စာစုတို

လွင် (ဘော်တွင်း) ● သမုဒယသစ္စာ

လွင် (ဘော်တွင်း) ● သမုဒယသစ္စာ
(မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၇

“ကတုံး ကတုံး ဥသျှစ်လုံး” အမေက သီလရှင်နှစ်ပါးကို ဆွမ်းဆန်လောင်းနေရင်း အော်လိုက်ပါတယ်။ စာကြည့်နေတဲ့ ကျွန်မ မျက်လုံးပြူးသွားပြီး အမေ၊ ဘာဖြစ်တာတုံးလို့ လှမ်းမေးလိုက်တော့မှ အမေလည်း သတိဝင်သွားပြီး သီလရှင်နှစ်ပါးကို ဆရာ လေးတို့ ကန်တော့နော်၊ ကန်တော့၊ တပည့်တော် ဟိုကလေးတွေကို လှမ်းစတာပါလို့ ပြာပြာသလဲ တောင်းပန်ပါတယ်။ လမ်းပေါ်မှာတော့ ကျွန်မတို့အိမ်နီးနားချင်း ကလေး အမွှာပူးနှစ်ယောက်ဟာ ဝင်းပြောင်နေတဲ့ကတုံးလေးတွေ ကိုယ်စီနဲ့ စပ်ဖြဲဖြဲလုပ်နေကြပါတယ်။

ကတုံး၊ ကျွန်မတို့ငယ်ငယ်တုန်းကတော့ ရုပ်ရှင်ထဲက ချီးဗူးဟာ ကတုံးပါ။ ဒါကြောင့် ကတုံးတုံးထားတဲ့သူတွေကို ချီးဗူးလို့လဲ ခေါ်ကြ  စကြပါတယ်။ ကျွန်မအခုအချိန်ထိ နားမလည်တာကတော့ ကတုံးဖြစ်နေတာဟာ ဘာကြောင့် စနောက်စရာဖြစ်နေလဲ ဆိုတာပါပဲ။ တကယ်တော့ ပတ်ဝန်းကျင်မှာ ကတုံးတွေအများကြီး။ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်များရဲ့ဆရာများဖြစ်တဲ့ သံဃာ တော်များဟာလည်း သံဃာ့ဝိနည်းအရ ဆံကိုပယ်ကြရတာမို့ ကတုံး၊ သီလရှင်များလည်း အလားတူ ကတုံး။ ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီးတွေထဲမှာ ကတုံးတွေ အများကြီး၊ ဒီနေ့ခေတ် ဘောလုံးအကျော်အမော်တွေထဲမှာလဲ ကတုံးတွေ။ သီလရှင် ဆရာလေးတစ်ပါး ကျွန်မတို့အိမ်မှာ တစ်ပတ်လောက် တည်းခိုသီတင်းသုံးတော့၊ ဧည့်သည်အတွက် အလှပြင်စရာနဲ့ ခေါင်း ဖြီးစရာ စီစဉ်ပေးဖို့ မလိုခဲ့တာကိုဟာ၊ တယ်ဟန်ကျပါလား၊ ဆံပင်မရှိတာနဲ့ကို အလုပ်တော်တော်ရှင်းသွားသကိုးလို့ မှတ် ချက်ပေးမိဖူးပါတယ်။

ကျွန်မ တခါမှ ကတုံး မတုံးဖူးပါ။ မွေးဆံပင်ရိတ်လေ့ရှိကြတဲ့ကာလမှာ မွေးဖွားခဲ့ပေမယ့် ကျွန်မအမေက ကတုံး မတုံးပေးခဲ့ပါ။ ကျွန်မတို့ မောင်နှမလေးယောက်လုံး မွေးဆံပင် မရိတ်ခဲ့ရပါ။ လေးယောက်လုံး ဆံပင်သန်ကြပါတယ်။

အခု အသက်ငါးဆယ်ဝန်းကျင်ရောက်လာတဲ့အခါမှာတော့ အိမ်ကမိသားစုဝင်တွေ ကတုံးတုံးရတာကို အကြိမ်ကြိမ် ကြုံတွေ့ ခဲ့ရပါပြီ။ ပထမဆုံးကြုံရတာက အစ်ကိုနဲ့မောင်လေးကို ရှင်ပြုတဲ့အခါပါ။ နှစ်ယောက်လုံး ကိုရင်ဝတ်ဖို့ ကတုံးတုံးရတာမို့ စ နောက်စရာမဖြစ်ခဲ့ပါ။ ကတုံးတုံးထားရတဲ့အတွက်လည်း သူတို့စိတ်ထဲမှာ စိတ်အနှောင့်အယှက်ဖြစ်ဟန်မတူပါ။

နောက်တစ်ခါကတော့ ကျွန်မမောင်လေးဟာ သူ့သဘောနဲ့သူ ကတုံးတုံးလာတာပါ။ ဆံပင်သန်သူတွေ ဖြစ်တာကြောင့် မကြာခဏ ဆံပင်ညှပ်ရပါတယ်။ ဒါကို သူက စိတ်မရှည်တော့ ကတုံးတုံးပစ်မယ်ကွာလို့ ပြောပါတယ်။ အမေက တုံးချင်တုံး ကွာလို့ ပြီးစလွယ်ဖြေလိုက်တော့ ဆံပင်ညှပ်ဆိုင်သွားပြီး အဟုတ် ကတုံးတုံးလာပါတယ်။ အဲဒီအခါမှာတော့ ကတုံး၊ ချီးဗူးဆိုပြီး အစခံရတာပေါ့။ သူငယ်ချင်းများရဲ့လက်အောက်ကို ရောက်ရတဲ့အခြေအနေပါ။ သူ့ကတုံးကို လာလာပွတ်ကြ တာကိုး။

နောက်တစ်ကြိမ်ကလည်း ဒီမောင်လေးပါပဲ။ သူကြိုက်နေတဲ့ကောင်မလေးက သူ့ကို ဗုဒ္ဓဘာသာဆိုတာ မယုံပါဘူးတဲ့။ ကျွန်မတို့ မိသားစုက ကုလားနဲ့တူတာကိုး။ အမေဆို ကုလားမချည့်ထင်ခံရလို့ တခါတလေဆို ရောချပြီး ဟရေး၊ ဟရေး လုပ်လာတတ်ပါတယ်။ ဒါနဲ့ သူလည်း ဗုဒ္ဓဘာသာဖြစ်ကြောင်း သက်သေပြဖို့ အမေ့ကို သင်္ကန်းစီးပေးပါလို့ ပူဆာပါတယ်။ ရည်ရွယ်ချက်ကို သိတာကြောင့် အမေက မလှုပ်ပါဘူး။ ဒါပေမယ့် ကျွန်မက မင်းနှယ်ကွာ၊ သင်္ကန်းစီးချင်တာများ ဘုန်းကြီး သွားလျှောက်လိုက် … ပြီးတာပဲ။ အမေ့ကိုပူဆာနေစရာ မလိုပါဘူးလို့ ပြောလိုက်မိပါတယ်။ နောက်နေ့မှာတော့ ကိုရင်ရဲ့ အဝတ်အစား၊ ပစ္စည်းတွေလာသိမ်းပါလို့ ဘုန်းကြီးကျောင်းက အမှာစကားရောက်လာပါတော့တယ်။ ကိုရင်ဝတ်ရတဲ့ ရည် ရွယ်ချက်ကြောင့် ဒီကတုံးဟာ အလွန့် အလွန်ကို စစရာ၊ နောက်စရာဖြစ်နေတော့တာပေါ့။

နောက်ထပ်ကတော့ အဖေပါ။ ကျွန်မတို့အဖေဟာ ပရက်စလေကိုသဘောကျပြီး ဆံပင်ကို ခပ်ရှည်ရှည်ထားလေ့ရှိသူပါ။ လမ်း်သရဲတွေလို ဂုတ်ထောက်မဟုတ်ပေမယ့်၊ ပရက်စလေလောက် အမောက်မထောင်ပေမယ့် အတော်အသင့် ကြည့် ကောင်းတဲ့ဆံပင်နဲ့ပါ။ ဆံပင်တိုတိုကပ်ကပ်ညှပ်တာမျိုးကို မကြိုက်ပါဘူး။ အမြဲတန်းလိုလို ဆံပင်ကို အကျအနဖီးထားပြီး ရှိုး များလေ့ရှိသူပါ။ အဲသလိုအဖေဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဦးဏှောက်သွေးကြောပေါက်ပါတယ်။ ဦးဏှောက်ခွဲရတယ်ပေါ့။ ဒါကြောင့် ကတုံးတုံးလိုက်ရပါတယ်။ ဆေးရုံဝန်ထမ်းက ကတုံးလာတုံးတော့ အဖေဟာ သတိကောင်းကောင်းမရပါ။ သတိရ လာရင် ငါ့ကိုဘယ်သူကတုံးတုံးတာလဲဆိုပြီး ရန်တွေ့လောက်တယ်လို့ ပြောမိသေးပေမယ့် စိတ်ပူ၊ သောကများနေချိန်ဆိုတော့ မရယ်နိုင်တဲ့ ဟာသစကားဖြစ်ခဲ့ပါတယ်။ ခုတော့အဖေရဲ့ကတုံးဟာ ဆံပင်ဖြူဖြူ ခပ်ရှည်ရှည်ဖြစ်နေပါပြီ။ ခြေလက်အင်္ဂါ မထိခိုက်တာမို့ သူ့ဘာသာ ဆံပင်ညှပ်ဆိုင်သွားနိုင်ပါတယ်။

အခုနောက်ဆုံးကတော့ ကတုံးမကြာခဏတုံးဖြစ်ခဲ့တဲ့ မောင်လေးပါပဲ။ ဒီတခါ ကတုံးဖြစ်နေတဲ့မောင်လေးဟာ စစရာ နောက်စရာ မဟုတ်တော့ပါဘူး။ လှုပ်လို့ရတဲ့ ညာဘက်လက်နဲ့ ကတုံးကိုပွတ်၊ ခွဲထားတဲ့ အမာရွတ်ကို စမ်းနေပုံဟာ ကြေကွဲ စရာကောင်းလှပါတယ်။ မောင်လေး လေဖြတ်တာပါ။ သွေးတိုးပြီး ဦးနှောက်ညာဘက်ခြမ်းမှာ သွေးယိုတာကြောင့် ဘယ် ဘက်တခြမ်းလုံး မလှုပ်နိုင် ဖြစ်သွားပါတယ်။ ခုတော့ ခွဲစိတ်မှုခံယူပြီးလို့ အိမ်ပြန်ရောက်နေပါပြီ။ နာလန်ထဖို့ အချိန်အများကြီး ယူရဦးမှာပါ။ သူများထူပေးမှ ထနိုင်၊ ထိုင်နိုင်ရတဲ့ ဘဝကို မောင်လေးဟာ ကြံ့ကြံ့ခံပြီး ကျော်ဖြတ်ရမှာပါ။ အခု ကတုံးကတော့ စနောက်ဖို့ဝေးလို့ မြင်ရတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။ ကတုံးတုံးထားတဲ့ မောင်လေးရဲ့မျက်နှာမှာ ရွှင်လန်းတဲ့ အရိပ် အရောင်တွေ ပေါ်ထွက်လာဖို့ အများကြီး ဝိုင်းဝန်းကြိုးပမ်းပေးကြရမှာပါ။

ငယ်ငယ်တုန်းကလို ကတုံး ကတုံး ဥသျှစ်လုံးလို့ အော်ပြီး ခေါင်းကိုပြေးပြေးပွတ်ချင်ပါသေးတယ်။ အရွယ်မငယ်တော့ပြီဖြစ်တဲ့ ကျွန်မတို့တတွေလဲ ကိုယ့်ကျန်းမာရေး ကိုယ်စောင့်ရှောက်လို့ သတိလေးကပ်နေရတဲ့အခါ တခါမှ ကတုံးမတုံးဖူးတဲ့ကျွန်မ ကတုံးတုံးချင်လာပါတယ်။ ခုချိန်ထိတော့ မတုံးဖြစ်သေးပါဘူး။ ဘယ်အချိန်လောက်မှာတော့ဖြင့် ကတုံးတုံးဖို့ စိတ်ပိုင်းဖြတ် နိုင်မလဲ ဆိုတာလည်း…။

လွင် (ဘော်တွင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts