Poems ၾသစေၾတးလ်

သုအိုင်စံ-တလမ်းသွားကုန်စည် = One-Way Trade-Goods

((( တလမ်းသွားကုန်စည် = One-Way Trade-Goods )))
သုအိုင်စံ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၇

( ထရပ်ကားပေါ်မှ သက်မဲ့များ )
ဆောင်းရာသီပေါ် ဖရဲသီးချိုချိုဖွံ့ဖွံ့ထွားထွားများ
၁၂ရာသီပေါ် ကျွန်းသစ်လုံးတောင့်တောင့်ဝဝမျာ
ခြင်္သေ့ရုပ်နဲ့ နဂါးရုပ် ထွင်းလို့ကောင်းတဲ့ ညောင်မြစ်ဆုံများ
မြန်မာ့ကုန်းတွင်း မွေးမြူရေးကန်မှ ရေခဲရိုက် ရေချိုငါးများ
ကချင်ကုန်းမြေမြင့်မှ အနိမ့်ဈေးနဲ့ရတဲ့ ကျောက်စိမ်းရိုင်းတုံးများ
( ထရပ်ကားပေါ်မှ သက်ရှိများ )
ညစာဟင်းခွက်ထဲရောက်သွားမဲ့ ခွေးလေခွေးလွင့် ခွေးပိန်များ
ညစာဟင်းခွက်ထဲရောက်သွားမဲ့ တခါက လယ်လုပ်ခိုင်းနွားအိုများ
အရေခွံဆုတ် + ပိုက်ဆံအိပ်လုပ်ခံရမဲ့ ငမိုးရိပ်မိချောင်း မသေမရှင်များ
မယားလည်းဖြစ် + ကျွန်လည်းခံဖြစ်သွားမဲ့ မိန်းမငယ်သွယ်သွယ်များ
ကလီစာ အထုတ်ခံရပြီး ဆေးရုံသုံးကုန်ဖြစ်သွားမဲ့ ကလေးငယ်ပိန်များ
( လမ်းပေါ်မှ ထရပ်ကားများ )
ထရပ်ကား
ထရပ်ကားတန်း
ထရပ်ကားတန်းကြီး
ထရပ်ကားတန်းကြီးများ
ထရပ်ကားတန်းကြီးများဟာလမ်းမှာ
ထရပ်ကားတန်းကြီးများဟာလမ်းမှာအပြည့်
ထရပ်ကားတန်းကြီးများဟာလမ်းမှာအပြည့် တရွေ့ရွေ့
နေ့တိုင်းနေ့စဉ် …. အသက်ဝင်သွားလာ – နားချိန်ဆိုတာမရှိ
တရက်ကို ၂၄ နာရီ အပြည့် သွားလာလှုပ်ရှားနေကြတဲ့
တရုတ်ပြည်လုပ်တဲ့ ထရပ်ကားများ
တခြားနိုင်ငံသား၏ဂုတ်(ကုပ်)သွေးကိုမှ ဆာနေတဲ့ လောဘများ
တခြားနိုင်ငံသား၏ ဂုတ်(ကုပ်)သွေးကိုမှ
ငတ်မွတ်နေသည့် လောဘများနဲ့ အစာအိမ်များက
ထရပ်ကားပိုင်ရှင်….
သူ့ ဆောင်ပုဒ်နဲ့ သူ့လမ်းစဉ်က
ပေါချောင်ကောင်းရသမျှ အကုန်တင်ဟေ့…ဆိုလား…
ပေါချောင်ကောင်း ရသမျှ အကုန်စားဟေ့ ဆိုလား….
တခြားနိုင်ငံ၏ မြေထွက်အရင်းအမြစ်ကိုမှ ဆာနေတဲ့ လောဘများ
တခြားနိုင်ငံ၏မြေထွက်အရင်းအမြစ်ကိုမှ
ဆာနေတဲ့ လောဘများနဲ့ အစာအိမ်များက
ထရပ်ကားပိုင်ရှင်….
သူ့ ဆောင်ပုဒ်နဲ့ သူ့လမ်းစဉ်က
ပေါချောင်ကောင်း ရသမျှ အကုန်တင်ဟေ့…ဆိုလား….
ပေါချောင်ကောင်း ရသမျှ အကုန်စားဟေ့ ဆိုလား….
တကယ်လို့သာ….
ခင်ဗျားဟာ ပါးရည်နားရည်ဝတဲ့ စာဖတ်အား သိပ်သန်သူတဦးဆိုရင်
ဒီကဗျာမှာ ဘာကိုဆိုလို တင်ပြပြီး ဘာကို ပြောဆိုတော့မယ်ဆိုတာ
ခင်ဗျား အလိုလို သိနေလောက်ပါပြီမျာ… ဟုတ်တယ်မဟုတ်လား
ဒီတော့ ဒီကဗျာမှာ ကျုပ် ပြောသွားစရာတခုပဲ ကျန်တော့တယ်
အဲဒါကို အင်္ဂလိပ်လို စတန့်ထွင် အာချောင် ပောကြည်ကြအောင်
Welcome To China, One-way Trip By Truck- Cars!!!

သုအိုင်စံ
၂၁-၀၉-၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts