တိုးနှောင်မိုး ● ဒီဘက်ခေတ်
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၇
အမှန်တရားတခုကို တခုထက်ပိုပြီးရွှေးချယ်ဖို့
ပန်းချီကားဆေးရောင်ချယ်သ သလို
စိတ်ကူးရှိတဲ့အတိုင်း စိတ်ကူးနိုင်ဖို့
ဒီဘက်ခေတ်မှာ သေနတ်မလိုဘူး။
ဦးနှောက်လိုတယ်
စက်ယန္တယားသည် လူသားမဟုတ်
ငါးတူ ဖားတူ လိုတယ်။
ညငှက်တွေ ညီကို မသိ တသိ ပျံသန်း
အသံထွက်ပျံသန်းဖို့အထိ
ကြောင်မည်းကြီးလည်း ငါးကြော်ကြိုက်တယ်
ဆိုဒီယမ် ကယ်လ်ဆီယမ် ဟိုက်ဟီလစ်ဘယ်ဘိုလို
အလန်းမ်းပေးမရတဲ့ ရုပ်ရှင်တွေငေးကြည့်
အလွတ်ကျက်ထားတဲ့ဆာလောင်မှုက အငတ်ပြေမယ်ထင်လို့လား
အရှေ့တိုင်းဆန်တဲ့ ဥရောပဓလေ့တွေ
စစ်မက်ကိုစစ်ပွဲတွေနဲ့ ကိုင်းကူးမျိုးပွားတဲ့ခေတ်
ကတ္တီပါကားလိတ်နောက်ကွယ်က
လက်မည်းကြီးတွေ နေရာအနှံကြီးစိုးနေတဲ့ခေတ်။
လိင်စိတ်ကြွဆေး သံပုရာသီးရှောက်သီးနဲ့ကျည်ဆံ
ကံကံ၏အကျိုး အိုင်းစတိုင်းနဲ့ နယူတန်ပေါင်းနှုတ်မြှောက်စား
ကလေးနို့ဘူးထဲ ကြိယာဝိသေသနတွေများနေတဲ့ခေတ်။
အရစ်ကျချေးငွေ ကမ္ဘာ့ကုန်သွယ်ရေးဗဟို
လွတ်လပ်ရေးကို ဝယ်လိုအားထက် ရောင်းလိုအားမြှင့်
နယ်စည်းမခြားလင်းအမှောင်တွေ
တရားဝင်လျှော်ဖွတ်လို့ရတဲ့ခေတ်။
ပျားတွေ စွေ့စွေ့ခုန်အောင်
အသံနေအသံထားနဲ့ပြဇတ်မင်းသားလို ဒေါ်နယ်ထရန့် မဲနိုင်တဲ့ခေတ်။
ဆိုရေးရှိအပ် ဆိုရေးလှစေဆိုတဲ့အတိုင်း
ဘယ်တော့မှမယုံရ
မျက်လှည့်နဲ့ ပညာရေးနဲ့ အစိုးရနဲ့ ၂၀၀၈ နဲ့
ချွေးတလုံးလုံးအဓိပ္ပါယ်တွေ ဇောက်ထိုးမိုးမျှော်
တာ့ရော့ကဒ်လို ရှင်သန်ရာလမ်းများ အတိအကျ
ဆားတွေငံလာတာလည်း ရေးကြီးခွင်ကျယ်
ဖားတွေ ဖားရင်း တုံးအောက်ရောက်သွားတာနဲ့ မဆိုင်ဘူး။
အနေအထားအရ ကလေးငိုသံကစ
သတိထားနေရပြီး
အမျိုးသားရေးနဲ့ နိုင်ငံရေး လေ ဝမ်း မကွဲတဲ့ခေတ်။
သေနတ်နဲ့ အပြာကားနဲ့ ဖုန်းနဲ့ဆက်သွယ်ရေးနဲ့
ကီးလွဲနေတဲ့ဇိမ်နဲ့ Live ကြည့်နေတဲ့ လူသတ်ပွဲ
ဘောလုံးပွဲလောင်းသလို
နွားပွဲတွေကြက်ခွပ်သလို ကြက်ခွပ်ပြီး စစ်ပွဲ စီးကရက်မီး
မသေသေးတဲ့အဖြစ်။
ဒီဘက်ခေတ်က
ထင်တိုင်းမဖြစ်သေးတဲ့ ရာသီဥတုအခြေအနေ
ဒေးကာနယ်ဂျီ ဈေးထွက်ရောင်းနေရသလိုအဖြစ်များ
ဆန္ဒမပါပဲ အလိုမတူပဲ မှတ်ပုံတင်လုပ်သွားတဲ့ခေတ်
အချိုမှုန့်ပိုစားလာတယ်။
ဆေးခန်းမှာ တရားရုံးမှာ သင်္ချိုင်းကုန်းမှာ
လူစည်ကားနေသလို
အဝေးပြေးကားတွေ လမ်းပျောက်နေတဲ့ခေတ်
တစ်နဲ့တစ်ဆယ်ကြား အရိပ်တွေကြမ်းနေတဲ့ခေတ်။
တကယ်တော့ပျားရည်ဟာ
ခြေထောက်ကျိုးနေတဲ့ခေတ်ပျားခြေရာကို ပျားတိုင်းသိသလို
ပန်းတွေပန်းထွက်နေအောင်ပွင့်တဲ့ပန်းခင်း
ကလေးသူငယ်များမိဘမဲ့
မိဘများငိုပွဲဝင်
မမြင်ကွယ်ရာက ခေါင်ဖောက်ထွက်
သစ်ရွက်ဟာ ကြယ်လို ကြွေချင်လို့မရဘူး
စိတ်ကောက်နေတဲ့ချစ်မေတ္တာ
အိမ်မပြန်တော့တဲ့ကြင်နာခြင်း
အလင်းကို အမှောင်ဖမ်းသလို
မုန်လာဥတွေ
မုန်လာဥတွေ
မုန်လာဥတွေ
ဒီဘက်ခေတ် မုန်လာဥတွေများလာတဲ့ခေတ်
ဒီဘက်ခေတ်ဟာ ဒီဘက်ခေတ်ကို ထိုင်ငေးကြည့်နေတယ်
ဒီဘက်ခေတ်ကလည်း ဒီဘက်ခေတ်ကို ပြန်ငေးကြည့်နေတယ်
ဒီဘက်ခေတ်ထဲမှာ။ ။
တိုးနှောင်မိုး
၁၃၊ ၂၊ ၂၀၁၇