လိုက်တော့ မီးသွေးခဲတွေကို ပယ်ပယ်နယ်နယ် ဆုပ်ကိုင်ထားတဲ့ ဗိုလ်ဖွကြီးရဲ့ လက်မည်းမည်းကြီးတွေကို တွေ့ လိုက်ရသတဲ့။ ကဲ … ကဲ … မယုံရင် ပုံပြင်လို့ မှတ်ကြကွဲ့ ။ အရေးကြီးတာက ပုံပြင်ထဲက တချို့ ရွာသားတွေလို သူများလှန့်လုံး ၀ါဒဖြန့်လုံးနဲ့ ရမ်း မကြောက်ကြဖို့ပဲကွယ်။ ဒါနဲ့ မင်းတို့ကစားနေတဲ့ ညောင်ပင်ကြီးကိုလည်း သန့်ရှင်းရေးလေး.. ဘာလေး လုပ်ကြဦး။ ငှက်ချေးနံ့ပေါင်းစုံနဲ့ ကျန်းမာရေး ထိခိုက်မယ်ကွဲ့ ။

ကလေးများ။ ။ကျနော်တို့ ကလေးတွေလေ.။ ကိုယ်တတ်နိုင်တဲ့ အပင်အောက်ခြေကို သန့်ရှင်းရေး လုပ်လဲ အပင်ပေါ်မှာ ငှက်ပေါင်းစုံ လာ မစင်စွန့်နေတာကိုမှ မတတ်နိုင်တာဂျီးဒေါ်ရာ။ ရောနံနေရတာပဲ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts