ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● ငြိမ်းချမ်းရေး အလှမ်းဝေးနေရတာ ဘာကြောင့်လဲ

ဇင်လင်း ● ငြိမ်းချမ်းရေး အလှမ်းဝေးနေရတာ ဘာကြောင့်လဲ
(မိုးမခ) သြဂတ်စ် ၂၃၊ ၂၀၁၇

မြန်မာ့ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေသည် မှန်းချက်နှင့်နှမ်းထွက် မကိုက်သေးဟု ဆိုရမည်ကဲ့သို့ ဖြစ်နေသည်။ တိုင်း ရင်းသားအဖွဲ့များက နိုင်ငံရေးအရွေ့တခုကို အမြန်ရွှေ့ချင်နေကြသော်လည်း၊ အစိုးရနှင့် တပ်မတော်အပိုင်းတွင် စဉ်းစား သုံးသပ်ချိန် ကြာမြင့်နေသကဲ့သို ဖြစ်နေသည်။ ယခု လက်ငင်းအခြေအနေမှာ အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) ထံ UNFC က တင်ပြထားသည့် အဆိုပြုချက် ၉ ချက်အပေါ် တည်နေပုံရသည်။ ၎င်းအချက်များမှာ အစိုးရနှင့်တပ်မတော်က တပြည် လုံး အပစ်အခတ်ရပ်စဲရေးကို စတင်ကြေညာရန်၊ ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်၊ ‘အစိုးရ လွှတ်တော် တပ်မတော်ကိုယ်စားလှယ် များ’၊ ‘တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ’၊ ‘နိုင်ငံရေးပါတီများကိုယ်စားလှယ်များ’ ပါဝင်သော “သုံးပွင့်ဆိုင်” ဆွေးနွေးရေးနှင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီလုပ်ငန်းများတွင် နိုင်ငံတကာကိုယ်စားလှယ်များပါဝင်ရန် စသောအချက်များဖြစ်သည်။ လက်ရှိ နိုင်ငံရေးမူဘောင်အရ “အ စိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်နိုင်ငံရေးပါတီများ” ဟူ၍ အဓိကအစုအဖွဲ့၅ ဖွဲ့ ပါဝင်သည်။ ထို့ပြင် JMC ၌ နိုင်ငံတကာပါဝင်မှုကို ‘အစိုးရနှင့်တပ်မတော်’ က ယခုအထိ လက်မခံသေးဟု ဆိုသည်။ ထို့ ကြောင့် ဤအခြေအနေ၌ လိုအပ်သည်ထက် ပို၍အချိန်ကြာနေသည်ဟု တိုင်းရင်းသားအဖွဲ့ဘက်က ထင်မြင်နေကြသည်။

ဩဂုတ် ၁ဝ ရက် နံနက် ၉ နာရီတွင် ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ ဆဋ္ဌမအကြိမ် တရားဝင်ဆွေးနွေးပွဲကို  ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ ကျင်းပခဲ့သည်။ ဖွင့်ပွဲ၌မိန့်ခွန်းများပြောကြရာတွင် DPN ခေါင်း ဆောင် ခူဦးရယ်က “ယုံကြည်မှုအဆင့် သုည ရောက်ရှိနေသည်” ဟု ဖွင့်ပွဲမိန့်ခွန်းတွင် ပြောကြားခဲ့ကြောင်း ကြားရသည်။

ခူဦးရယ်က “ကျွန်တော်တို့ရဲ့ ယုံကြည်မှုတည်ဆောက်တဲ့အဆင့်ဟာဆိုရင် ပြန်သုံးသပ်ကြည့်ရင် ဒီနေ့ကျွန်တော်တို့ ဒီအ ကြောင်းအရာ တခုထဲနဲ့တင် ဆယ့်လေးလဆိုတာ အင်မတန်ကြာညောင်းတယ်လို့ ကျွန်တော့်ရင်ထဲမှာ အဲဒီလိုပဲခံစားရ တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ယုံကြည်မှုတည်ဆောက်တဲ့အဆင့်ဟာ ဘယ်ရောက်နေပြီလည်းဆိုရင် သုညအဆင့် Zero Level ကို ရောက်နေတယ်လို့ပဲ မြင်ပါတယ်” ဟု ပြောခဲ့ကြောင်း မွန်သတင်းအေဂျင်စီ (MNA) က ဖေါ်ပြခဲ့သည်။

သို့သော် သြဂုတ် ၁၁ ရက်နေ့ မဇ္ဈိမသတင်းတွင်မူ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သောတိုင်းရင်းသား လူ မျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် DPN အဖွဲ့တို့အကြား ဆွေးနွေး ရန် ကျန်ရှိနေသည့် အချက် (၈) ချက်အနက် (၄) ချက်ကို သဘောတူညီမှု ရရှိခဲ့သည်ဟု ဖေါ်ပြထားသည်။

“DPN ဘက်က အဆိုပြုထားတဲ့ အချက် ၈ ချက်ရှိတယ်၊ အဲ့ဒီမှာ နံပါတ် ၁ ကနေ ၄ အထိ ကျွန်တော်တို့နှစ်ဦးနှစ်ဖက် သ ဘောတူနိုင်တဲ့ အနေအထားမျိုးရပါတယ်။ အချက် ငါးကနေ ရှစ်ကို ဆွေးနွေးတယ်။ ဒီဆွေးနွေးချက်အပေါ်မှာ မဆုံးဖြတ် သေးဘူး။ နှစ်ဘက်ခေါင်းဆောင်တွေတင်ပြပြီး နောက်တကြိမ် ဆွေးနွေးပွဲမှာ အတည်ပြုမှာပါ” ဟု ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဌေးက ဆိုသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ် DPN အဖွဲ့တို့၏ ဆဋ္ဌမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်ဌေးက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ကြောင်းသိရသည်။ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN အဖွဲ့တို့အကြား နောက်တကြိမ် ဆွေးနွေး ပွဲကို လာမည့်စက်တင်ဘာ ပထမပတ်နှင့် ဒုတိယပတ်တွင်ပြုလုပ်ရန် လျာထားသော်လည်း အသေးစိတ် အချိန်ကို ပြန်လည် ညှိနှိုင်းရဦးမည်ဟု ဦးဇော်ဌေး က ဆိုသည်။

“ကျန်ရှိနေတဲ့အချက်တွေက ငါး၊ ခြောက်၊ ခွန်၊ ရှစ် ဆိုပေမယ့် အဓိကပြောရရင် နိုင်ငံရေးပိုင်းဆိုင်ရာမှာဆိုရင် မူဘောင် သုံးသပ်မှုအပိုင်း တပ်ပိုင်းဆိုင်ရာမှာဆိုရင် JMC (ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့) ယန္တရားကို ပိုမိုခိုင်မာအောင်လုပ် တဲ့အပိုင်းရှိတယ်။ အဲ့မှာ နိုင်ငံတကာပါဝင်မှုနဲ့ပတ်သက်လို့ နှစ်ဖက်ညှိနှိုင်းမှုမှာ ထပ်ပြီးတော့ ဆွေးနွေး စရာတွေ ကျန်ပါသေးတယ်” ဟု နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်း ဇော်က ဆိုသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့သည် ပြီးခဲ့သည့် ရက်ပိုင်း သြဂုတ်လ ၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ် သဘောတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခု သြဂုတ် (၁ဝ) တွင် ရန်ကုန်မြို့၌ ဆဋ္ဌမအကြိမ် တရားဝင်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဤအတောအတွင်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၅ ဖွဲ့နှင့် စုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက် ဒရယ်ကောင်စီ (UNFC) နှင့် တိုင်းရင်းသားပါတီ ၁၅ ခုဖြင့် ဖွဲ့စည်းထားသော စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုး များမဟာမိတ်အဖွဲ့ (UNA) တို့သည် သြဂုတ် ၁၂ ရက်က ရန်ကုန်မြို့တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာများ ဆွေးနွေးခဲ့ ကြောင်း နှစ်ဖက်ကိုယ်စားလှယ်များကပြောသည်ဟု 7Day Daily သတင်းတွင် တွေ့ရသည်။ တိုင်းရင်းသားများ လိုလား သည့် ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည်ဆောက်ရေး ဘုံ ရည်မှန်းချက်ရောက်ရှိရန် UNFC နှင့် UNA တို့ အကြား အတူတကွ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း UNFC ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်ကပြောကြောင်း သတင်း အရ သိရသည်။ ငြိမ်းချမ်းရေးဖြစ်စဉ် မလူးသာ မလွန့်သာဖြစ်နေသည့် အခြေအနေမှတဆင့် ရှေ့ဆက် မည်သို့ ဆောင်ရွက် ရမည်ဆိုသည် များကို UNFC ကိုယ်စားလှယ်အဖွဲ့အား အကြံပြုခဲ့ကြောင်း UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်က ပြောသည်။

“ရှိနေတဲ့ အခင်းအကျင်းအပေါ် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ကိစ္စတွေကိုပဲ အကြံပြု နိုင် တာပါ။ သူတို့သဘောထားကတော့ ဆွေးနွေးတဲ့ ရှစ်ချက်အပေါ်မှာ ပြေပြေလည်လည်ဖြစ်သွားမယ်။ ဒီအပေါ်မှာ ဥပဒေ အကြောင်းရာအရရော အာမခံချက်ရှိမယ်ဆို သူတို့အနေနဲ့ NCA ထိုးမယ်ဆိုတဲ့ သဘောရှိပါတယ်။” ဟု စိုင်းကျော် ညွန့်က ဆိုသည်။

တချိန်တည်းမှာပင် သြဂုတ်လ ၁၁ မှ ၁၃ ရက်အထိ “မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ” Forum on Myanmar Democratic Transition ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပသွားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖေါ်ပြခဲ့သည်။ အဆိုပါ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖိုရမ်တွင် “စစ်ဘက်အုပ်ချုပ်မှုမှ အရပ်ဘက် အုပ်ချုပ်ရေးသို့”၊ “ဗဟိုဦးစီးစနစ်မှ ဈေးကွက်စီးပွားရေးသို့”၊ “စစ်ပွဲမှသည် ငြိမ်းချမ်းရေး ဆီသို့” အစရှိသဖြင့် ဆွေးနွေးခဲ့ကြကြောင်း သတင်းများအရသိရသည်။ ဆွေးနွေးပွဲခေါင်းစဉ်များသည်  မြန်မာနိုင်ငံ၏ လက် ငင်း နိုင်ငံရေးအရွေ့တွင် အများပြည်သူစိတ်ဝင်စားမှုရှိသော အကြောင်းအရာများဖြစ်သည်ကို သတိပြုမိသည်။

၎င်း “မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ” တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စု ကြည် အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အဖွင့်မိန့်ခွန်း၌ အစိုးရ ကက်ဘိနက်အဖွဲ့ဝင်များ နှင့်တကွ အစိုးရယန္တရားအဆင့်ဆင့်ရှိ အမှုထမ်း/အရာထမ်းများ လိုက်နာကြရမည့် လမ်းညွှန်ချက်များ ပါဝင်သည်ကို တွေ့ နိုင်သည်။ အထူးသဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးကိစ္စကို အလေးထားပြောကြားခဲ့သည်ကို တွေ့ရ သည်။

“ပြုပြင်ပြောင်းလဲရေးလုပ်တဲ့နေရာမှာ ဘက်စုံကြည့်ရမယ်လို့ ကျွန်မပြောထားခဲ့ပါတယ်။ အခု ဒီမိုကရေစီအသွင်ကူးပြောင်း ရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ ဒီ Forum မှာဆိုရင် ‘စစ်ဘက်အုပ်ချုပ်မှုမှ အရပ်ဘက်အုပ်ချုပ်ရေးသို့’၊ ‘ဗဟိုဦးစီးစနစ် မှ ဈေးကွက်စီးပွားရေးသို့’၊ ‘စစ်ပွဲမှသည် ငြိမ်းချမ်းရေးဆီသို့’ ဆိုပြီးတော့ ဒီလိုခေါင်းစဉ်တွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ ကျွန်မကတော့ ပထမဦးဆုံး အရေးကြီးတဲ့ ငြိမ်းချမ်းရေးကိစ္စကို ပြောချင်ပါတယ်။ ကျွန်မတို့ပြောင်းလဲရာမှာ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ လွတ်လပ်ရေးမရခင်ကစပြီးတော့ ပြည်တွင်းစစ်မီးတွေ မငြိမ်းနိုင်တဲ့ ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ဆိုတာ ပထမဦးဆုံး အရေးကြီးဆုံးကိစ္စလည်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ဦးစားပေးလုပ်ငန်းတခုလည်းဖြစ်ပါတယ်။”

“တချို့တွေကတော့ ဖွံ့ဖြိုးရေးကသာ အရေးကြီးတယ်။ ဖွံ့ဖြိုးရေးရလို့ရှိရင် အလိုလို ငြိမ်းချမ်းရေးရမယ်ဆိုပြီး ပြောတဲ့သူတွေ ရှိပါတယ်။ ဒီအမြင်ကို ကျွန်မသဘောမတူပါဘူး။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဟာ ခွဲပြီးတော့ ကြည့်လို့မရပါဘူး။ ငြိမ်းချမ်းရေး မရလို့ရှိရင် ဖွံ့ဖြိုးရေးဆိုတာကလည်း တည်တံ့ခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။ ဖွံ့ဖြိုးရေးမရှိလို့ရှိရင် ငြိမ်းချမ်းရေးကလည်း တည်တံ့ ခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။ ဒီနှစ်ခုစလုံးအတွက် ကျွန်မတို့ကြိုးစားဖို့လိုပါတယ်။ ဒါကြောင့်ကျွန်မတို့ဟာ ဒီနိုင်ငံမှာ ပြည်တွင်းစစ်ငြိမ်းသွားဖို့ဆိုတာကို ဦးစားပေးပြီးတော့ ဆောင်ရွက်နေတာပါ။ ပြည်တွင်းစစ်ငြိမ်းဖို့လုပ်တာနဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသား ပြည်သူပြည်သားများအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်ဖို့လုပ်နေတာ ဖြစ်ပါတယ်။” စသည်ဖြင့် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကိစ္စကို အဖွင့်မိန့်ခွန်းတွင် အလေးအနက်ထည့်သွင်း ပြောကြားခဲ့သည်။

သို့တိုင်အောင် ‘စစ်ပွဲမှသည် ငြိမ်းချမ်းရေးဆီသို့’ နိုင်ငံရေးအရွေ့တခုကို ဖန်တီးရခြင်းမှာ ယနေ့လက်တွေ့အခြေအနေအရ အခက်ခဲဆုံးဟု ဆိုနိုင်သည်။ လက်ရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ရပ်စဲရေးအခြေအနေသည် တိုင်းရင်းသား လက်နက် ကိုင် အင်အားစုအားလုံး “တနိုင်ငံ လုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA)” ကို လက်ခံကာ၊ နိုင်ငံရေးဆွေးနွေး ပွဲများ တွင်ပါဝင်လာရေး အပေါ်တည်နေသည်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံး မပါဝင်နိုင်သရွေ့ စစ်မှန်သော ပြည် တွင်း ငြိမ်းချမ်းရေးရမည်မဟုတ်ဟု မွန်ပြည်သစ်ပါတီ (NMSP) က ဩဂုတ် ၇ ရက်တွင် ကျရောက်သော (၇ဝ) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့၌ NMSP ၏ သဘောထားကို ထုတ်ပြန်ကြေညာခဲ့သည်။ NLD အစိုးရအနေဖြင့် အာဏာမရမီကာလက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အလေးပေးကြွေးကြော်ခဲ့သော်လည်း အစိုးရဖြစ်လာပြီးနောက် တနှစ်ကျော်သည် အထိ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ရေငုံနှုတ်ပိတ်နေရုံမက NCA မထိုးရသေးသည့်အဖွဲ့များနှင့်လည်း ပြေလည်အောင် မညှိ နှိုင်းနိုင်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အချက်အလက်အရ မမှားသော်လည်း အချိန်အခါ အခြေအနေအရ ဆန္ဒ စောနေသည်ဟု ဆိုရမည်။ အဓိကအားဖြင့် ထိပ်တိုက်တွေ့မှုနှင့် ပဋိပက္ခများကို ရှောင်ကွင်းကာ၊ နိုင်ငံရေးအရ ရသင့်သည့် အခွင့်အရေးများ ပြန်လည်ရရှိစေရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆောင်ရွက်နေသည်ကို သတိထားသင့်သည်။ အ ထိအခိုက် အရှအနာအနည်းဆုံးလမ်းကို ရွေးလျှောက်နေသဖြင့် စိတ်ရှည်ရမည့် အချိန်ဖြစ်သည်။

လက်ရှိ NLD အစိုးရ၏ ရည်မှန်းချက်များမှာ ‘အမျိုးသား ပြန်လည်သင့်မြတ်ရေး’ နှင့် ‘ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး’ ဖြစ်သည်။ NLD အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး လမ်းပြမြေပုံ ၇ ချက်ကို လေ့လာပါက ‘ဒီမိုကရေစီနည်း မကျသော ဖွဲ့စည်းပုံကို ပြင်ဆင်မည်’ ဟု အတိအလင်းကြေညာထားသည်။ ဒီမိုကရက်တဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်မည်ဟု ပြည်သူလူထုအား ကတိပေးထားသည်။ သို့ဆိုသော်လည်း လက်တွေ့အနေအထားအရ နိုင်ငံရေး ကိစ္စ အဝဝကို ၂ဝဝ၈ ဖွဲ့စည်းပုံ အောက်မှသာ လုပ်ကိုင်ဆောင်ရွက်နေရသည်ကို ဒီမိုကရေစီဘက်တော်သားတို့ သတိမူကြ ရ မည်။ လတ်တလောအခြေအနေတွင် ဥပဒေစည်းဘောင်အတွင်းမှနေ၍ ဒီမိုကရေစီအခွင့်အရေးများကို ရနိုင်သရွေ့ တိုးချဲ့ရ ယူ နေရသည်။

‘နိုင်ငံတော်၏အတိုင်ပင်ခံ’ ဆိုသည့် လုပ်ပိုင်ခွင့်အာဏာကိုပင် ၂ဝဝ၈ ဖွဲ့စည်းပုံဘောင်အတွင်းမှ ချဲ့ထွင်ရယူ ထားရသည်ကို မမေ့သင့်ကြပေ။ လက်ငင်း ငြိမ်းချမ်းရေးဖြစ်စဉ်များအရ အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေအနေ အလှမ်းဝေးနေသေး သည်။ ငြိမ်းချမ်းရေးသည်လည်း နီးမလိုနှင့် ဝေးနေဆဲပင် ဖြစ်သည်။ သက်ဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင်များ၏ အပြောနှင့်အလုပ်ကိုကြည့်လျှင် ဘာကြောင့် ငြိမ်းချမ်းရေး အလှမ်းဝေးနေရသည်ကို သိသာနိုင်သည်။ ‘စစ်ရေးခေါင်းဆောင် များ’ သည် နိုင်ငံရေးရည်မှန်းချက်အရ စစ်မြေပြင်တွင် စစ်ရေးကိုသာ တာဝန်ယူကြရသည်။ စစ်ပွဲကို အောင်မြင်စွာ အဆုံး သတ်၍ ငြိမ်းချမ်းရေးရည်မှန်းချက်ကို အကောင်အထည်ဖေါ်ရန်မှာ နိုင်ငံရေးခေါင်းဆောင်၏ တာဝန် ဖြစ်သည်။ စစ်ပွဲများကို ‘နိုင်ငံရေးဆွေးနွေးပွဲ’ (Political Dialogue) ဖြင့်သာ အဆုံးသတ်ကြရမည် ဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံရေးခေါင်းဆောင်၏ ဦးဆောင်မှုနောက်တွင် စစ်ရေးခေါင်းဆောင်တို့က လိုက်ပါကြရမည်။ လက်ရှိ မြန်မာနိုင်ငံအနေအထားအရ နိုင်ငံရေးခေါင်း ဆောင်၏ ပဓါနကျမှု အခန်းကဏ္ဍကို စစ်ရေးခေါင်းဆောင်ပိုင်းက လက်ခံကြရန် တွန့်ဆုတ်နေ ကြသည်။ ယခင်နှစ်ငါးဆယ် အတွေ့အကြုံအရ စစ်ရေးခေါင်းဆောင်များ နိုင်ငံကို ဦးဆောင်ခဲ့ကြ၍ ကျဆုံးနိုင်ငံ Failed State ဖြစ်ခဲ့ရသည့် သင်္ခန်းစာကို လက်ရှိ စစ်ခေါင်းဆောင်တို့ သတိပြုသင့်သည်။ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းရွက်မှသာ ကိုယ့်ဂုဏ်သိက္ခာလည်း မြင့်ပေလိမ့်မည်။ နိုင်ငံရေးခေါင်းဆောင်၏ လုပ်ပိုင်ခွင့်ကို စစ်ခေါင်းဆောင်တို့ အသိအမှတ်မပြုသရွေ့ ဒီမိုကရေစီနှင့် ငြိမ်း ချမ်းရေးဖြစ်ထွန်းလာရန် အချိန်များစွာ ယူရလိမ့်ဦးမည်။ ငြိမ်းချမ်းရေးမရှိလျှင် တရားဥပဒေစိုးမိုးရေးလည်း မရှိနိုင်။ တရား ဥပဒေ စိုးမိုးမှုမရှိလျှင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးမှု မဖြစ်ထွန်းနိုင်။ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကိစ္စသည်လည်း နိုင်ငံရေးဖြစ်စဉ်တွင် အရှည်ကြာဆုံးနှင့် အခက်ခဲဆုံးတိုက်ပွဲတရပ် ဖြစ်နေပေဦးမည်။ နိုင်ငံတော် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဘဝတခုလုံးရင်းနှီးမြှုပ်နှံထားသော၊ ရိုးသားဖြောင့်မတ်၍ အမြှော်အမြင်ကြီးသော၊ လူထုထောက်ခံမှုလည်း မြင့်မားသော နိုင်ငံရေးခေါင်းဆောင်ကောင်းတဦး ပေါ်ပေါက်နေချိန်တွင် ၎င်း၏လုပ်ပိုင်ခွင့်ကို လမ်းဖွင့်ပေးကြဖို့ လိုသည်။ ကိုယ်ကျိုးကိုငဲ့ကွက်၍ နိုင်ငံရေးခေါင်းဆောင်၏ လုပ်ပိုင်ခွင့်ကို စစ်ရေးခေါင်းဆောင်တို့က ဟန့်တားနေကြဦးမည်ဆိုလျှင် ငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်ဟု သုံးသပ်မိပါသည်။

 

Photo credit : The Straits Times


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts