(မိုးမခ) သြဂတ်စ် ၁၇၊ ၂၀၁၇
စစ်တပ်ဆိုတာ (ပဒေသရာဇ်၊ အရင်းရှင်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်) အစိုးရရဲ့ အစိတ်အပိုင်းသာဖြစ်တယ်။ အစိုးရအဖွဲ့ဝန်ကြီး ဌာနတွေအနက် တစ်ခုဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ စစ်တပ်ကို ထားရှိမြဲဖြစ်တယ်။ ဘယ်လိုအစိုးရပဲဖြစ်ဖြစ် အရင်းခံမူက အစိုးရရဲ့အမိန့်ကို စစ်တပ်က နာခံရတာဖြစ်တယ်။
လက်ရှိ “၂၀၀၈ အခြေခံဥပဒေဘောင်” ထဲက ဒီချုပ်အစိုးရနဲ့ စစ်တပ် ဆက်ဆံရေး အနေအထား ( ခုပြောနေကြတဲ့ တပ်ဘက် အရပ်ဘက်ဆက်ဆံရေးဆိုတဲ့ စကားလုံးနဲ့ပြောရရင်) ဟာ အစိုးရဟာ တပ်ကို အမိန့်မပေးနိုင်တဲ့အပြင် “ချော့မော့တောင်းပန် နေရတဲ့ ဆက်ဆံရေး” လို့ ပြောရင် အပြောလွန်ရာကျမယ် မထင်ပါဘူး။
မြန်မာနိုင်ငံမှာတော့ ၁၉၆၂ မတ်လက စလို့ စစ်တပ်ဟာ အဲဒီ ပုံစံက ပျက်ပြားသွားတယ်။ ဗိုလ်နေဝင်းလက်အောက် လုံးလုံး လျားလျား ကျရောက်သွားတယ်။ ဗိုလ်နေဝင်းစာ စစ်တပ်ကို သူ့ခါးပိုက်ဆောင်တပ်သဖွယ် အသုံးချသွားခဲ့တယ်။ “၁၉၇၄ အခြေခံ ဥပဒေ” အတည်ဖြစ်လာတော့ စစ်တပ်ဟာ (မဆလ) ပါတီရဲ့အမိန့်ကို နာခံခဲ့ရတာပဲဖြစ်တယ်။ (မဆလ) ပါတီဆိုတာ ဗိုလ်နေဝင်းရဲ့ ခါးပိုက်ဆောင် ပါတီသာဖြစ်တယ်။ ခါးဆောင်ပါတီ၊ ခါးပိုက်ဆောင်စစ်တပ်နဲ့ ဗိုလ်နေဝင်းဟာ ဆိုရှယ်လစ်စနစ် ကို ချီတက်ခဲ့တာ တိုင်းပြည်နဲ့ ပြည်သူဟာ အဆင်းရဲဆုံးနိုင်ငံ (LDC) ဘဝ သက်ဆင်းကျရောက်သွားခဲ့ရတယ်။
ဗိုလ်နေဝင်းက သူ့စိတ်ကြိုက် ကာချုပ်တွေ တင်ခဲ့တာပဲဖြစ်တယ်။ ဗိုလ်စောမောင်ကို ဖယ်ရှားပြီး ဗိုလ်သန်းရွှေ ကာချုပ်ဖြစ် လာတာဟာ ဗိုလ်နေဝင်း mandate နဲ့ဖြစ်တာပါ။ ဗိုလ်နေဝင်း စိတ်ကြိုက်ခန့်ခဲ့တဲ့ ကာချုပ် ၅ ယောက်ရှိပါတယ်။
[ဗိုလ်စန်းယု၊ ဗိုလ်တင် ဦး (ဒီချုပ်နာယက) ၊ ဗိုလ်ကျော်ထင်၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ] တို့ ဖြစ်ပါတယ်။
၁၉၇၄ အခြေခံဥပဒေထဲမှာ စစ်တပ်နဲ့ပတ်သက်လို့ တလုံးတပါဒမှ ရေးမထားပါဘူး။
စစ်တပ်ဟာ ဗိုလ်နေဝင်းရဲ့ တလက်ကိုင်ပဲ။ ဒီလိုကိုင်နိုင်ဖို့ ဂတ်စတာပိုထောက်လှမ်းရေးကိုလည်း ဗိုလ်နေဝင်းက လက်သပ် မွေးထားတယ်။ ဒီမှာလည်း ထောက်လှမ်းရေးညွန်ချုပ်ဆိုတာ သူ့စိတ်ကြိုက်ခန့်ခဲ့တာဖြစ်တယ်။
(ဗကပ) နဲ့ စစ်ပြိုင်တိုက်နိုင်တဲ့ စစ်ဗိုလ်တွေကို ဗိုလ်နေဝင်းက ထိပ်ပိုင်းရာထူးမပေးပါဘူး။ တပ်အပေါ် စစ်ရေးသြဇာလွှမ်းပြီး သူ့ကို ကျောသွားမှာ အဖြစ်မခံနိုင်ပါဘူး။ ဒါကြောင့် ပြည်တွင်းစစ်မှာ (ဗကပ) ကို တိုက်တဲ့ စစ်ဗိုလ်တွေ တပ်မှာ နေရာမရပါဘူး။
ဗိုလ်ထွန်းရီ (နပိုလီယံ) [နောင် (တစည) ပါတီဥက္ကဋ္ဌ] ဟာ သူတို့စစ်တပ်ထဲမှာ ဖိုက်တာပဲ။ ဗိုလ်ထွန်းရီဟာ ကာချုပ်ဖြစ်ရမယ့် သူပဲ ဒါပေမယ့် ဘာမဟုတ်တဲ့အကြောင်းပြချက်နဲ့ ဗိုလ်နေဝင်းက သူ့ကို (ဗိုလ်ထွန်းရီ) ဖယ်ရှားပစ်ပြီး (ကာချုပ် ဖြစ်နိုင်တယ်လို့ ဘယ်သူကမှ ထင်မှတ်မထားတဲ့) စစ်ရေးချုပ်လုပ်နေတဲ့ ဗိုလ်စောမောင်ကို ကာချုပ်ခန့်ခဲ့တယ်။
အထက်ပါအချက်အလက်များကနေ ဘာကိုကောက်ချက်ချပြောနိုင်သလဲဆိုတော့ ဒီတော့ ၁၉၆၂ ကနေ ၁၉၉၂ (ဗိုလ်သန်း ရွှေ ကာချုပ်ဖြစ်လာတဲ့အထိ) နှစ်ပေါင်း ၃၀ လုံးလုံး စစ်တပ်နဲ့ကာချုပ်ဆိုတာ စစ်အုပ်စုထိပ်သီးဗိုလ်နေဝင်းရဲ့ သစ္စာခံ၊ အသုံး တော်ခံတွေ တလက်ကိုင်တွေသာဖြစ်တယ်ဆိုတဲ့အချက်ကို ပြောနိုင်ပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွင်းဖို့ (မိုးပေါ်ထောင်ဖောက်တာမပါဘူး၊ တည့်တည့်ပစ်တယ်) အမိန့်ပေးခဲ့သူဟာ ဗိုလ်နေဝင်းဖြစ်ပြီး၊ “စောမောင် – ခင်ညွန့် အာဏာသိမ်းကြ” လို့ ခေါ်ပြီး အမိန့်ပေးတာလည်း ဗိုလ်နေဝင်း ပဲဖြစ်တယ် မဟုတ်ပါလား။
ဗိုလ်သန်းရွှေဟာ ဗိုလ်နေဝင်းကို ဖယ်ရှားခဲ့သူဖြစ်တယ်။ ဒီလိုဖယ်ရှားနိုင်ဖို့ ဗိုလ်သန်းရွှေအတွက် ရေခံမြေခံ ၃ ခု အသင့်ရှိနေခဲ့ တယ်။ ပထမတစ်ခုက သူကိုယ်တိုင် ဗိုလ်နေဝင်း mandate နဲ့ ကာချုပ်ဖြစ်နေတဲ့အချက်၊ ဒုတိယတစ်ခုက ဗိုလ်နေဝင်း အိုမင်းတွင်းဆုံးကျလာတဲ့အချက်၊ တတိယအချက်က ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးက ဗိုလ်နေဝင်းနဲ့ (မဆလ) အုပ်စု ကို မြောင်းထဲတွန်းချလိုက်တဲ့အချက်ဖြစ်ပါတယ်။
ဒီ ၃ ချက်အနက် အဓိကအကျဆုံးအချက်က “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ဟာ ဗိုလ်နေဝင်းရဲ့ဇာတိရုပ်ကို ဖွင့်ချပြီး နိုင်ငံရေးသေတွင်းထဲပို့ပစ်လိုက်တဲ့အချက်ဖြစ်ပါတယ်။ ဗိုလ်နေဝင်း ဘယ်လိုမှအဖတ်ဆယ်မရနိုင်တဲ့ အချက်ဖြစ်တယ်။ ဒီအ ချက်တွေကို ပိုင်ပိုင်နိုင်နိုင်အသုံးချပြီး ဗိုလ်သန်းရွှေဟာ နံပါတ်ဝမ်းဖြစ်တာတာပါပဲ။
ဒါဟာ နံပါတ်ဝမ်းကို ဖယ်ရှာသူဟာ နံပါတ်ဝမ်းဖြစ်လာတယ်။ ဒါဟာ ပဒေသရာဇ်ခေတ်မှာလို အဖေကို သတ်သူ၊ ဘကြီးကို သတ်သူဟာ ရှင်ဘုရင်ဖြစ်တယ်ဆိုတဲ့ လောဂျစ်ပါပဲ။ စစ်တပ်ထဲမှာတော့ နံပါတ်ဝမ်းကို ဖယ်ရှားနိုင်သူဟာ နံပါတ်ဝမ်းဖြစ် တာပါပဲ။
၂၀၀၄ မှာတော့ အင်မတန်စွာနေတဲ့ ဗိုလ်ခင်ညွန့်ကို ဖြုတ်ချလိုက်နိုင်တဲ့အခါမှာ ဗိုလ်သန်းရွှေဟာ စစ်တပ်ထဲမှာ ပြိုင်ဘက် ကင်းတဲ့ စစ်အုပ်စု နံပါတ်ဝမ်း ဖြစ်လာပါတယ်။
ဗိုလ်သန်းရွှေဟာ ဗိုလ်နေဝင်းလို ကာချုပ်တွေ မခန့်ခဲ့နိုင်ဘူး။ သူကိုယ်တိုင်ပဲကာချုပ်လုပ်တယ်။ ဒါပေမယ့် စစ်တပ်နဲ့အစိုးရ ထဲမှာ ရာထူးအဆင့်နေရာတွေ ဖန်တီးပေးပြီး နယ်စားပယ်စားလို အပိုင်စားနေရာ ခွဲဝေပေးထားခဲ့တယ်။ ခွဲဝေစားသောက်စေခဲ့ တယ်။ ဒါဟာ ဗိုလ်နေဝင်းနဲ့ မတူတဲ့ပရိယာယ်ကျင့်သုံးမှုဖြစ်တယ်။ ဒီလိုနဲ့စစ်ဗိုလ်ထိပ်သီးတွေဟာ မကြုံဖူး၊ မကြားဖူးတဲ့ ပမာဏနဲ့ ကျိကျိတက် ချမ်းသာလာကြတယ်။ (နဝတ-နအဖ) ဗိုလ်သန်းရွှေခေတ်မှာ ဒီလိုဖြစ်လာတာပဲ။ ၁၉၉၂ ဗိုလ်သန်းရွှေ ကာချုပ်စဖြစ်တဲ့ နှစ်ကနေ ၂၀၁၀ ဗိုလ်သန်းရွှေအနားယူတဲ့အထိဆိုရင် ၁၈ နှစ်နီးပါး ရှိတယ်။
ဗိုလ်သန်းရွှေဟာ နားတယ်ဆိုပေတယ်လို့ ဗိုလ်နေဝင်းလို အရေးတော်ပုံနဲ့ဖြုတ်ချခံရတာမဟုတ်ဘူး။ သူ့စိတ်ကြိုက် “၂၀၀၈ အခြေခံဥပဒေ” ရေးဆွဲအတည်ပြု၊ ကြံ့ဖွံ့အသင်းကို နိုင်ငံရေးပါတီအဖြစ်ပြောင်း၊ သူ့စိတ်ကြိုက် ကာချုပ်ခန့်ပြီး ကန့်လန့်ကာ နောက်ဝင်သွားတာဖြစ်တယ်။
ဗိုလ်သန်းရွှေ စိုးမိုးသွားတဲ့ ၁၈ နှစ်ကာလမှာလည်း စစ်တပ်နဲ့ ထိပ်သီးစစ်ဗိုလ်တွေ ဟာ ဗိုလ်သန်းရွှေ သစ္စာခံ၊ အသုံးတော်ခံ၊ တစ်လက်ကိုင်တွေပဲဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ်တယ်။ ဒီတော့ ဗိုလ်နေဝင်းပဲဖြစ်ဖြစ်၊ ဗိုလ်သန်းရွှေပဲဖြစ်ဖြစ် “စစ်တပ် (ဝါ) တပ်မတော်” ကို သူတို့ကိုယ်ကျိုးသက်သက်အတွက် အသုံးချသွားတာသာဖြစ်တယ်ဆိုတဲ့အချက်ကို အထင်အရှားတွေ့မြင်ရမှာဖြစ်ပါတယ်။
ဗိုလ်နေဝင်းနည်းက စစ်တပ်အခန်းကဏ္ဍကို “၁၉၇၄ အခြေခံဥပဒေ” ထဲ ထည့်မရေးဘဲ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အရာရာ ကို လွှမ်းမိုးချုပ်ကိုင်ထားတာဖြစ်တယ်။ ဗိုလ်သန်းရွှေနည်းကတော့ စစ်တပ်အခန်းကဏ္ဍကို “၂၀၀၈ အခြေခံဥပဒေ” ထဲမှာ ဗြောင်ထည့်ရေးပြီး နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အရာရာကိုလွှမ်းမိုးချုပ်ကိုင်ထားတာဖြစ်တယ်။
ဒါဟာ စစ်အုပ်စုရဲ့စံကျတဲ့ အတွေးအခေါ်နဲ့လုပ်ပုံလုပ်နည်းဖြစ်တယ်။ အကုန်အစင်ဖယ်ရှားပစ်ရမယ့်အရာဟာ အဲဒီအတွေး အခေါ်နဲ့ အဲဒီလုပ်ပုံလုပ်နည်းတွေပဲဖြစ်တယ်။
“စစ်ဘက်အုပ်ချုပ်မှုမှ အရပ်အုပ်ချုပ်ရေးသို့” ပြောင်းတယ်ဆိုတာမှာ “တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေဝင်းမှ (မဆလ) ပါတီဥက္ကဋ္ဌ ဦးနေဝင်းထံသို့ ပြောင်းနည်း” မျိုးလည်း ကြုံခဲ့ကြဖူးပြီ။ “(နအဖ) စစ်အစိုးရမှ ကြံ့ဖွံ့အစိုးရသို့ ပြောင်းနည်း” လည်း ကြုံခဲ့ကြဖူးပြီ။ စစ်ဗိုလ်တွေ ယူနီဖောင်းဝတ်ရာကနေ အရပ်ဝတ်ပြောင်းဝတ်တဲ့ “အပြောင်းအလဲ” ဆိုတာမျိုးနဲ့တော့ ကွဲပြား ခြားနေစေချင်ပါတယ်။
နောက်တစ်ခုက “သူရဗိုလ်ရွှေမန်း၊ သူရဗိုလ်အောင်ကို” တို့ ပါးစပ်ကနေ စစ်တပ်ဟာ သူ့နေရာမှန် ပြန်သွားရမယ်၊ ပြန်သွား သင့်တယ်လို့ တည်တည်ကြည်ကြည်ပြောတာဆိုတာ၊ သူတို့ပိုင် (social media) ပေါ်ကနေ ထုတ်ဖော်ရေးတာများ၊ ကြားဖူး ဖတ်ဖူးကြပါသလား။
စစ်တပ် (ဝါ) တပ်မတော်ကို သူ့နေရာမှန်မှာ ထိုက်ထိုက်တန်တန် ပြန်ရောက်စေချင်ကြတာပါပဲ။
အဲဒီနေရာမှန်ဆိုတာ တခြားမဟုတ်ဘူး။ စစ်အုပ်စုရဲ့ တစ်လက်ကိုင်ဘဝ၊ ခါးပိုက်ဆောင်ဘဝက ယတိပြတ် ကင်းလွတ်စေပြီး၊ တိုင်းရင်းသားပြည်သူများနဲ့ ဒီမိုကရေစီကိုကာကွယ်တဲ့ ဂုဏ်သိက္ခာရှိတဲ့တပ်ဆိုတဲ့နေရာမှန်ကို ပြန်ရောက်စေချင်တာပါ။ ဒီနေရာမှန်ကို ရောက်မသွားစေချင်သူဟာ တပ်မတော်ကို အစဉ်အဆက် ဂုပ်ခွစီးထားတဲ့ တစ်လက်လက်ကိုင်လုပ်ထားတဲ့၊ ခါးပိုက်ဆောင်လုပ်ထားတဲ့ စစ်အုပ်စုပဲဖြစ်တယ်။ ဒီတော့ စစ်အုပ်စုက ဒီအချက်ကို အကြောက်အကန် ကာကွယ်နေတာ ဖြစ်တယ်။
မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Democratic Transition ) မှာ (NDC) က ဗိုလ်မှူးကြီးအောင်မြင့်ဦး ဆွေးနွေးတယ်၊ ပြောဆိုတယ်ဆိုတဲ့အချက်တွေကို ကြည့်လိုက်တော့ စစ်အုပ်စုအတွေးအခေါ်ကို လာတင်ပြတာ ဆွေးနွေးတာဖြစ်တယ်။ နှစ်ပေါင်း ၅၀ နီးပါး တိုင်းပြည်ကို လွှမ်းမိုးအုပ်စိုးခဲ့တဲ့ ကာလကိုပြန်ကြည့်ပါ။ အဲဒီ ကာလထဲမှာ စစ်တပ် (ဝါ) တပ်မတော်ဟာ ဗိုလ်နေဝင်း (သို့မဟုတ်) (မဆလပါတီ) (သို့မဟုတ်) ဗိုလ်သန်းရွှေစစ်အုပ်စုရဲ့တစ်လက်ကိုင်တပ်ဘဝ၊ ခါးပိုက်ဆောင်တပ်ဘဝအဖြစ်နဲ့ အသုံးတော်ခံခဲ့ရတယ်ဆိုတာ ထင်ရှားပါတယ်။
“သူရ၊ သီဟ” ဆိုတဲ့ ဆုတွေတံဆိပ်တွေ စစ်အုပ်စုက ပေးသနားခဲ့ပေမယ့်၊ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတွေဆီကနေ စစ် ဗိုလ်စစ်သားတွေ တကယ်တန်းရရှိခဲ့တဲ့ ဆုလာဘ်ကတော့ ရွံရှာမုန်းတီးမှုနဲ့ ဆန့်ကျင်တော်လှန်မှုပါပဲ။
လူမျိုးပေါင်းစုံပြည်သူလူထုရဲ့သားသမီးတွေ ဖွဲ့စည်းထားပြီး၊ ပြည်သူ့ဘဏ္ဍာငွေနဲ့ယူနီဖောင်း၊ လစာ၊ ပင်စင်ထိ ရယူခံစားနေ တဲ့ စစ်တပ်က ပြည်သူလူထုရဲ့ အသုံးတော်ခံဘဝ၊ ပြည်သူ့တစ်လက်ကိုင်စစ်တပ်ဘဝကို ဘာဖြစ်လို့ ခါးခါးသီးသီးငြင်းပယ်နေရ တာလဲ။
“တပ်မတော်သာအမိ – တပ်မတော်သာအဖ” ဆိုတာ စစ်အုပ်စုက လှည့်စားထားတဲ့ မှိုင်းတိုက်ထားတဲ့၊ ပြည်သူလူထုနဲ့ တပ် မတော်ကို သွေးခွဲရန်တိုက်ပေးထားတဲ့ ကြွေးကြော်သံတွေသာဖြစ်ပါတယ်။
“စစ်ဘက်အုပ်ချုပ်မှုမှ အရပ်အုပ်ချုပ်ရေးသို့” စစ်အုပ်စုက ပြောင်းလဲချင်တဲ့ အပြောင်းအလဲဆိုတာဟာ မြွေအရေခွံလဲ သလို အပြောင်းအလဲမျိုးသာဖြစ်ပါလိမ့်မယ်။
Photo credit : Asia News