ကဗျာ

ဆောင်းဝေ (နတ်မောက်) ● နံရံ

ဆောင်းဝေ (နတ်မောက်) ● နံရံ
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၇

နံရံတွေဟာ တရုတ်ပြည်ကမဟာတံတိုင်းဖြစ်ပြီး
နံရံတွေဟာ ပြိုကျသွားခဲ့တဲ့ဘာလင်တံတိုင်းပေါ့
နံရံတွေမှမရှိရင် အခန်းနဲ့အိမ်ရယ်လို့ မခေါ်ဆိုနိုင်ဘူး
နံရံတွေဆိုတာ ခေတ်အဆက်ဆက် လိုအပ်နေတဲ့အရာ
နံရံတွေဟာ မလုံခြုံမှုကိုဖော်ပြတဲ့အရာ။

နတ်ရှင်နောင်အတွက် စစ်ပွဲတွေဟာ နံရံတွေဖြစ်သလို
အနန္တသူရိယအမတ်အတွက် သေဒဏ်ကျနေချိန်ဟာနံရံပေါ့
ဂျူးလိယက်ဆီဇာဟာ ဒူးကိုထောက်ကာ
ကလီယိုပက်ထရာရဲ့နံရံကိုဖြိုချခဲ့ဖူးသတဲ့။

ငါတို့အချစ်မှာ လိုအပ်ချက်တွေက နံရံလိုဝေးကွာစေပြီး
ရောက်ရှိမလာသေးသောဝေးကွာမှုဟာ ငါတို့ရဲ့သေချာသောနံရံပေါ့
“ရှင့်ဖုန်းကိုခေါ်လိုက်ရင် မအားဘူးချည်းပဲပြောနေတယ်၊ ဘာလုပ်ထားတာလဲ”
“ကျမကို သေအောင်သတ်နေတာလား ”
လမ်းတွေဟာ ငါတို့မပါပဲမြို့အပြင်ကိုထွက်ခွာသွားကြတယ်။
နံရံပေါ်ကဆေးသားတွေ ငါ့အပေါ်ကွာကျလာနေတယ်။ ။

ဆောင်းဝေ (နတ်မောက်)
စက်တင်ဘာ ၁၂၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts