သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး – အပိုင်း (၆)

မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး – အပိုင်း (၆)
(ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးသပ်ချက်)
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၇


● ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်တိုက်ပွဲများ
ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ပြီးသွားသည်နှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွားလာခဲ့တော့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေအရ တိုက်ပွဲများဖြစ်လာလိမ့်မည်ကို တွက်ဆပြီးဖြစ်ကြသည်။ မြန်မာ့အရေးလေ့လာသူများအဖွဲ့(Burma Monitor) ၏ စုဆောင်းမှတ်တမ်းပြုမှုများအရ အောက်ပါအတိုင်းတွေ့ရသည်။

၂၀၁၇ ခုနှစ်မေလ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ပြင်ဆင်ကျင်းပသည့်လတွင် တပ်မတော်နှင့် TNLA အကြား တိုက်ပွဲ အများအပြားဖြစ်ပွားခဲ့သည်။ မေလ ၂ /၃/ ၅/ ၆ / ၈/ ၉/ ၁၀/ ၁၃/၁၅/ ၂၂/၂၃/ ၂၄/ ၂၅/ ၂၆/ ၂၈/၃၀/၃၁ ရက်များအတွင်း အနည်းဆုံးတိုက်ပွဲ ၄၃ ပွဲဖြစ်ပွါစခဲ့သည်။ တိုက်ပွဲများအတွင်း တပ်မတော်မှ လေကြောင်းအသုံးပြု တိုက် ခိုက်မှု များရှိခဲ့သည်။ ထုတ်ပြန်ချက်များအရ တပ်မတော်မှ ၁၉ ဦးကျ ဆုံး၍ ၁၁ ဦးဒဏ်ရာရခဲ့သည်။ TNLA မှ ၂ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ဆမ်၊ မန်တုန်၊ မိုးမိတ်၊ ကျောက်မဲမြို့ နယ်များတွင် တိုက်ပွဲများဖြစ် ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားမှု အများဆုံးအဖြစ် မန်တုန်မြို့နယ်တွင်း ၁၁ ရက်၊ ဒုတိယအများဆုံးအဖြစ် နမ္မတူမြို့ နယ်အတွင်း ၅ ရက်ဖြစ်ပွားခဲ့သည်။

၂၀၁၇ ခုနှစ် ဇွန်လ ၁/၂ / ၆/ ၈/ ၁၀/ ၂၀/ ၂၃/၂၄/ ၂၅/၂၆/၂၇ ရက်များအတွင်း တပ်မတော်နှင့် TNLA တို့စုစုပေါင်း တိုက်ပွဲ အနည်းဆုံး ၁၇ ကြိမ်ဖြစ်ပွားခဲ့သည်။ နှစ်ဖက်ကျဆုံးမှု ထုတ်ပြန်ခြင်းမရှိပါ။ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မန်တုန်မြို့ နယ်များအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်မြို့ နယ်အတွင်း တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည်။ နမ့်ဆမ်မြို့ နယ် စစ်ရေးတင်းမာမှုအကြား ရွာသားများ မြေစာပင်ဖြစ်ခဲ့ရသည်။ ရွာသား ၃ ဦး သေဆုံးခဲ့ပြီး ရွာသားအများအပြား တပ်မ တော်၏ ထိမ်းသိမ်းမှုခံခဲ့ရသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၈/ ၁၀/ ၁၁/ ၁၂ / ၁၉/ ၂၀/ ၂၁/၂၄/၂၅ ရက်များတွင် တပ်မတော်နှင့် TNLA ကြား အနည်းဆုံး တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီးကျ ဆုံးဒဏ်ရာရစာရင်း ထုတ်ပြန်ခြင်းမရှိပါ။ တိုက်ပွဲများသည် မိုးမိတ်၊ နမ္မတူ၊ မန်တုန်၊ ကွတ်ခိုင်၊ သီပေါ၊ နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ မိုးမိတ်မြို့နယ်တွင် ၃ ကြိမ်ဖြစ်ပွားပြီး အများဆုံးဖြစ်ပွားခဲ့သည်။ ဇူလိုင် ၂၁ ရက် နေ့ သီပေါမြို့နယ်အတွင်း ဖြစ်ပွားသောတိုက်ပွဲတွင် လေကြောင်းပစ်ကူကို အသုံးပြု ခဲ့သည်။ တိုက်ပွဲများအတွင်း အရပ်သား ၂ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့သည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၄ ရက်နေ့တွင်လည်း မန်တုန်အနီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှု များကြောင့် စာသင်ကျောင်းများ ပိတ်ခဲ့ရသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၅ ရက် နေ့ကလည်း နမ့်ခမ်းနှင့် နန့်ဖတ်ကာကြားရှိ မယ်ဆောင်းရွာတွင် တပ်မတော်နှင့် TNLA တို့ ၂ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ နှစ်ဖက်အကျအဆုံး မသိရပါ။ တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ရွာသူတယောက်သေဆုံးသည်ဟု ဆိုပါ သည်။

ထို့အတူ ကိုးကန့်ဒေသ၌လည်း တပ်မတော်နှင့် MNDAA တို့ တိုက်ပွဲများပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်။ ၂၀၁၇ ခုနှစ် မေလ ၇ / ၈/ ၁၀/ ၁၁/၁၉/ ၂၅ ရက်များတွင် တပ်မတော်နှင့်MNDAA တို့ ဟုန်အိုင်ဒေသ (မော်ထိုက်အရှေ့ဖက်) တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ တိုက်ပွဲအများစုမှာ တပ်မတော်မှလက်နက်ကြီးနှင့် အဆက်မပြတ်ပစ်ခတ်မှုများဖြစ်သည်။ လေ ကြောင်းတိုက်ခိုက်မှုတကြိမ် မြေပြင်ထိုးစစ်နှစ်ကြိမ်ရှိခဲ့သည်။

၂၀၁၇ ခုနှစ် ဇွန်လ ၁၅/ ၁၆/ ၁၈ ရက်များတွင် ကိုးကန့်ဒေသရှိ “လဗရီကျိက်” “ရှင်းပိုင်ရိဟော်” “ညိုကွမ်ထန်” ဒေသများသို့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။ နှစ်ဖက် ကျဆုံးဒဏ်ရာရရှိများကို မဖေါ်ပြပါ။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၅/ ၁၅/ ၁၇/ ၁၈ ရက်များတွင် ကိုးကန့်ဒေသ လာပါးကျိုင်၊ ဖောက်ကျူးချန်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တပ်မတော်ဖက်မှ ၁၀ ဦးခန့်ကျဆုံးခဲ့သည်ဟု MNDAA က သတင်းထုတ်ပြန်သည်ကိုတွေ့ရသည်။

၂၀၁၇ ခုနှစ် မေလ ၁၇/ ၁၉/၂၀/ ၂၂/ ၂၄ ရက်များတွင် တပ်မတော်နှင့် KIA တို့ ဖားကန့်၊ ကာမိုင်း၊ မိုးကောင်းမြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲအများစုသည် ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွားခဲ့ပြီး တပ်မတော်၏ထိုးစစ်ကြောင့် တိုက် ပွဲဖြစ်ပွားရသည်ဟု KIA ကဆိုပါသည် တပ်မတော်ကတော့ နယ်မြေရှင်းလင်းရေးလုပ်သည်ဟု ဆိုပါသည်။ ကျဆုံး ဒဏ်ရာရ မသိရပါ။

၂၀၁၇ ခုနှစ် ဇွန် ၃/ ၄/ ၅/ ၆/ ၉/ ၁၀/ ၁၁/ ၁၆/ ၂၀ ရက်နေ့များတွင် တပ်မတော်နှင့် KIA တို့ ဖားကန့်၊ ကာမိုင်း၊ မိုးကောင်း၊ တနိုင်းမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အထူးသဖြင့် တနိုင်းမြို့နယ်အတွင်း တိုက်ပွဲအများစုဖြစ်ပွားခဲ့သည်။ တနိုင်း ဒေသရှိ ရွှေနှင့် ပယင်းမှော်များသို့ တပ်မတော်၏ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများဖြစ်ပေါ်လာသည်ဟုဆိုသည်။ ထုတ်ပြန်ချက်များအရ တိုက်ပွဲများအတွင်း KIA ၂ ဦးကျ၊ ၂ ဦး ဒဏ်ရာရရှိပြီး တပ်မတော်ဖက်မှ ၁၇ ဦးကျ၍ ၂၀ ကျော် ဒဏ်ရာရရှိသည်ဟု ဆိုသည်။ အတည်မပြုနိုင်သေးသည့် နောက်ဆက်တွဲသတင်းများအရ နောက်ထပ် ၅၀ ကျော် သေကြေ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ဤတိုက်ပွဲတွင် ထူးခြားချက်အရ တပ်မတော်ဖက်မှ ရှမ်းနီ ပသစနှင့် လီဆူး ပသစများ ပါဝင်တိုက်ခိုက်ခဲ့သည်ကိုတွေ့ရသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၁/ ၂/ ၅/ ၆/ ၉/ ၂၀ ရက်များတွင် တပ်မတော်နှင့်KIA တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ တိုက်ပွဲ များသည် မိုးညှင်း၊ ဖားကန့်မန်စီမြို့ နယ်များတွင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအများစုမှာ ကချင်ပြည်နယ် လီဒိုလမ်းမအနီးတွင် ဖြစ် ပွားခဲ့ပါသည်။ တိုက်ပွဲ အနည်းဆုံး ၁၇ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ကျဆုံးဒဏ်ရာရစာရင်း တိကျစွာထုတ်ပြန်ခြင်း မရှိခဲ့ပါ။

၂၀၁၇ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး BP ၇၂ နှင့် ၅ ကီလိုမိုင်ခန့်အကွာတွင် တပ်မတော်မှ ခမရ ၃၇၇ နှင့် AA မှ ရင်း ၃၀၄ တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ထိုတိုက်ပွဲတွင် တပ်မတော်မှ အရာရှိ ၁ ဦးအပါ ၄ ဦးကျဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့သည်။ AA ဖက်မှ ဒဏ်ရာရသူ ၁ ဦးရှိခဲ့သည်ဟု AA က သတင်းထုတ်ပြန်ထားသည်ကို တွေ့ ရပါသည်။ AA သည် သူ၏ မြောက်ပိုင်းမဟာမိတ်များဖြစ်သည့် KIA/TNLA/MNDAA တို့နှင့်လည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တွဲ၍လှု ပ်ရှားနေရာ KIA/TNLA/MNDAA တို့နှင့် တပ်မတော်ဖြစ်ပွားသော တိုက်ပွဲအချို့တွင် AA တပ် ဖွဲ့ဝင်အချို့ ပူးတွဲပါဝင်ဖွယ်ရှိပါသည်။

ထို့ပြင် NCA လက်မှတ်ထိုးထားသော RCSS/SSA သည်လည်း တိုက်ပွဲဖြစ်စဉ်များထဲတွင် ပါဝင်လျက်ရှိသည်။ RCSS သည် မူလက TNLA နှင့်သာ တိုက်ပွဲဖြစ်ပွားသော်လည်း နောက်ပိုင်း တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလာသည်ကို တွေ့ရသည်။

၂၀၁၇ ခုနှစ် မေလ ၁၃/ ၁၄/ ၁၅/ ၂၁ ရက်များတွင် RCSS နှင့် TNLA တို့ကြား တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့သည်။ ကျောက်မဲမြို့ နယ်အတွင်း အများဆုံးဖြစ်ပွားခဲ့ပြီး နမ့်ဆန်မြို့နယ်အတွင်း တကြိမ်ဖြစ်ပွားခဲ့သည်။

၂၀၁၇ ခုနှစ် ဇွန်လ ၁၇ / ၂၆ ရက်များတွင် RCSS နှင့် TNLA တို့နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ အလားတူ ၂၀၁၇ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် RCSS နှင့် တပ်မတော်တို့မိုင်းပြင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ RCSS ကျ ဆုံးဒဏ်ရာရမှုမသိရသော်လည်း တပ်မတော်ဘက်မှ ၄ ဦးကျဆုံး၍ ၁ ဦးဒဏ်ရာရသည်ဟု RCSS ကထုတ်ပြန်သည်ကို တွေ့ရသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၄/ ၅ ရက်များတွင် နမ္မတူမြို့နယ်အတွင်း RCSS နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီး RCSS ဖက်မှ ၁ ယောက်အဖမ်းခံရပြီးTNLA ဖက်မှ ၂၀ ကျော် ဒဏ်ရာသည်ဟု RCSS မှ ထုတ်ပြန်ထားသည်။၂၀၁၇ ခုနှင့် ဇူလိုင်လ ၁၄/ ၁၆ ရက်များတွင် တပ်မတော်နှင့် RCSS ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဟိုပုန်းမြို့နယ်တွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ တပ်မတော်မှ ၅ ဦးကျ ၃ ဦး ဒဏ်ရာရရှိသည်ဟုဆိုသည်။ မိုင်းပြင်းမြို့ နယ်တွင်းဖြစ်ပွားသော တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံးမှုမရှိဟု ဆိုပါသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း တပ်မတော် တြိဂံတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များသည် မိုင်းပြင်းမြို့နယ် မိုင်းပူအွန်/ မိုင်းပူလုံဒေသများတွင်လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များသည် ဟို ပုန်းမြို့နယ်အတွင်းရှိ နမ့်ပါချီးကျေးရွာအုပ်စု၊ မိုင်းပျဉ်းကျေးရွာအုပ်စုများတွင်လည်းကောင်း၊ လှုပ်ရှားမှုများရှိခဲ့ပြီးနောက်ပိုင်း တပ်မတော်နှင့် RCSS ကြား တိုက်ပွဲများ ဖြစ်ပေါ်လာခဲ့သည်ဟုဆိုပါသည်။ ထို့ပြင် ဤတိုက်ပွဲများသည် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ သဘောတူညီချက်များကို RCSS မှ လက်မှတ်ထိုးရန် ငြင်းဆန်ဆွေးနွေးမှုပြုလုပ်ပြီးနောက်ပိုင်း ပေါ် ထွက်လာခြင်း ဖြစ်ပေသည်။

RCSS နှင့် တိုက်ပွဲများ ဖြစ်ပွားသော် အခြား NCA ထိုးထားသော KNU/DKBA/KPC/CNF/PNLO/ABSDF/ ALP တို့နှင့် တိုက်ပွား ဖြစ်ပွားခြင်းမရှိပါ။ NCA မထိုးထားသောအဖွဲ့များထဲမှ UWSA/NDAA တို့နှင့် ၂၀၁၆ နှောင်းပိုင်းက မိုင်းလားအရေးနှင့် ပတ်သက်ပြီး စစ်ရေးတင်းမာမှု အနည်းငယ်ရှိခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိပါ။ SSPP/SSA နှင့်လည်း ၂၀၁၆ ခုနှစ် အတွင်း တိုက်ပွဲ ၁ ကြိမ်ဖြစ်ပွားပြီး ထပ်မံဖြစ်ပွားခြင်း မရှိပါ။

ကျန် NCA လက်မှတ်မထိုးသေးသည့် အဖွဲ့များထဲမှ KNPP/ANC/LDU/WNO အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိပါ။ ၂၀၁၇ ဖေဖဝါရီလအတွင်း NMSP နှင့် စစ်ရေးတင်းမာမှုအချို့ သံဖြူဇရပ်နှင့် ဘုရားသုံးဆူကြားတွင် ဖြစ်ပွားခဲ့သော်လည်း ညှိနှိုင်း ဖြေရှင်းနိုင်ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြင်ပရောက်နေသည့် NSCN (K) နှင့်လည်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိပါ။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသော အဖွဲ့များမှာ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်အတွင်း၌ရှိသော KIA/ TNLA/ MNDAA/ AA အဖွဲ့၎ ဖွဲ့နှင့် အဓိကဖြစ်သည်။ ယခုလပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခထပ်တိုးလာသည်မှာ ရှမ်ပြည်အလယ်ပိုင်းနှင့်တောင်ပိုင်းတွင် RCSS နှင့် ဖြစ်ပွားခြင်းဖြစ်သည်။ လက်နက်ကိုင် တိုက်ပွဲများဖြစ်ပွားခြင်း စစ်ရှိန်မြင့်တက်လာခြင်းသည် မည်သို့ဆိုစေငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်သည်ဖြစ်ရာ ထိုတိုက်ပွဲများကို ရပ်တန့်ရန် လိုအပ်ပါသည်။ လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေအရ တိုက်ပွဲများကို ရပ်တန့်နိုင်ရန် တပ်မတော်၏အဆုံးအဖြတ်သည် အရေးကြီးသည်ဟု ဆိုပါမည်။ ထိုမှတဆင့်ဆိုရ လျင် မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တပ်မတော်၏အဆုံးအဖြတ်သည် အရေးပါဆဲဖြစ်ပါသည်။

စစ်ရေးတိုက်ပွဲများသည် မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား နာမကျန်းဖြစ်စေသည့် တုပ်ကွေးရောဂါတရပ်ဟု ဆိုရပါ မည်။ H1N1 တုပ်ကွေးတော့မဟုတ်၊ စစ်တုပ်ကွေးဟု ဆိုရပါမည်။ တုပ်ကွေးဆို၍ မပေါ့ရန် လိုအပ်ပါသည်။ ယခုခေတ် တုပ်ကွေးများသည် အသက်ပါသွားတတ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts