ကဗျာ ထွန်းဝင်းငြိမ်း

ထွန်းဝင်းငြိမ်း – ထိုးဇာတ်

 

ထွန်းဝင်းငြိမ်း – ထိုးဇာတ်

(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၇စေ့စပ်ရေးဆိုတာ
အောင်ပွဲနဲ့ လက်နက်ချတာ နှစ်ခုကြားက
ပစ္စက္ခများ ဆိုတော့ . . . ။

ပထမအရာသာ မရရင်
ဘာကိုမှ မရချင်တော့တာ
ကျနော်တို့ အလွန်လား
အဖြေမပေါ်တဲ့ တွေ့ဆုံပွဲတွေနဲ့
အာရုံလွှဲခဲ့တယ်။

ဘာမှန်းမသိရတာတွေက
အကြီးကြီးတွေဖြစ်လို့
အသစ်အသစ်တွေနဲ့
အောချလို့ မဆုံးနိုင်တာ
အနှစ် ၇၀ ကျော် ပြည်တွင်းစစ်ကြီးပါ
ဘာတခုမှ ကောင်းကျိုးမပေးပါဘူး။

“ဗိုလ်ကြီးတို့လာမှ ကျမတို့ ရွာကလေး
ပြာကျရသတဲ့” အေးသာတို့အဖြစ်တွေသာ
မှတ်တမ်းဝင်ကြရင် ဂင်းနစ်စံချိန်မှာ
ရွှေအကြိမ်ကြိမ် ချိတ်လောက်တယ်။

သံခင်းတမန်ခင်းတွေနဲ့ ဘေးတီးတိုင်း
ကျိတ်ဝိုင်းတွေနဲ့ ခြေပုန်းခုတ်တိုင်း
သူ့အရပ်နဲ့သူ့ဇာတ် ကခဲ့ကြတိုင်း
ငြိမ်းချမ်းရေးကော ရပါသလား
ဒီမိုကရေစီရေး ထွန်းကားပါသလား
ဖက်ဒရယ်တွေ နီးစပ်ပါသလား။

အခုဟာက
ရူးချင်ယောင်ဆောင်တဲ့သူတွေနဲ့
အိပ်ချင်ယောင်ဆောင်နေသူတို့ရဲ့
ထိုးဇာတ်ကြီးပါ။

မသိချင်ယောင်ဆောင်တတ်သူတွေ
မမြင်ချင်ယောင်ဆောင်နေသူတွေနဲ့
မကြားချင်ယောင်ဆောင်တတ်သူတို့သာ
ခွက်ခွက်လန် အားပေးတဲ့ပွဲပေါ့။

တချို့က
စစ်ပွဲတွေဖန်တီးရင်း
သူတို့ရဲ့ အရေးပါမှုကို
အတည်ပြုခိုင်းတယ်။

တချို့က
စစ်မြေပြင်က တိုက်ပွဲတွေကို
စားပွဲဝိုင်းပေါ် တင်ကြည့်တယ်။

ကတိအသစ်တွေ တိုးလာပြီး
အန်ကယ်က နိုး နိုး နိုး ဆိုတော့
စေ့စပ်ရေးဟာ ဘယ်အချိုးနဲ့ တွက်တွက်
လမ်းမပေါ်တက်ကြဖို့ အဖြေကထွက်ပြီးသားပေါ့။

ထွန်းဝင်းငြိမ်း
၁၅၊ ၉၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts