Ni July သရော်စာ မြန်မာပြည်တွင်း

ဂျော်ဒီး- ဒေဝေါကြီးပုံပြင်

ဒေဝေါကြီးပုံပြင်

ဂျော်ဒီး
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၇
“တခါကတဲ့။ ညတညမှာ..ကောင်းကင်တခွင်လုံး.. မိုးသားတွေမည်းမှောင်ပြီး လျှပ်စီးတွေ ကလည်း ဝင်းခနဲ ဝင်းခနဲ လက်လို့တဲ့။ မိုးခြိမ်းသံတွေကလည်း တဝုန်းဝုန်း တဒိုင်းဒိုင်းဆူညံနေအောင်..အသံပေး နေသတဲ့။
အဲဒီအချိန်မှာ..နွားခြံတခြံကိုစောင့်ရတဲ့ ခြံစောင့်တယောက်ဟာ သူ့နွားခြံရဲ့ခေါင်မိုးအပေါက်တွေကြားက မြင်နေရတဲ့မိုးပေါ်ကို မော့ကြည့် လိုက်ရင်း တယောက်တည်းရေရွတ်နေသတဲ့ ။

“အင်း…ခုချိန်မှာ..ကျားလာလည်း ငါမကြောက်ဘူး။ သူခိုးလာလည်း ငါမကြောက်ဘူး။ ဒေဝေါလာမှာပဲ ကြောက်တယ်..။ ဒေဝေါသာ လာရင်..အားလုံး ဒုက္ခအကြီးအကျယ်ရောက်မှာ။ ဟင်း …ဒေဝေါကလည်းလာတော့မယ်။ ဒုက္ခပါပဲ ”

အဲဒီအချိန်မှာ နွားခြံထဲမှာ သူခိုးတယောက်နဲ့ ကျားတကောင်ရောက်နေကြသတဲ့။
သူခိုးကလည်း ခြံစောင့်အိပ်တဲ့အချိန်ကျရင် နွားတွေကိုခိုးဖို့ နွားခြံခေါင်မိုးထုတ်တန်းပေါ်ကနေစောင့်နေသတဲ့။
ကျားကလည်း…ခြံစောင့်လစ်ရင် နွားတွေကိုဆွဲစားဖို့ နွားခြံထောင့်မှာဝပ်ပြီး စောင့်နေသတဲ့။
သူခိုးကလည်း နွားခြံထဲမှာ ကျားရောက်နေတာကိုမသိသလို..ကျားကလည်း သူခိုးရှိနေတာကိုမသိဘူးတဲ့။ ခြံစောင့်ရဲ့ရေရွတ်သံကိုကြား တော့ သူခိုးကလည်းတွေးတယ်။ သူခိုးက ပါဠိလို ဒေဝေါဆိုတာမိုးကို ပြောတယ်ဆိုတာမသိတော့….
“ဟာ..သူခိုးတောင်မကြောက်တဲ့သူက ဒေဝေါဆိုတဲ့အကောင်ကိုတော့ ကြောက်တယ်တဲ့။ သူပြောတဲ့ဒေဝေါဆိုတာ ဘာကောင်ပါလိမ့်။ တော်တော်ဆိုးမယ့်ပုံပဲ..လို့ တွေးမိသတဲ့။ ကျားကလည်း ငါ့လို ကျားကိုတောင်မကြောက်ပဲ ဒေဝေါကိုကြောက်တယ်ဆို တော့ ဒေဝေါဆိုတာ..အတော်ကြောက်စရာကောင်းတဲ့ကောင်ဖြစ်မှာပဲလို့…တွေးနေသတဲ့…။

ကလေး(၁)။ ။ “ခိခိ..ဒေဝေါကြီးကို အကြမ်းဖက်သမားထင်နေကြပြီ..”

“ခြံစောင့်ကလည်း မိုးပေါ်ကိုမော့ကြည့်ရင်း..ဒီဒေဝေါဟာ..နေရာထိုင်ခင်းတွေကိုလည်းဖျက်ဆီးမယ်။ စားစရာသောက် စရာတွေကိုလည်း အကုန်ဖျက်ဆီးဦးမှာ။ အဝတ်အစားတွေပိုင်ဆိုင်မှုတွေ..အို…ကုန်ကုန်ပြောရရင်..ငါ့ပိုင်နက်ကို တောင် ကျူးကျော်ပစ်မယ့်ကောင်ပဲ။ အခုကို… ဒေဝေါအန္တရာယ်ဟာ …ငါ့ နွားခြံသာမက…တရွာလုံးတပြည်လုံးရဲ့ပိုင်နက်ကို ပါကျူးကျော်တော့မယ်။ ဟော..သူ့ဖောက်ခွဲရေးပစ္စည်းတွေသုံးနေသံတောင် တဒိုင်းဒိုင်းနဲ့ ကြားနေရပြီ။ ကြားလား. ငါ့ရဲ့ကောင်းကင်က ထောက်လှမ်းရေးတွေက သတင်းပေးနေတယ်လို့ ပြောကောင်းကောင်းနဲ့ချဲ့ကားရေရွတ်နေသတဲ့ ”

ကလေး(၂)။ ။ “ခိခိ..ရွာထိပ်က..ကဇော်သမားမူးဇော်…ဝါဒဖြန့်ချိတဲ့အတိုင်းပဲနော်။ အချဲ့အကားတွေနဲ့။ တကယ်တော့ ဒေဝေါကြီးဆိုတာ မိုးရွာတာမဟုတ်လား….ဂျီးဒေါ်”

ကလေး(၃)။ ။ “ဟဲ့..နင်သိရင် ငြိမ်ငြိမ်နေ။ ငါတို့ အဲဒီပုံပြင်နားမထောင်ဖူးသေးဘူးဟဲ့။ ပါးစပ်ပိတ်ထား”

“ အဲဒီအချိန်မှာပဲ..သူခိုးတက်နေတဲ့ ထုတ်တမ်းကမခိုင်တော့ ဝုန်းဆိုပြိုကျပါလေရော..တဲ့။  

ဝုန်းခနဲအသံကြီးနဲ့အတူ ပြုတ်ကျလာတဲ့သူခိုးဟာ..ကံဆိုးစွာနဲ့ နွားဆွဲဖို့စောင့်နေတဲ့ကျားပေါ်ကို တည့်တည့်ကျသွားပါရောတဲ့။ အဲဒီမှာပဲ..ကျားကြီးခမျာ.”. ဟာ..ဝုန်းခနဲအသံနဲ့အတူ ငါ့ကုပ်ပေါ်ကျလာတာ ဟာ..ဒေဝေါဆိုတဲ့ အကောင်ပဲ ဖြစ်မယ်”ဆိုပြီး..နွားတင်းကုတ်ထဲကနေ..အသားကုန် ထွက်ပြေးတော့တာပေါ့။
ကျားအပေါ်ကသူခိုးလည်း ..“ဟာ..ငါတော့ ဒေဝေါဆိုတဲ့အကောင်နဲ့တွေ့ပြီထင်ပါရဲ့။
ကြည့်စမ်း..။
ပြေးလိုက်တာများ…လေထက်တောင် မြန်သေးသဟဲ့။ ငါ့ကိုကိုက်စားဖို့သယ်ပြေးတာများလား” လို့တွေးရင်း ကြောက်အားလန့်အားနဲ့
မိတဲ့နေရာဖမ်းဆွဲတော့ ကျားရဲ့လည်ပင်းကို သိုင်းဆွဲမိလျက်သားနဲ့ပဲ..ကျားပြေးတဲ့နောက်ကို ပါသွားသတဲ့..။
“.ဟာ..ငါ့ကျောပေါ်က ဒေဝေါကောင်တော့ ငါ့လည်ပင်းကိုညှစ်ပြီး..ငါ့ကုပ်ကိုချိုးစားတော့မယ်ထင်ပါရဲ့”..ဆိုပြီး ကျားက..အရှိန်ပိုမြှင့် ပြေးလေ..သူခိုးကပြုတ်ကျမှာစိုးပြီး.. လည်ပင်းကိုအတင်းဖက်လေပေါ့။
တညလုံးပြေးလာလိုက်တာ.…အာရုဏ်တက်စ အလင်းရောင်လေးသမ်းလာတော့မှ…သူခိုးက သူစီးလာတာ ကျားဖြစ်နေတာကို သိသွားသတဲ့။ ဒါနဲ့ပဲ..လမ်းနံဘေးမှာပေါက်နေတဲ့ သစ်ပင်တပင်နားရောက်တာနဲ့ သစ်ကိုင်းတကိုင်းကို ခိုဆွဲပြီး ကျားကျောပေါ်ကနေဆင်းကျန်ရစ်သတဲ့။ ကျားပြန်လှည့်လာမှာလည်းစိုးတော့. သစ်ပင်မှာတွေ့တဲ့ သစ်ခေါင်း ပေါက်တခုထဲ ဝင်ပုန်းနေလိုက်သတဲ့။ ကျားကတော့ သူ့ကျောပေါ်က မကောင်းဆိုးဝါး ဒေဝေါကာင်..ဆင်းကျန်ရစ်တာနဲ့ .. တခါတည်းအော်ပြီး သူ့တောအုပ်ဆီစုန်ပြေးတော့သတဲ့။

“ဒေဝေါ.ကျောပိုး။.ပါဗျိုး..။ အလွန်ဆိုးတဲ့ဒေဝေါ ကျောပိုး..ပါဗျိုး။
ကျုပ်ကို ကုပ်ချိုးစားဖို့လုပ်ပါတယ်” လို့ ကြောက်အားလန့်အားနဲ့အော်ပြေးလာတဲ့ ကျားကို..သူ့မိတ်ဆွေမျောက်က တွေ့တော့ …

“ဟဲ့..ကိုကျား..ရပ်ပါဦးဗျ..။ ခင်ဗျားပြောတဲ့ဒေဝေါကျာပိုးကောင်ဆိုတာ..မကြားဖူးပါလား..။ ဒီကောင်ကျုပ်တို့ တိရစ္ဆာန်(၁၃၅) မျိုးထဲမှာမပါဘူးဗျ။ ခင်ဗျား..ဘီဘီစီ ဗီအိုအေတွေ ဘာတွေ
နားထောင်ရင်း..အိပ်ပျော်ပြီး သွေးလေခြောက်ခြားတဲ့ အိပ်မက်တွေမက်ရင်း..လန့်လာတာဖြစ်မှာပါဗျာ..”လို့ ဖျောင်းဖျသတဲ့။
“ဟာ..ကိုရွှေမျောက်ရယ်။ တကယ်ဗျ.။ ဒင်းက ကျုပ်ကုပ်ကိုချိုးဖို့ တချိန်လုံးကြိုးစားတာ။ နောက်ပြီး.. ကျုပ်သွားချောင်းတဲ့ နွားခြံစောင့်ပြောတာတော့ ဒီဒေဝေါအတော်ဆိုးဆိုပဲဗျ။ ကျုပ်ကိုယ်တွေ့။ မယုံရင် ခင်ဗျားလိုက်ကြည့်။ ဟို..လမ်းဘေးသစ်ပင်မှာ ဒင်း..ဆင်းကျန်ခဲ့တယ်လို့ ကျားကပြောတော့..မျောက်က…
“အေးလေ..ဒါဖြင့် တို့နှစ်ကောင်အတူသွားကြည့်ကြတာပေါ့..”လို့ပြောရင်း သစ်ပင်ဆီကို နှစ်ကောင်သားချီတက်လာကြသတဲ့။

ကျားနဲ့မျောက် သစ်ပင်အောက်ရောက်တော့…ဟိုဟိုသည်သည်ကြည့်ရင်း သူခိုးပုန်းနေတဲ့သစ်ခေါင်းကို တွေ့သွားတယ်။ ဒီအထဲမှာ ဒေဝေါ ကောင် ရှိလိမ့်မယ်။ အစာဆာရင်ထွက်လာလိမ့်မယ်..လို့ နှစ်ကောင်သားတွေးပြီး…သစ်ခေါင်းကိုကျောပေးထိုင်ရင်း စောင့် နေကြသတဲ့။
သစ်ခေါင်းထဲက သူခိုးကကျောပေးထိုင်နေတဲ့ ကျားနဲ့မျောက်ကို…သစ်ခေါင်းပေါက်ကနေ လက်ထွက်ပြီး လက်တဖက်က ကျားရဲ့ကျောကို ဆောင့်ထိုးလိုက်တယ်..။ နောက်လက်တဖက်က မျောက်ရဲ့ အမြီးကိုတပြိုင်တည်း ဆောင့်ဆွဲလိုက် သတဲ့…။
ကျားနဲ့ မျောက်လည်း..ဘာမှ မစဉ်းစားပဲ..တခါတည်းအော်ပြေးကြသတဲ့။

“ဒေဝေါ ကျောပိုး မြီးဆွဲ..တုတ်ထိုး ပါဗျိုး..။ ကယ်ကြပါဦး..”လို့ အော်ပြေးလာတဲ့ကျားနဲ့မျောက်ကို သူတို့မိတ်ဆွေ ယုန် ကလေးကတွေ့တော့…

“ကိုယ့်လူတို့..စဉ်းစဉ်းစားစားလဲလုပ်ပါ..။ ဒေဝေါကျောပိုး..မြီးဆွဲ..တုတ်ထိုး..ဆိုတဲ့အကောင်.. ကျုပ်တော့ မကြားဖူးပေါင်။ ကိုယ့်လူတို့…ဖေ့စ်ဘွတ်သုံးတယ်ထင်တယ်။ ပြဿနာကိုရေဆုံးရေဖျားမသိပဲ သူများ ယောင် တိုင်း..ယောင်။ ရှယ်ဆို..ရှယ်လိုက်။ ရီပို့ထုဆို..ထုလိုက်..။ ဆဲဆို..ဆဲလိုက်.. လိုက်လိုက်လုပ် တာ.. ဖေ့စ်ဘွတ်ရောဂါဗျ။ ဒါ..သုံး..ဒါ..သုံး..”လို့.. သူ့ခေါင်း ကလေးကို လက်နဲ့ပုတ်ပြီး ပြော လိုက်သတဲ့။ ဒါနဲ့ ယုန်ကလေးကဦးဆောင်ပြီးခုနသစ်ပင်ရှိရာကို ချီတက်လာကြတာပေါ့။

အဲဒီအချိန်မှာ  သူခိုးက သစ်ခေါင်းထဲကထွက်ပြီး သစ်ပင်ထိပ်ဖျားကနေ အခြေအနေကိုအကဲခတ်သတဲ့။ လား..လား..။ ကြောက်ဆုတ်.ကြောက်ဆုတ်နဲ့ လျှောက်လာတဲ့ကျားက မျောက်နဲ့ယုန်ကိုကျောပေါ်တင်ပြီး သစ်ပင်ဆီလာနေတာကို တွေ့လိုက်ရတော့ အင်း..ဒီတခါ…ယုန်ပါ..ပါလာသဟ။ ဒင်းကတော့ ပညာရှိတယ်လို့ နာမည်ကြီးတယ်။ ဒီတခါတော့ ငါဘယ်လိုလုပ်ရပလို့တွေးရင်း ကြောက်လွန်းလို့ တဆတ်ဆတ်တုန်နေရာကနေ.သစ်ကိုင်းကျိုးပြီး..ယုန်ရယ်.. မျောက် ရယ် .ကျားရယ်သုံးကောင်သားအပေါ်တည့်တည့်ကို ဝုန်းဆို..ပြုတ်ကျသွားသတဲ့။ ပြုတ်လဲကျရော သူခိုးခမျာ ကြောက်အားလန့်အားနဲ့…တဟုန်ထိုးထွက်ပြေးသွားသတဲ့…။
ယုန်၊ မျောက်၊ ကျား သုံးကောင်စလုံးလည်း ဘုမသိဘမသိနဲ့ပဲ..သူခိုးပြေးတဲ့အရပ်နဲ့ဆန့်ကျင်ဘက် အရပ်ဆီကို ကြောက်လန့်တကြား အော်ဟစ်ပြေးကြသတဲ့။

“.ဒေဝေါ ကျောပိုး မြီးဆွဲ..တုတ်ထိုး..ကုပ်ပေါ်ခုန်ချကောင်ကြီး.ပါဗျိုး။ ကယ်ကြပါ။ ဒေဝေါ ကျောပိုး..မြီးဆွဲ.. တုတ်ထိုး..ကုပ်ပေါ်ခုန်ချ…ကောင်ကြီးပါဗျိုး..”

+++
“ကဲ…ပုံပြင်လေးကတော့..ဒါပါပဲကွယ်..။ ကဲ..သွားဆော့ချေကြတော့..”
ဂျီးတော်ခမျာ အမြှုပ်တစီစီထွက်နေတဲ့ပါးစပ်ထဲကို ရေတခွက်မော့သောက်ရင်း အမောဖြေမယ် ကြံတုန်းရှိသေးတယ်၊ မိကျောင်းသား ကလေးတွေက လျှာဆက်ရှည်တော်မူလေတယ်..။

ကလေး( ၄)။ ။ “ဂျီးဒေါ့် ပုံပြင်က ဆန့်တငံ့ငံ့ကြီးဗျာ”

ကလေး(၅)။ ။“ ဟုတ်တယ်..။ ပုံပြင်က မပြီးသေးဘူး..။..သူခိုးက ဘယ်ကို ပြေးသလဲ..။ ယုန်မျောက်ကျား သုံးကောင်ဟာ.. ဘယ်အထိဆက်အော်နေမလဲ..။
ကွင်းဆက်တွေအရဆက်လိုက်ရင် ဒီပုံပြင်ဟာ အဆိုပါအမည်မဖော်လိုတဲ့ တဖက်နိုင်ငံအထိ ပေရှည်နိုင်တယ်။ ကမ္ဘာလုံးဆိုင်ရာ..ပုံပြင်လည်း ဖြစ်သွားနိုင်တယ်.. အဟမ်း”
ကလေး(၆) ။ ။ “အေးကွ..။ ဒီနေရာမှာ…အဓိကဇာတ်လမ်းစသူက…ခြံစောင့်ပဲ။ သူထွင်တဲ့ ဇာတ်လမ်း..သူ့စနက်ပဲ။ သူ..ဂျင်းထည့်တာကိုအားလုံးခံလိုက်ရတာပဲ။ ဒီ..ဂျင်းကောင်. ဘာဆက်လုပ်မလဲဆက်တွေးရမယ်”
ကလေး(၇)။ ။ “ငါ့အထင်တော့ သူ့ရဲ့ဒေဝေါကြီးလာပြီဆိုတဲ့ ဝါဒဖြန့်ချိရေးလှိုင်းလုံးကြီး အောင်မြင်နေတုန်း.. တဆက် တည်းဒေဝေါတိုက်ဖျက်ရေး ဥပဒေတွေဘာတွေတောင် ဆက်ရေးဆွဲနေလောက်တယ်။

ကလေး(၈)။ ။ “ ဟာ…အဲဒီဥပဒေက အဆင်သင့်ရေးပြီးသားကွ..။ အတည်ပြုလိုက်ရုံပဲ..”

ကလေး(၉)။ ။ “ဟေ..ဒေဝေါတိုက်ဖျက်ရေး ဥပဒေဆိုတော့ ဘယ်သူတွေကို တိုက်ဖျက်မှာတဲ့လဲ..။ ဘယ်သူတွေက ဒေဝေါ ဖြစ် မှာတဲ့လဲ။
ကလေး(၁၀)။ ။ “အေး..အဲဒါပညာခန်းပဲ။ ဥပဒေဆိုတာကျယ်ပြန့်တယ်ကွ။ ဒေဝေါရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုတာ ဥပဒေပြဋ္ဌာန်းတဲ့ ခြံစောင့်ရဲ့သတ်မှတ်ချက်ပေါ်မှာ မူတည်နေမှာပေါ့။ မကောင်းသူထိပ် ကောင်းသူ ထိပ်ပေါ့ကွာ။ တဆက်တည်း .ခြံစောင့် ဟာ ဒေဝေါအန္တရာယ်ကျရောက်ဖို့ လက်တလုံးအလိုမှာ ရောက်နေသူတွေကို ကယ်တင်မဲ့ကယ်တင်ရှင်ကြီး လုပ်ချင်ရင် လုပ်လို့ရသေးတယ်။
ဂျီးဒေါ်။ ။ ကဲ ကဲ မိကျောင်းသားတို့၊ နားပူတယ် ပြန်ကြ။ အပြန်လမ်းမှာ သတိလည်းထားကြ။ ဒေဝေါ တိုက် ဖျက်ရေးဥပဒေရဲ့လက်တံက ရမ်းပါဘိသနဲ့။ နင်တို့ငါတို့ပါ ဒေဝေါအဖြစ် သိမ်းကျုံးဆွဲရမ်းတဲ့အထဲပါနေဦးမယ်။

ဂျော်ဒီး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts