ကဗျာ

သုအိုင်စံ ● လူယဉ်ကျေးတို့ရဲ့ကမ္ဘာ

သုအိုင်စံ ● လူယဉ်ကျေးတို့ရဲ့ကမ္ဘာ
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၇

ဘုရားစင်မှာ ဓားတင်ထားတာ
ခင်ဗျားမြင်သာရဲ့လားဗျာ
အဲဒါ
ခင်ဗျားရင်ထဲက စာသားတွေပါပဲ
အများမြင်သာဖို့လည်းလိုရဲ့
တရားသဘင်သာလို့လည်း ခေါ်ရဲ့
သင့်တော် မျှတမှန်ကန်သော
အမှန်တရားဆိုတာ
ဘုရားအပါးမှာ မေတ္တာမှန် ကိုးကွယ်ထားတယ်
ဓားအသွားမှာ သစ္စာမာန် ထိုးခြယ်ထားတယ်
ခင်ဗျား + ကျုပ် = ကျုပ်တို့ဆိုတာ
တရားနဲ့ဓား ချုပ်ဆိုထားတဲ့ စာချုပ်လိုပါ
ဒီ စာချုပ်ကို
ကျုပ်ကလည်း မဆွဲဆုတ်ပေဘူး
ခင်ဗျားကလည်း မဆွဲဆုတ်လေနဲ့
ဓားထုတ်တာထက်စာရင်
တရားလုပ်တာက ပိုညင်သာတယ်လို့
ကျုပ်တို့အစဉ် ယုံကြည်နေသေးရဲ့
လူယဉ်ကျေးတို့ရဲ့ကမ္ဘာမှာ
တရားပြလို့ မမြင်ရင်
ဓားချလို့သင်ရကြောင်း
ဖြစ်တည်မှုကျောင်းတုန်းက မသင်ပေးလိုက်လေပါ
လူ့ယဉ်ကျေးမှုမှာ ခေါင်းသုံးလို့ မြင်ကြေးလေဗျာ
ဘုရားစဉ်မှာ ဓားတင်တာ
အများမြင်သာတဲ့ တရားသဘင်မဟာပဲ
တနည်းအားဖြင့်တော့လည်း
မတရားတဲ့ အယုတ်အရိုင်းလိုဟာတို့အား
ဓားနဲ့ ခုတ်ပိုင်းဖို့…ဆိုတာ… ယုံထား။ ။

၀၂-၁၀-၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts