(ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးသပ်ချက်)
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၇
● NRPC နှင့် ကဏ္ဍ ၄ ခု
NRPC အအနေနှင့် ကဏ္ဍ ၄ ခု ခွဲခြားလုပ်ကိုင်နေသည်ဟု တရားဝင်သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ၎င်းတို့မှာ …
၁။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကဏ္ဍ (Ceasefire sector)
၂။ စေ့စပ်ညှိနှိုင်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးကဏ္ဍ (Negotiation and Dialouge sector)
၃။ ငြိမ်းချမ်းရေးအထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍ (Peace supporting development sector)
၎။ NRPC ၏ ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်သည့်ကဏ္ဍ (NRPC sector) တို့ဖြစ်သည်ဟု ဆိုပါသည်။
ဤကဏ္ဍ ၄ ခုအနက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကဏ္ဍသည် လက်ရှိနိုင်ငံရေးဆွေးနွေးပွဲများတွင် မပါဝင်နိုင်သေးသည့် အဖွဲ့များထဲမှ အပစ်မရပ်နိုင်သေးဘဲ တိုက်ပွဲများဖြစ်ပွားနေသည့် KIA/TNLA/MNDAA/AA အဖွဲ့ ၄ ဖွဲ့နှင့်က အဓိက ဖြစ် သည်ဟု ယူဆရသည်။ သို့သော် ထို ၄ ဖွဲ့အပြင် ၂၀၁၆/၁၇ အတွင်း တိုက်ပွဲမဖြစ်ပွားသလောက်နီးပါးဖြစ်သည့် SSPP/SSA နှင့် တိုက်ပွဲများ ပြန်လည်မဖြစ်ပွားနိုင်ရန်လည်းကောင်း၊ NMSP/KNPP တို့နှင့်လည်း တိုက်ပွဲများပြန်မဖြစ်ပွားရေး ဂရုပြုရန် လိုအပ်နေသေးသည်။ UWSA/NDAA တို့နှင့်တော့ တိုက်ပွဲဖြစ်ပွားရန် အလားအလာ အလွန်နည်းပါးသည်ဟု ယူဆကြသည်။
ထို့ပြင် NCA လက်မှတ်ထိုးထားသည့် RCSS နှင့်လည်း ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံအပြီး တိုက်ပွဲအချို့ ဖြစ်ပွား ခဲ့သည်။ RCSS မှ တပ်ဖွဲ့ဝင်အချို့ မှာ တပ်မတော်၏ ဖမ်းဆီးမှုခံခဲ့သည်လည်း ရှိခဲ့သည်။ ဤသို့သောအခြေအနေကို JMC မှ အဆောတလျင် ဖြေရှင်းရန်လိုအပ်သည်။ ဒုတိယ ၂၁ ရာစုပင်လုံတွင်လည်း နိုင်ငံရေးအရ တင်းမာမှုမကြေလည်မှုများ ရှိခဲ့ သည့် RCSS နှင့် လက်နက်ကိုင်ပဋိပက္ခ ဆက်လက်မြင့်တက်လာပါက NCA လက်မှတ်ထိုးထားပြီးသော အဖွဲ့တဖွဲ့ ပြန် လည်ဆုတ်သွားနိုင်သည့် အချက်ပေးခေါင်းလောင်းသံဖြစ်ပေရာ အထူးသတိထားသင့်ပေသည်။ ပစ်ခတ်တိုက်မှု ရပ်စဲရေး ကဏ္ဍသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အခြေခံကျသည့်ကဏ္ဍဖြစ်သည်။ နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ် မပါဝင်မီဖြစ်စေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပြီးဖြစ်စေ အလေးအနက် ဂရုပြုကိုင်တွယ်ရမည့်ကဏ္ဍဖြစ်သည်။
စေ့စပ်ရေးညှိနှိုင်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးကဏ္ဍတွင်လည်း အပိုင်း ၂ ပိုင်း ပါဝင်သည်။ တပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲ များတွင် မပါဝင်နိုင်သေးသော အဖွဲ့များနှင့် စေ့စပ်ညှိနှိုင်းရေး တွေ့ဆုံဆွေးနွေးရေးဖြစ်သည်။ တပိုင်းမှာ နိုင်ငံရေးလုပ်ငန်းစဉ် တွင် ပါဝင်နေသောအဖွဲ့များနှင့် စေ့စပ်ညှိနှိုင်းရေးတွေ့ဆုံဆွေးနွေးရေးဖြစ်သည်။ ဆိုလိုသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၏အဆင့်တိုင်းတွင် စေ့စပ်ညှိနှိုင်းရန်လိုအပ်ပါသည်။ မည်သို့ပင် တရားဝင် နိုင်ငံရေးဆွေးနွေးပွဲ သတ်မှတ်ထားရှိသည်ဆို သော်လည်း ဆွေးနွေးပွဲအဆင့်တိုင်းတွင် စေ့စပ်ညှိနှိုင်းမှု လိုအပ်ပါသည်။ ထို့ပြင် တရားဝင် ဆွေးနွေးညှိနှိုင်းမှုများအပြင် အ လွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ရန် လိုအပ်သည်ကို အသိမှတ်ပြုပြီး ဆွေးနွေးမှုလုပ်ငန်းစဉ်အတွင်း ထည့်သွင်း ထားရန် လိုအပ်ပေသည်။
စေ့စပ်ညှိနှိုင်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးတို့တွင် ထည့်သွင်းစဉ်စားရန် လိုအပ်သည်မှာ ကြားခံအဖွဲ့အစည်းဖြစ်သည်။ လက်ရှိ ညှိနှိုင်းဆွေးနွေးနေကြသည်မှာ ထိပ်တိုက်ပဋိပက္ခဖြစ်ပွားနေသော ဖက်များဖြစ်ကြသည်။ NLD အစိုးရအနေနှင့် တပ်မတော်နှင့်တိုင်းရင်းသားအဖွဲ့များ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်နိုင်မည်ဟု မူလက မျှော်လင့်ခဲ့ကြသော်လည်း လက်ရှိ အနေအထားတွင် NLD ၏ ကြားဝင်စေ့စပ်နိုင်မှုအခန်းသည် လျော့ကျနေပေသည်။ ဤသို့သော အခြေအနေတွင် ပြည်တွင်း မှဖြစ်စေ ပြည်ပမှဖြစ်စေ ကြားဝင်ညှိနှိုင်းပေးနိုင်သူများ အကျိုးရှိစွာ အသုံးပြုရန်လိုအပ်ပါမည်။ ကြားခံ ညှိနှိုင်းပေးသူများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တလျောက်လုံးတွင် လိုအပ်ကောင်းမှ လိုအပ်ပါလိမ့်မည်။ သို့ရာတွင် တစိတ်တပိုင်းအရဖြစ်စေ အချိန်ပိုင်းအရဖြစ်စေ လိုအပ်လျင် လိုအပ်သလို အသုံးပြုရပေမည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြောင့် လူထု၏နေထိုင်မှုဘဝဖွံ့ဖြိုးတိုးတက်လာသည်ကို ဖေါ်ပြနိုင်ရန် စွမ်းဆောင်ခြင်းဖြစ်ပုံရသည်။ သို့သော် ထိုကဏ္ဍကို NRPCမှ ဖေါ်ဆောင်ရန် လော လောဆယ် လွယ်ကူမည်မဟုတ်ပေ။ ဒေသဖွံ့ဖြိုးရေးမလုပ်မီ NRPC အနေနှင့် ဦးစွာဖြေရှင်းရန်လိုအပ်သည် ပြဿနာမှာ စစ် ဘေးဒုက္ခသည်များ ပြန်လည်နေရာချ ထားရေးပြဿနာဖြစ်သည်။ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခ သည်များ နေရပ်၌ ပြန်လည်နေရာချထားရေးပြဿနာ၊ ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေသည့် က ယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှ ဒုက္ခသည်များပြည်တွင်း၌ ပြန်လည်နေရာချထားရေးပြဿနာတို့အား ဦးစွာနေရာချထားရေးပြဿနာတို့ကို ဦးစွာဆောင်ရွက်ရန် လိုအပ်နေသည်။
ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် စစ်ပွဲများမရပ်တန့်နိုင်ဘဲ စစ်ဘေးဒုက္ခသည်များအား နေရပ်၌ ပြန်လည်နေရာချ ထားရန် လွယ်ကူမည်မဟုတ်ပေ။ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိုက်ပွဲများရပ်တန့်နေသော်လည်း NCA ကိစ္စ ပြီးပြတ်ခြင်းမရှိ၍ ဒုက္ခသည်များနေရာချထားရန် မလွယ်ကူပေ။ လက်ရှိတွင် NCA လည်းထိုးထားပြီး တိုက်ပွဲများလည်း ရပ်
တန့်နေသည့် ကရင်ပြည်နယ်တွင် ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား ပြန်လည်နေရာချထားရန် ဆောင် ရွက်နေသည်ဟုဆိုသည်။ သို့သော် ကနဦးစစ်တမ်းကောက်ယူမှုအရ ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများမှ မြန်မာပြည်တွင် ပြန်လာလိုသူနည်းပါးပြီး ၂၀% ခန့်သာရှိသည်ဟု ဆိုသည်။ တတိယနိုင်ငံသို့သွားလိုသူက ပိုများနေသည်ဟု ဆိုပါသည်။
ပြဿနာမှာ ပြန်လည်နေရချ မည့် ဒေသ၏ ရေရှည်တည်ငြိမ်မှုအား သံသယ ဝင်နေကြပုံရပေသည်။ ငြိမ်းချမ်းရေးတည်တန့်မှုနှင့် ဖြစ်ထွန်းတိုးတက်မှုအား သံသယရှိနေသေးပုံရသည်။ လက်ရှိ အပစ်ရပ် NCA ထိုးထားသည့် KNU နယ်မြေအတွင်း၌ NCA ထိုးပြီးနောက်ပိုင်း၌ပင် မူလ တပ်မတော်စခန်းပေါင်း ၄၀ ကျော်မှ ၅၀ ကျော်ထိ တိုးလာသည်ဟုဆိုနေပေရာ ရေရှည်တည်ငြိမ် ရေးအတွက် ယုံကြည်မှုရနိုင်ရန် လိုအပ်နေပေသေးသည်။
ထို့ပြင် ငြိမ်းချမ်းရေးကို အထောက်ကူပြုသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုလျင် နိုင်ငံတကာအကူအညီသက်သက်မျှနှင့် မဖြစ် နိုင်ပေ။ အစိုးရ၏ ရေရှည်စီမံကိန်းနှင့် ဘတ်ဂျက်လိုအပ်မည်။ သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့်ပြည်ထောင်စုအဆင့် ဝန်ကြီး ဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုလိုအပ်မည်။ အထူးသဖြင့် နယ်စပ်ဒေသဝန်ကြီးဌာနနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုလိုအပ်မည်။ အထူးသဖြင့် စတင်ဖွဲ့စည်းခဲ့သည်မှာ တနှစ်ကျော်ပြီဖြစ်သော်လည်း လူမြင် ကွင်းမှ ပျောက်ကွယ်နေသည့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနအနေနှင့် တက်တက်ကြွကြွပါဝင်ဆောင်ရွက်ရန်လိုမည်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ်များ၏ ကျန်းမာရေးပညာရေး၊ ဆောက်လုပ်ရေး၊ လျပ်စစ်စွမ်းအင် စသည် အားလုံးနှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်နှင့် ဘတ်ဂျက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့တွင် ရှိနေရာထိုလုပ်ပိုင်ခွင့်နှင့်ဘတ်ဂျက်ကို ပြည် နယ်သို့ ချပေးမည်လော သို့မဟုတ် ပေါင်းစပ်ကွန်ယက်တခု ဖွဲ့စည်းလုပ်ဆောင်မည်လောဆိုသည်တို့ကို ထည့်သွင်း စဉ်းစား ရပေတော့မည်။
စတုတ္ထကဏ္ဍဖြစ်သည့် NRPC ကဏ္ဍနှင့်ပတ်သက်၍ မည်သည့်အချက်ကို ဦးစားပေးထားသည်ကိုတော့မသိရပေ။ NRPC လုပ်ငန်းစဉ်များတွင် UPDJC ၊ JICM ၊ JMC ၊ အမျိုးသားအဆင့်ဆွေးနွေးပွဲများနှင့် ပြည်ထောင်စုညီလာခံတို့ရှိကြသည်။ ထိုလုပ်ငန်းစဉ်များ၌ အဓိကတွေ့ရသည်မှာ ပြည်ထောင်စုအဆင့်ညီလာခံကို ၆ လ တကြိမ်ကျင်းပရန် အချိန်ဇယားကို NCA တွင် ထည့်သွင်းရေးဆွဲထားသော်လည်း ကျန် UPDJC/JMC/ အမျိုးသားအဆင့်ဆွေးနွေးပွဲများနှင့်ပတ်သက်၍ အချိန်ဇယား ရေးဆွဲမှုမှာ လွန်စွာအားနည်းသည်ဟု ဆိုရမည်။
JICM မှာ ဆွေးနွေးပွဲများမှာ အကြပ်အတည်းဖြစ်မှ ညှိနှိုင်းသည့်ဆွေးနွေးပွဲဖြစ်ရာ အချိန်ဇယားသတ်မှတ်၍ မရဟု ဆို၍ရ သည်။ အစိုးရတပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့များ လိုအပ်သည်ဟု ယူဆမှ လုပ်ရန်လိုပေရာ ခြွင်းချက်အဖြစ် ထားရှိ၍ ရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်ပတ်ရန် အရေးပါသော UPDJC နှင့်ပတ်သက်၍ တိကျသော အချိန်ဇယားအား ရေးဆွဲထား ရန်လိုအပ်သည်။ ထို့အတူ အမျိုးသားအဆင့်ဆွေးနွေ့းပွဲများအားလည်း တိကျ သည့် အချိန်ဇယားရေးဆွဲထားရန်လိုအပ် သည်။ ထိုဆွေးနွေးပွဲများတွင် မည်သည့် နိုင်ငံရေးသဘောတူညီချက်ရယူမည်ဆိုသည်ကို ထည့်သွင်းရေးဆွဲထားရန် လိုအပ် သည်။ တဖက်ကလည်း တိုင်းရင်းသားအဖွဲ့များ တိုင်းရင်းသားပါတီများ အချင်းအချင်း သီးခြားတွေ့ဆုံရန်လိုအပ်မှုကို အသိအမှတ်ပြုပြီး အချိန်ဇယား ထည့်သွင်းရေးဆွဲထားရန် လိုအပ်သည်။ တချိန်တည်းတွင် အစိုးရနှင့်တပ်မ တော်ကြား တွင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အဆင့်လိုက် သီးခြားညှိနှိုင်းသဘောတူညီချက် ရယူရန် လိုအပ်ပေရာ ထိုအချိန်ဇယားကို ထည့်သွင်းရေးဆွဲထားရန်လိုအပ်သည်။ ထို့ပြင် အဖွဲ့အစည်းအသီးသီး၏ နိုင်ငံတာခရီးစဉ်များကိုလည်း အချိန်ဇယားအတွင်း ထည့်သွင်းထားရန် လိုအပ်သည်။ ထိုသို့သော အချိန်ဇယားရေးဆွဲရန်အတွက် ကျွမ်းကျင်သူများ၏ အကူအညီလိုအပ်ပါမည်။
ထိုသို့ အချိန်ဇယားရေးဆွဲမှုမှသည် NCA ပါ ၆ လ တကြိမ် ကျင်းပရန်ရည်ရွယ်ထားသည့် ပြည်ထောင်စုညီလာခံအတွက် ၆ လသည် လုံလောက်မှုမရှိပါက တခါတည်း ထည့်သွင်းပြင်ဆင်သတ်မှတ်ရန်လိုအပ်သည်။ ညီလာခံတခုနှင့်တခုကြား လုပ် ဆောင်ရန် အချိန်ဇယားပေါ်မူတည်၍ ပြည်ထောင်စုညီလာခံ ကျင်းပရေးသတ်မှတ်ရန်လိုသည်။ ၆ လတကြိမ် သတ်မှတ်မှု ကိုမူတည်ပြီး ကျန်အစီအစဉ်များကို ကြေလည်စွာဆွေးနွေးခြင်းမပြုဘဲ တက်သုတ်ရိုက်ဆောင်ရွက်ရပါက ပြည်ထောင်စု ညီလာခံ၌ အဆင်ပြေချောမွေ့ရန် ခက်ခဲပေသည်။ ထိုသို့ ပြည်ထောင်စုညီလာခံကျင်းပနိုင်ရေးအတွက် အချိန် ဇယား ရေးဆွဲခြင်း၊ အချိန်ဇယားအတိုင်းပြီးမြောက်အောင် ကြပ်မတ်ခြင်းတို့ကို NRPC မှ တာဝန်ယူရန်လိုအပ်သည်။
ဒုတိယအကြိမ် ၂၁ ရာစုပင်လုံပြီး၍ ၂ လကြာသည်အထိ UPDJC အစည်းအဝေးမထိုင်နိုင်သေးပေ။ ဖြစ်သင့်သည်မှာ ညီလာ ခံအပြီး တပတ်အတွင်း UPDJC အစည်းအဝေးထိုင်ပြီး နောက်တကြိမ်ညီလာခံအကြား အချိန်ဇယား Time frame ကို ရေးဆွဲရန်လိုအပ်သည်။ သို့မှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် စနစ်တကျ လည်ပတ်၍ နေပေမည်။
NRPC ကဏ္ဍ၌ အရေးပါသည့် နောက်ထပ်လုပ်ဆောင်ရမည့်အချက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပြန်လည်သုံးသပ်ခြင်းဖြစ် သည်။ အချိန်ကာလပိုင်းခြားမှုအရ ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်မှုနှင့် NLD အစိုးရလက် ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟု ပိုင်းခြား၍ သုံးသပ်နိုင်သည်။ ထို့ပြင် NCA လက်မှတ်ထိုးပြီးသော တိုင်းရင်းသားအဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ်အားသုံးသပ်ခြင်းနှင့် NCA လက်မှတ်မထိုး၍ နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းပေါ်မရောက်ရှိသေးသောတိုင်းရင်းသားအဖွဲ့များနှင့်ပတ်သက်၍သုံးသပ်ခြင်းဟူ၍ ၂ ပိုင်းခွဲ၍ သုံးသပ်ရန်လိုသည်။ မည်သို့ဖြစ်စေ ငြိမ်းချမ်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ သုံးသပ်ခြင်းအား မလွဲမသွေ ပြုလုပ်ရန်လိုအပ်ပါသည်။ မိမိလုပ်ဆောင်နေသောလုပ်ငန်းတခုအား အမြဲတစေ ပြန်လည်သုံးသပ်ကြရန်လိုပါမည်။
လောလောဆယ် NRPC အတွက် NCA လက်မှတ်မထိုးသေးသောသို့မဟုတ် NCA လမ်းကြောင်းအား ငြင်းပယ်ထားသော အဖွဲ့များ နိုင်ငံရေးဆွေးနွေးပွဲသို့ မရောက်သေးသည့်အကြောင်းအချင်းအရာအား ဦးစားပေးသုံးသပ်ရန်လိုပါသည်။ လက်ရှိ ကာလတွင် NLD အစိုးရရော တပ်မတော်ပါ NCA အား ဆုပ်ကိုင်ထားပါသည်။ သို့သော် NCA ကြောင့်ပင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစု နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းပေါ်သို့ မရောက်သေးပေ။ မူအရဆိုရလျင် သဘောတူညီချက် ဆိုသည်မှာ တဖက်တူ၍ သဘောတူညီချက်မဖြစ်ပေ။ နှစ်ဖက်သဘောတူမှသာ သဘောတူညီချက်ဖြစ်ပေလိမ့်မည်။
NCA နှင့်ပတ်သက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် ပါဝင်နေသည့် နိုင်ငံရေးသုံးသပ်သူအချို့ကလည်း ပြင် ဆင်ရန် မလိုအပ်ဟု ဆိုပါသည်။ သုံးသပ်သူတဦးက NCA သည် ပြီးပြည့်စုံသည်ဖြစ်၍ ပြင်ဆင်ရန် မလိုအပ်ဟုဆိုပါသည်။ သူဆိုသည့် ပြီးပြည့်စုံသည်မှာ NCA တွင် ပါဝင်သော အင်စတီကျူးရှင်းများကို ဆိုလိုပုံရပါသည်။ နောက်တဦးကလည်း NCA ကဲ့သို့ သဘောတူညီချက်များကို မကြာခဏပြင်ဆင်လုပ်ကိုင်ပါက အကျိုးမရှိဟူသည့်ဖက်မှ ရပ်ခံပြောဆိုပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်းသို့ လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏အခြေခံမူဖြစ်ပါသည်။ NCA အပါ ကျန်အင်စတီကျူးရှင်းများသည် ထိုအခြေခံမူကို အကောင်အထည်းဖေါ်သည့် လုပ်ငန်းစဉ်အစိတ်အပိုင်းများဖြစ်ပါသည်။ ထိုအခြေခံမူ ပြီးမြောက်အောင်မြင်ရန် လုပ်ငန်းစဉ် အစိတ်အပိုင်းများ ပျော့ပြောင်း၍ ပြုလွယ်ပြင်လွယ်ဖြစ်ရန် လိုပါသည်။ ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စတင်သည်မှာ ၆ နှစ်ခန့်ရှိပြီဖြစ်သည်။ တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့ NCA လက်မှတ်ထိုးသည်မှာ ၁ နှစ်နှင့် ၁၀ လခန့်ရှိပြီဖြစ်သည်။ NLD အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်နေသည်မှာ ၁ နှစ်နှင့် ၄ လရှိပြီဖြစ်သည်။ သို့သော် NCA လက်မှတ်ထိုးသည့်အဖွဲ့တဖွဲ့မှ တိုးလာသည်မရှိဘဲ နိုင်ငံရေးဆွေးနွေးပွဲ အရှိန်အဟုန်မြှင့်တင်နိုင်ခြင်း မရှိသည်က ရှောင်ရှား၍ မရသည့်လက်တွေ့ ဖြစ်ရပ် ဖြစ်သည်။ ထို့ကြောင့်လည်း အချို့နိုင်ငံရေးသုံးသပ်သူများက NCA သည် deadlock ဖြစ်နေပြီလော မေးခွန်းထုတ်လာကြခြင်း ဖြစ်ပါသည်။
လက်ရှိ NCA ထိုးရန်အသင့်မဖြစ်သူများအားလုံးက ပုံစံအမျိုးမျိုးဖြင့်ဖေါ်ပြနေကြသော်လည်း ၎င်းတို့တွင် အောက်ပါအရင်းခံ အကြောင်းရင်းများကို တွေ့ရသည်။
၁။ NCA ပါ အချက်အလက်များအရ ၂၀၀၈ အခြေခံဥပဒေဖြင့် တုတ်နှောင်ထိမ်းချုပ်ခံရမည်ကို မလိုလာခြင်း။
၂။ တပ်ဖျက် လက်နက်အပ်ဆိုသည့် DDR နှင့်ပတ်သက်၍ စိုးရိမ်စိတ်ကြီးစွာရှိခြင်း။
၃။ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲမှသာ တဖွဲ့ချင်းစီလည်း အပစ်ရပ်ရန်ဆန္ဒရှိကြခြင်း။
၎။ အပစ်ရပ် စောင့်ကြည့် အကဲခတ်ခြင်းတွင် နိုင်ငံတကာမှ ပါဝင်စေလိုခြင်းနှင့် ပြဿနာဖြစ်ပွားက ဖြေရှင်းသည့် ကြားနေ သမာဓိအဖွဲ့တွင် နိုင်ငံတကာမှပါဝင်စေလိုခြင်း။
၅။ မူလရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် နောက်ထပ်ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မျာတွင် တူညီနေသည့်အချက်မှာ မိမိလူမျိုးအခွင့်အရေးရယူရန်၊ ကာကွယ်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခု ရှိရမည်။ လက်နက်ကိုင်တပ်ဖွဲ့ မရှိပါက လူရာဝင်မည်မဟုတ်၊ တန်းတူရည်တူ ဆွေးနွေးခွင့်ရမည် မဟုတ်ဟု ယုံကြည် ယူဆကြခြင်းတို့ ဖြစ်သည်။
သို့ဖြစ်ရာ NCA နှင့်ပတ်သက်ပြီးမဖြေရှင်းပါက တိုင်းရင်းသားလက်နက်ကိုင်အများစုနှင့် အပစ်အခတ်ရပ်စဲရေးသည် လည်း ကောင်း နိုင်ငံရေးဆွေးနွေးမှုများတွင် ပါဝင်လာရေးသည်လည်းကောင်း ဖြစ်ပေါ်လာနိုင်မည်မဟုတ်ပေ။ သို့ဖြစ်ရာ ဤအချက် ကို ကျော်လွှားနိုင်ရေးအား စဉ်းစားသုံးသပ်ရန် အထူးလိုအပ်နေပါသည်။ နိုင်ငံရေးသုံးသပ်သူတဦး၏အလိုအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်းအားလုံးပါဝင်နိုင်ရန် မဖြစ်နိုင်။ ထို့ကြောင့် လက်ရှိ ပါဝင်နေသူများနှင့် ဆက်လက်လုပ်ဆောင်သွားရန်လိုသည်ဟုဆိုသည်။ လက်ရှိ NCA ထိုးထားသူများနှင့် နိုင်ငံရေးဆွေးနွေးများ လုပ်ရန်ဆိုသည်ကို ကန့်ကွက်ရန်မရှိပေ။ သို့သော် ထို NCA ထိုးထားသောအဖွဲ့ ၈ ဖွဲ့ထဲမှ အင်အားအတောင့်ဆုံးဖြစ်ကြသည့် KNU နှင့် RCSS ပင်လျင် ကျန်လက်နက်ကိုင် အများစု မပါဘဲရှေ့ဆက်သွားရန် ခက်ခဲသည်ဟု ယူဆနေကြပေရာ ရှေ့ဆက်ချင်တိုင်းဆက်ရန် ခက်ခဲမည်ကို ထည့်သွင်း တွက်ချက်ရန် လိုအပ်ပါမည်။
သို့ဖြစ်ရာ NRPC အနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် NCA အားပြန်လည် သုံးသပ်ရန် မဖြစ်မနေလိုအပ်သည်ကို သတိမူကြ ရန်လိုပေသည်။ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ကြသည့် NCA လက်မှတ်ထိုးထားသည့် အဖွဲ့၈ ဖွဲ့၏ PPWT Peace Process Working Team ကတော့ NCA အား review လုပ်ရန်နှင့် နိုင်ငံရေးမူဘောင်အား reform လုပ်ရန်ဆုံးဖြတ်ခဲ့ကြပြီး ဆွေးနွေး ပွဲများ ပြုလုပ်လျက်ရှိပါသည်။
ဤနေရာတွင် စဉ်းစားမှု ၂ ခုအား တွေ့ရပါသည်။ တခုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမတို့ NLD ပါတီသည် ၂၀၀၈ ခြေဥ အား ပြင်နိုင်ရန် ၂၀၀၈ ခြေဥအား မကြိုက်သော်လည်း လက်ခံပြီး ရွေးကောက်ပွဲအား ဝင်ရောက်ခဲ့ကြသည်။ အလားတူပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် နိုင်ငံရေးဆွေးနွေးနိုင်ရန် NCA အားမကြိုက်တောင်မှ NCA ထိုးရန် လိုအပ် သည်ဟု ယူဆပုံရသည်။ သို့သော် လက်ရှိတိုင်းရင်းသားလက်နက်ကိုင် အများစုကတော့ သူမနှင့်စဉ်းစားပုံမတုကြဟု သာ ဆိုရပါမည်။
ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး