(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၇
ကျနော် ဟားဗတ်တက္ကသိုလ် တက်တဲ့နှစ်ပဲ Sept 11 တိုက်ခိုက်မှုကြီး ဖြစ်တယ်။ အဲသည်နောက်ပိုင်း စာသင်ခန်းတွေထဲမှာ ကစလို့ အတော်ဒုက္ခဖြစ်တယ်။ အမေရိကန်တွေက ဆတ်ဆတ်ထိမခံ ဖြစ်လာတယ်။ သူတို့ကို နည်းနည်းမှ ဝေဖန်လို့မရ တော့ဘူး။ ကျနော်တို့က Yankee patriotism လို့ ပြောကြတာပေါ့။
အဲသည်နောက်ပိုင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲတို့၊ အာဖဂန်ကိုဝင်၊ နောက်ပိုင်း အီရတ်ကိုပါ ဝင်တိုက် ဖြစ်ကြတယ်။
ကျနော်တို့ ပါမောက္ခ ဂျက်ဖရီဆက်ကိုယ်တိုင် ဆယ်မီနာတခု ခေါ်ပြီး ပြောတယ်။
“အခုအချိန်ဟာ ဝါရှင်တန်က ဟားဗတ်ကို နားထောင်နေသေးသလား” လို့ မေးခွန်းထုတ်ရမယ့် အချိန်ပါတဲ့။
ငန်းဖျားတက်တုန်း ဆင်ခြင်တုံတရားတွေ ပျောက်ဆုံးကုန်ကြတာ တွေ့ရဖူးတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုတာ သဲ နွံ (Quicksand) လိုပဲ လှုပ်လေ၊ မြုပ်လေ ဖြစ်တတ်တယ်။ ကန့်အသတ်လိုတယ်၊ ဘယ်အထိတိုက်မှာလဲ၊ ဘယ်သူက ရန်သူ လဲ၊ ဘယ်လိုတိုက်မှာလဲ… စသည်ဖြင့်ပေါ့။
ပညာရှင်တွေ ဆွေးနွေးတာတွေ နားထောင်ခဲ့ရတယ်။ အမေရိကန်တောင် မထိန်းနိုင်ဘဲ နောက်ပိုင်း အီရတ်အထိ ကျူး ကျော်ခဲ့ရတာတွေ ရှိခဲ့တယ်။
(Terror) အကြောက်တရားဆိုတာ အကြမ်းဖက်သမားကသာ လုပ်တာ မဟုတ်ပါဘူး။ မီဒီယာတွေ၊ အစိုးရတွေကလည်း လုပ်တတ်ပါတယ်။ အကြောက်တရားနဲ့ဆိုရင် ထိန်းချုပ်ရတာ ပိုလွယ်တယ်။ အားကိုးချင်လာအောင် လုပ်တတ်တယ်၊ တီဗွီ ဖွင့်ကြည့်လိုက်ရင် နက်ဖြန် သန်ဘက်ခါပဲ ကမ္ဘာကြီး မီးထတောက်မလိုမျိုး မီဒီယာတွေလည်း တွေ့ခဲ့ရဖူးပါတယ်။ CNN တောင် စစ်ပွဲသတင်းဖော်ပြရာမှာ Our War (ငါတို့စစ်ပွဲ) ဆိုပြီး ဘက်လိုက် ဖော်ပြနေတာ။၂၀၀၁ ခုနှစ် တုန်းကပါ။
ထိုင်းနိုင်ငံမှာနေတော့ ထိုင်းနိုင်ငံ တောင်ပိုင်းကိစ္စတွေလည်း ကြီးကြီးမားမား တွေ့ဖူးပါတယ်။ တဖြည်းဖြည်း မွတ်စလင် အကြမ်းဖက်တွေရဲ့ တိုက်ခိုက်မှုက ပိုချိန်သားကိုက်လာတယ်။ နည်းပညာမြင့်လာတယ်။ ဗုံး တလုံးက နှစ်လုံး၊ ဆိုင်ကယ် ဗုံးကနေ၊ ကားဗုံး စသည်ဖြင့် ပြောတာပါ။
ပြီးခဲ့တဲ့ ဧပြီမှာပဲ တောင်ပိုင်းမှာ ဓာတ်အားတိုင် ၅၂ ခုမှာ တပြိုင်နက် ဗုံးကွဲတယ်။ မြို့ ၁၉ ခုမှာ တပြိုင်နက်ကွဲတာ။ ဒေသ တခုလုံး မီးမှောင်ပဲ လျှပ်စစ်ပြတ်တောက် အောင် ရည်ရွယ်တာ။ မကြာသေးခင် သြဂုတ်လထဲမှာပဲ ကားရောင်းဆိုင်က ထရပ် ကား ၆ စင်းကို သေနတ်ပြ ပြန်ပေးဆွဲ၊ ကားဗုံးခွဲတာ ဖြစ်ခဲ့သေးတယ်။ ကားတစင်းကွဲ၊ ဗုံးထောင်ထားတဲ့ ကားတစင်းကို မိတယ်။
ထိုင်းနိုင်ငံမှာ ၂၀၁၇ ပထမ ၆ လပိုင်းမှာပဲ လက်လုပ်ဗုံး (IED) ၄၂ လုံး ကွဲတယ်။ ပစ်ခတ်မှု ၂၈ ခု ရှိတယ်။ လူ ၅၀ သေ၊ ၁၃၈ ဒဏ်ရာရတယ်။ (ဇွန်လအထိ) ဒါပေမယ့် တောင်ပိုင်းပြဿနာကို တောင်ပိုင်းမှာပဲ ထိန်းထားတယ်။ အမျိုးသားရေးတွေ လုပ်မနေဘူး။ ဘန်ကောက်ကို သယ်မလာဘူး။ ဒီလို ပြဿနာတွေ ဖြစ်လေလေ.. ထိုင်းနိုင်ငံတော် သီချင်းပုံတွေ ပြရာမှာ မွတ်စလင်တွေကိုပါ ပိုပြတယ်။ မွတ်စလင်တွေလည်း ထိုင်း Identity မှာ ပါဝင်ကြောင်း ပြတယ်။
ဒါပေမယ့် အကြမ်းဖက်မှုကို သူ မကိုင်တွယ်ဘဲနေတာ မဟုတ်ဘူး။ မြို့လယ် လေးမျက်နှာရုပ်ထု ဗုံးကွဲတယ်။ မိတယ်။ လိုအပ် တဲ့ ဖမ်းဆီးထိန်းသိမ်းမှု ရှိတယ်။
အွန်လိုင်းလူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် ကတော့ ကျနော်တို့ လူမှုအသိုင်းအဝိုင်းကို ကိုယ်စားမပြုဘူးလို့တော့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသားရေး ငန်းဖမ်းနေတာတွေ တွေ့နေရတာ ၂၀၀၁ အမေရိကန်ကို ပြန်ရောက်နေသလိုပဲ။ ကိုယ်တိုင် အစွန်းရောက်နေကြတာတွေ တွေ့ရတယ်။ ၂၀၀၁ တုန်းက အခြေအနေတွေကို “လက်ျာ အစွန်းရောက်ဆောင်း” ဆိုပြီး ကဗျာရေးဖြစ်တယ်။ လက်ျာစွန်း နီယိုကွန် (နီယို ကွန်ဆာဗေးတစ်) တွေ အားကောင်းချိန်ပေါ့။
Myanmar spring (မြန်မာနွေဦး) ပြီးတော့ မြန်မာဆောင်း (Myanmar Fall) ရောက်လာဦးမှာလား။
အောင်သူငြိမ်း
စက်တင်ဘာ ၇၊ ၂၀၁၇