ကဗျာ

ရဲရင့်သက်ဇွဲ ● ငါ့ရဲ့ညထဲမှာ ငါ့ကိုထားခဲ့

ရဲရင့်သက်ဇွဲ ● ငါ့ရဲ့ညထဲမှာ  ငါ့ကိုထားခဲ့
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၇


လကို အန်ချလိုက်တယ်
နှင်းတွေထဲ ပိုးစိုးပက်စက်
လရဲ့အရိပ်နဲ့ အရောင်များ
ညအမှောင်မှာ တောက်ပ
ကိုယ့်အတွက်တော့
သတ်ပုံမှားတဲ့ည …


အရိပ်နဲ့ အရောင်များ ဖမ်းမရဘူး
အရိပ်နဲ့ အရောင်များ ရှာမရဘူး
အရိပ်နဲ့ အရောင်များ ရှာမရဘူး
အရိပ်နဲ့ အရောင်များ ရှာမရဘူး
ညဟာ အရိပ်မဲ့ အရောင်မဲ့သယောင်နဲ့ 
လွမ်းအောင်ဖန်နေတော့တယ် …


အဝေးက အူသံများကြားရ
အဝေးက လူသံများကြားရ
ငါဟာ … ငါ့အသက်ကို
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်
ဟောဒီငါချစ်တဲ့ မြေပေါ်မှာ
သစ္စာရှိစွာ နေထိုင်ခဲ့တယ်
ညကတော့ ခိုလှုံစရာ ရှာမတွေ့ဘူး
မြင်မြင်သမျှ ကောက်ရိုးတမျှင် …….

အဲဒီညတွေ….အခုတော့လည်း
ဖန်တရာတေခဲ့ပါပြီ
အခုဘ၀မှ နောက်ဘ၀သို့ မကူးခင်
စက္ကန့်ပိုင်းမျှအချိန်လေးတောင်
ချစ်နေခဲ့သေးတဲ့စိတ်ကို
ညထဲမှာ တိတ်ဆိတ်စွာချန်ထားခဲ့တယ်….။

(အရိပ်မဲ့အရောင်မဲ့ ကိုခင်ဝမ်းသီချင်းစာသား)

ရဲရင့်သက်ဇွဲ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts