စာစုတို

ကျော်ကျော် (မြရည်စမ်း) ● ကျ​နော်​​အ​ရောက်​သွားမိတဲ့ ဈာပနတခု

ကျော်ကျော် (မြရည်စမ်း) ● ကျ​နော်​​အ​ရောက်​သွားမိတဲ့ ဈာပနတခု
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၇

(၁)
အ​စောကြီးထဲက နိုး​နေသည်​။ နာရီကို ကြည့်​မိ​တော့ မနက်​သုံးနာရီသာသာရှိ​သေး၏။ ခဏပြန်​အိပ်​လိုက်​ဦးမည်​ဟု ​တွေးပြီး မျက်​စိကိုအသာပြန်​မှိတ်​သည်​။ အိပ်​၍ကား မ​ပျော်​နိုင်​​တော့။ခင်​မင်​နှစ်​လိုဖွယ်​​ကောင်း​သော သူ၏ ရုပ်​သွင်​သာ တဝဲလည်​လည်​ကြီးစိုး​နေသည်​။ ဒီ​နေ့… သူ၏ ​နောက်​ဆုံးခရီးကို လိုက်​ပို့ရမည်​။ လူ့ဘဝသို့ ​ရောက်​လာခိုက်​​လေးတွင်​ ခန္ဓာ​ကြွေသည်​အထိ ​ခေတ်​၏ဝန်​ကို ပခုံးထမ်းခဲ့​သော သူတစ်​​ယောက်​၏ နာ​ရေးကို ကျ​နော်​လိုက်​ပါပို့​ဆောင်​သင့်​ပါသည်​။

ပြတင်း​ပေါက်​ကို ဖွင့်​လိုက်​သည်​။ကချင်​​တောင်​တန်းများ​ပေါ်မှ မိုးနံ့စွက်​​နေ​သော ​လေနု​အေးများက မျက်​နှာကို ပွတ်​သပ်​ကြသည်​။ ရှူရှိုက်​လိုက်​တိုင်း လန်းဆန်းချမ်း​မြေ့​စေ​သော ​လေနု​အေး​လေးများကို ​သေချာစွာ အနံ့ခံကြည့်​ရသည်​မှာလည်း ​နေ့စဉ်​ဝတ္တရားတစ်​ခု။ဝ-်​ဒုက္ခတစ်​ခုလည်း ဖြစ်​​နေနိုင်​​သေးသလို ထိုနှစ်​ခုစလုံးလည်း ပြိုင်​တူဖြစ်​​နေနိုင်​​သေးသည်​။ ယမ်းနံ့နှင့်​​သွေးညီနံ့များ ပါမလာချိန်​များမှာသာ ​လေနု​အေး​လေး​တွေ၏ အနှစ်​သာရကို တင်းပြည့်​ကျပ်​ပြည့်​ ခံစားသိနိုင်​သည်​။

မိုင်​ ၁၀၀ နီးပါးခရီးကို ​နေ့ချင်းပြန်​သွားရ​ပေဦးမည်​။

(၂)
ကြက်​ဥနှင့်​သကြားကို mixer ထဲသို့ထည့်​ပြီး ခလုတ်​နှိပ်​လိုက်​​သောအခါ၊ ​မော်​တာသံ ​တဝီဝီ မြည်​လာသည်​။ သကြား​ကြေ သွားပြီး ကြက်​ဥအရည်​များ အနည်းငယ်​ ပွလာကြသည်​။အရံသင့်​ပြင်​ထား​သော ဂျုံမှုန့်​များကို အချိန်​ကျလျှင်​ ထည့်​​မွှေပစ်​ရမည်​။ ​မော်​တာသံ တဝီဝီကြားမှပင်​ ဘုန်း​တော်​ကြီး​ကျောင်းမှ အုန်း​မောင်းသံကို ကြား​နေရသည်​။ ထို့​နောက်​ အ​မှောင်​နှင့် အတူ တိတ်​ဆိတ်​သွားတာ သတိထားမိသည်​။ မီးပျက်​သွားပြန်​​လေပြီ။

(၃)
ဆိုင်​ကယ်​​ရှေ့မီးက လင်းလိုက်​မှိန်​လိုက်​ နှစ်​ခါသုံးခါဖြစ်​ပြီး လုံးဝကြီး ငြိမ်းသွားသည်​။ ​မီးသီးကာဗာကို လက်​ဝါးဖြင့်​ ခပ်​ဆတ်​ဆတ်​​လေးပုတ်​ကြည့်​​တော့လည်း ပြန်​လင်းမလာ။ စိတ်​တိုတိုဖြင့်​ ခပ်​နာနာ​လေးပုတ်​ကြည့်​​တော့လည်း အ​ကြောင်းထူးမလာ​တော့။ ကျွမ်းသွားပြီဟုသာ ​တွေးလိုက်​​တော့သည်​။ လမ်းက သိပ်​ပြီးမလင်းချင်​​သေး။ သွားချင်​စိတ်​ရှိ​နေ​တော့လည်း အန္တ ရာယ်​ကို သိပ်​ပြီး​တွေးဆမ​နေ​တော့။ မြင်​သာရုံလမ်း​ကောက်​​ကြောင်း​လေးအတိုင်း သတိထားပြီး ​မောင်းနှင်​ခဲ့သည်​။

(၄)
စက်​အပါတ်​​ရေမိ​အောင်​ Handle ကို  အားစိုက်​လှည့်​ပြီး ​လေဘား​လေးကို သာသာ​လေးလွှတ်​ချလိုက်​ချိန်​တွင်​ ​နောက်​ထပ်​သုံး​လေးပတ်​​တော့ ဆက်​လှည့်​ရ​သေးသည်​။ ထိုအခါမှ တဒုန်းဒုန်းမြည်​​သော အင်​ဂျင်​သံ​ပေါ်လာသည်​။ ဒိုင်​နမိုရှိ  ဗို့အားပြ မီတာ​လေးကို ကြည့်​ပြီး အင်​ဂျင်​ကို အ​လျော့အတင်း လုပ်​​ပေးလိုက်​သည်​။ မဟာဓာတ်​အားလိုင်းမှ ကိုယ်​ပိုင်​မီးစက်​သို့ ​ပြောင်းလဲရန်​အတွက်​ အမ်​ပီယာ၃၀ ခံနိုင်​​သော ခလုတ်​ကို ဆွဲချလိုက်​သည်​။ မီးပြန်​လင်းလာပါသည်​။ mixer မှ ​မော်​တာသံ ပြန်​ထွက်​လာပြီး ကြက်​ဥနှင့်​သကြားအ​ရောများ ပွတက်​လာကြသည်​။

မီးအတွက်​က​တော့ စိတ်​ချရပြီ ဖြစ်​၏ ။

(၅)
ဆိုင်​ကယ်​ကို သတိထားစီး​နေရင်းပင်​  အ​တွေးထဲသို့ အတိတ်​အ​ကြောင်းများက ​နေရာယူလာကြ​သေးသည်​။ ထိုစဉ်​က ကျ​နော့်​အသက်​နှစ်​ဆယ်​သာသာ။စာဖတ်​ရုံကလွဲပြီး စာ​ရေးဖို့ စိတ်​မကူး။ စာ​ရေးဖို့ စိတ်​မကူး​ ဆိုသည်​မှာ အများသူငှာ​ရှေ့သို့ ချပြရန်​စာမျိုး​ရေးဖို့ စိတ်​ထဲမဝံ့ရဲခြင်းသာ ဖြစ်​၏။ ဝါသနာအရ ​နေ့စဉ်​မှတ်​တမ်း​လေး​တော့ မပျက်​တမ်း​ရေးဖြစ်​သည်​။ လက်​ဖက်​ရည်​ဆိုင်​ထိုင်​ခြင်း။ ဂစ်​တာတီးခြင်းနှင့်​ အရက်​ကို မန်​ကျီးသီးမှည့်​နှင့်​မြည်းခြင်း ​လောက်​ကိုလည်း တခုတ်​တရ ​ရေးမှတ်​ထားတာမျိုး ဖြစ်​၏။သူနှင့်​ ရင်းနှီးကြ​တော့ သူက သတင်း​ရေးဖို့ ​ပြော​သေးသည်​။ ကျ​နော်​က သတ္တိနည်းပါသည်​။ အတိုအထွာ​လေး တစ်​ပုဒ်​စ၊နှစ်​ပုဒ်​စ​ရေးဖြစ်​သည်​ကို ဟိုပို့၊သည်​ပို့ လုပ်​​ပေးရှာသည်​။သတင်း​လေးများ ပါလာသည့်​ ​အောက်​က ကျ​နော်​နာမည်​​လေး ကျ​နော်​ကြည့်​ပြီး ​ပျော်​ခဲ့ရဖူးသည်​။ ​စော​စောက ဆိုခဲ့ပြီးပါပြီ။ သတ္တိနည်း​သောကျ​နော်​၊ သတင်းဆက်​​ရေးဖို့ တွန့်​ပြီး သတင်း​ထောက်​တစ်​​ယောက်​ မဖြစ်​ခဲ့။ ​လူသူပရိတ်​သတ်​​ရှေ့​မှောက်​ အမှန်​တရားကိုချပြရဲဖို့သည်​ အ​တော့်​ကိုမလွယ်​သည့်​ကိစ္စမျိုး။ကဗျာ၊စာ​ပေ ​ရေးသားခြင်းမှသည်​ တိကျ​သေချာ​သော သတင်းများကို ထုတ်​​ဖော်​တင်​ပြခြင်း အဆုံး၊ အ​တော်​​တော့ ရင်းနှီးရသည့်​ ကိစ္စ။ ​ငွေ​ကြေးရင်းနှီးရုံမျိုးဆိုလျှင်​ ရှုးံသွားလည်း ​”ပြန်​ရှာလို့ ရပါတယ်​ကွာ” ဟု ​ဖြေလို့ရနိုင်​​သေးသည်​။ ​ခေတ်​သည်​က အမှန်​တရားကို တနည်းနည်းဖြင့်​ တင်​ဆက်​ချပြခြင်း သည်​  တစ်​ခါတရံ၌ မိသားစုဘဝကိုပါ ရင်းနှီးလိုက်​ရသည်​။

သတင်း​ထောက်​ကိုပါကြီးနှင့်​ ကိုစိုးမိုးထွန်း တို့ကို  အမှန်​တရားမြတ်​နိုးသူတိုင်းက နှ​မြောတသကြသည်​။ လူ​ကျွန်​ပြုသည့်​ ကိစ္စကို သတင်း​ထောက်​လှမ်းသည့်​ မြန်​မာသတင်း​ထောက်​မ​လေး၏ ဗျတ္တိကို အားလုံးက ချီးကျူးသြဘာ​ပေးကြသည်​။ အန္တရာယ်​​တွေကြားမှာ ….။

သတင်း​ထောက်​လုပ်​ရင်း ၊ အမှန်​တရားထက်​ အာဏာ​ငွေ​ကြေးကိုတပ်​မက်​လွန်းစွာ ပြည်​သူကိုချနင်း​သော သတင်း​ထောက်​များကို​တော့ ဖြင့်​ ​အော့နှလုံးနာကြသည်​။ သူတို့ကလည်း မမှုပါ။ ဘီယာ​သောက်​၊အမြည်းစား၊ စီးကရက်​​လေးဖွာရင်း မှန်​ကန်​ခြင်း ကိစ္စကို ဖင်​ခုထိုင်​ထားကြ​သေးသည်​မှာ ယ​နေ့တိုင်​။

(၆)

မုန့်​နှစ်​အရည်​များကို သတင်းစာစက္ကူခင်းထား​သော ဗန်းများထဲ သွန်​ထည့်​လိုက်​ပြီး  မျက်​နှာပြင်​ကို ညှိလိုက်​သည်​။ အ​ပေါ် ယံမျက်​နှာပြင်​ကို အလှဆင်​​ပေးလိုက်​သည်​။ပြီး​တော့ မီးအရှိန်​ငြိမ်​သက်​ကာ အသားကျ​နေပြီဖြစ်​​သော မုန့်​ဖုတ်​မီးဖိုတံခါးကို ဆွဲဖွင့်​လိုက်​သည်​။မုန့်​ဗန်း​လေးများကို ညင်​သာစွာထိုးထဲ့ပြီး မိနစ်​၇၀ ဟု timer ​ပေးလိုက်​သည်​။

(၇)
ကျ​နော့်​မြို့​လေးသို့ မ​ရောက်​ဖြစ်​သည်​မှာ ဆယ်​စုနှစ်​တခုနီးပါးဖြစ်​​နေ​သော်​လည်း မြို့အဝင်​ကတည်းက မြို့​လေး၏ရနံ့ကို ရလိုက်​သည်​။ဇာတိ​မြေ၏ ရနံ့ကို အလွတ်​ကျက်​မှတ်​စရာမလိုသည်​မှာ လူတိုင်းအတွက်​ မှန်​မည်​ထင်​ပါ၏။

အချိန်​​စော​နေ​သေးသဖြင့်​ ဧရာဝတီမြစ်​ကြီးကို သွားပြီးထိုင်​ကြည့်​​နေလိုက်​သည်​။ ကမ်းပါးများဆက်​ပြီးမပြို​စေရန်​ ​ရေထိန်းနံရံများ ပြုလုပ်​ထားကြသည်​။ သတိမမူမိခင်​အချိန်​​လေးများ၊သတိမူမိ​သော်​လည်း ပြုလုပ်​ရန်​အခွင့်​မသာခဲ့ချိန်​​လေးများအတွင်း ​ရေက ကမ်းပါးတ​လျှောက်​ကို အရုပ်​ဆိုးစွာ ဖဲ့ချသွားခဲ့ပြီး​လေပြီ။ တအိအိနှင့်​ လှိုက်​စားသည့်​ဒဏ်​ကို ခံစားသွားရ၍ ဖြစ်​နိုင်​​လောက်​သည်​။ရေစပ်​နားမှ ကုက္ကိုပင်​ကြီး မရှိ​တော့ပြီ။

(၈)
မုန့်​ဖုတ်​ရာတွင်​ ပြီးစီးမည့်​အချိန်​၊မုန့်​ကျက်​မည့်​ အချိန်​ကို အချက်​​ပေးသံမြည်​​စေရန်​ timer ​ပေးထား၍ ရ​သော်​လည်း နှာ​ခေါင်းနှင့်​ပါအာရုံခံရသည်​။ မျက်​စိနှင့်​ကြည့်​ရသည်​။လက်​ဖြင့်​လည်း စမ်းကြည့်​သင့်​က စမ်းကြည့်​ရ၏။ နည်းပညာများကို ပုံ​သေကားချ တွက်​ဆထား၍ မရ။ ဒစ်​ဂျစ်​တယ်​စံနစ်​ ဖြစ်​​နေ​စေကာမူ မကြာခဏပျက်​တတ်​​သောမီးက အာရုံခံစံနစ်​များကို ​ကြောင်​စီစီဖြစ်​​အောင်​ လုပ်​တတ်​သည်​။

ရနံ​လေး​မွှေးသင်းလာသဖြင့်​ မုန့်​ဖိုတံခါးကို အသာ​လေးလှပ်​ပြီး ကြည့်​လိုက်​သည်​။ ပြီး​နောက်​ မုန်​သားကို လက်​ဖျား​လေးဖြင့်​ ပုတ်​ကြည့်​​တော့ ​လေတင်း​နေ​သောရာဘာ​ဘော်​လုံး၏ အထိအ​တွေ့နှင့်​အသံကို ကြားရသည်​။

(၉)
ခေတ်​မှ ​ပေးခဲ့​သောဝန်​ကို မနိုင်​ဝန်​ဖြစ်​​အောင်​ပင်​ ထမ်းခဲ့​ရှာသော သတင်းစာဆရာ၊ ကာတွန်းဆရာတစ်​ဦး၏ အရိုးပြာအိုးကို  မြို့​လေးတစ်​မြို့လုံးက အထွတ်​အမြတ်​အဖြစ်​ယူဆထား​သော ​နေရာ၌ ဂူသွင်းထားပါသည်​။ ထို​နေရာ​လေးမှ ​မျှော်​ကြည်​ လိုက်​လျှင်​ မှိုင်းညို့​နေ​သော ​တောင်​တန်းများနှင့်​ စိမ်းမြမြလယ်​ကွင်းပြင်​များကို မြင်​​တွေ့​နေရသည်။    ဂူအနီးတွင်​ မြို့သူမြို့သားများနှင့်​ စာ​ရေးဆရာသမဂ္ဂမှ လွမ်းသူ့ပန်း​ခွေများက လွှမ်း​နေသည်​။ အားလုံးလည်း လွမ်းတ​နေကြမည်​။

(၁၀)
မွှေးသင်းလှ​သော ရနံ့ကို အတန်​ကြာ​အောင်​ ကျ​နော်​ရှူရှိုက်​​နေပြီးမှ တံခါးကို ညင်​သာစွာဖွင့်​လိုက်​ပါသည်​။ ​မွှေးပျံ့လှပ​သော ကိတ်​မုန့်​များ ကျ​နော့်​​ရှေ့တွင်​ ဖြစ်​တည်​​နေ၏။

အချိန်​အ​တော်​​လေးကြာ​အောင်​ သူ၏ မျက်​နာကို မြင်​မိ​နေရင်း သူ့ကိုအ​လေးနီ ပြုလိုက်​ပါသည်​။

စိတ်​နှင့်​ကိုယ်​ မကြာခဏကင်းကွာ သွား​သော ​နေ့တစ်​​နေ့ဖြစ်​၍ ကျ​နော့်​မှာ မီး​လောင်​ဒဏ်​ရာနှစ်​ခု၊ သုံးခု ရပါသည်​။စိုးရိမ်​စရာ​တော့မရှိ။ အမာရွတ်​က​လေးများ ထင်​ကျန်​​နေလျှင်​လည်း အမှတ်​အသား​လေးများဟုသာ ကျ​နော်​သ​ဘောထားပါမည်​။

မြောက်​ဘက်​​တောင်​ကုန်းမှာ ယ​နေ့ ​နေသာပါသည်​။

ကျော်​​ကျော်​ မြရည်​စမ်း
၂၅၈၁၇
နံနက်​ ၁နာရီ
ဟိုပင်​မြို့
ကချင်​ပြည်​နယ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts