တူမောင်ညို သူတို့အာဘော်

တူမောင်ညို – အရေခြုံတွေကို မကူညီပါနဲ့ ဒီချုပ်ပါတီ

Photo – BBC Burmese

တူမောင်ညို –  အရေခြုံတွေကို မကူညီပါနဲ့ ဒီချုပ်ပါတီ
အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၆)
မိုးမခ (၂၀၁၇ ခုနှစ်၊ သြဂုတ် ၃ ရက်)

အတိုင်ပင်ခံရုံးဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အတိုင်ပင်ခံပုဂ္ဂိုလ်က အခုလို ထည့်သွင်းမိန့်ကြားခဲ့ပါတယ်။။

“ မမျှော်မှန်းနိုင်တဲ့ စိန်ခေါ်မှုတွေ ပြသနာတွေ ပေါ်လာလို့ ရှိရင် ကိုင်တွယ်နိုင်ရပါမယ်” တဲ့။

ဒီပြောဆိုချက်အပေါ် ဆန်းစစ်ကြည့်ကြပါစို့။

မမျှော်မှန်းနိုင်တဲ့ စိန်ခေါ်မှုနဲ့ပြဿနာတွေ” ကို ခွဲခြမ်းကြည့်လိုက်တဲ့အခါမှာ အပိုင်း ၃ ပိုင်း ပါဝင်နေတာကို တွေ့ရှိရပါတယ်။

ပထမအပိုင်းက သမရိုးကျဖြစ်တဲ့ မမျှော်မှန်းနိုင်တဲ့ စိန်ခေါ်မှုနဲ့ပြဿနာတွေဖြစ်ပါတယ်။ ဒီအထဲမှာ ဘယ်လိုစိန်ခေါ်မှုနဲ့ပြဿနာ တွေ ပါဝင်နေသလဲ ဆိုတော့ ရေကြီးမှု၊မုန်တိုင်းဘေး၊ ငလျင်ဘေး အစရှိတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ လက်ရှိကူးစက်ဖြစ်ပွားနေတဲ့ HIN1 လို ၊ သွေးလွန်တုပ်ကွေးလို စတဲ့ ကူးစက်ရောဂါမျိုးတွေ ပါဝင်နေပါတယ်။ ဒီလိုမျိုးစိန်ခေါ်မှုနဲ့ပြဿနာတွေဟာ မမျှော်မှန်နိုင်ပါဘူး။

ဒုတိယအပိုင်းက ဒီချုပ်အစိုးရနဲ့ လွှတ်တော်ရဲ့လက်တွေ့အုပ်စိုးမှုနဲ့ဥပဒေပြုမှုတွေအပေါ်မှာ အရင်းခံပြီး၊ တည်မှီပြီးပေါ်ပေါက် လာတဲ့ စိန်ခေါ်မှုနဲ့ ပြဿနာတွေဖြစ်ပါတယ်။ ဒီထဲမှာ သွေးရိုးသားရိုးနဲ့ ဆန္ဒပြကြတဲ့ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်းနဲ့ ကျောင်းသား အခွင့်အရေးတောင်းဆိုမှုတွေပါဝင်ပါတယ်။ ဥပမာ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးကိစ္စမျိုးတွေပါဝင်ပါတယ်။

တတိယအပိုင်းကတော့ နောက်ကွယ်မှာ ပယောဂမျိုးစုံရဲ့သွေးထိုးမြှောက်ပင့်မှုတွေနဲ့ ဖြစ်ပွားလာနေတဲ့ ဘာသာရေးလူမျိုး ခုတုံးလုပ်မှု၊ ခလောက်ဆန်မှုတွေနဲ့ မူးယစ်ဆေးဝါး အပါအဝင် ဒုစရိုက်ပြစ်မှုမျိုးစုံ ပါဝင်နေပါတယ်။

ဒီအပိုင်းမှာပါဝင်တဲ့သူတွေရဲ့ရပ်တည်ချက်က ရှင်းပါတယ်။ မြင်သာပါတယ်။ သူတို့ကြွေးကြော်သံ၊ သူတို့တောင်းဆိုမှု၊ သူတို့ ဦးတည်ချက်တွေထဲမှာ “၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး”၊“အကျင့်ပျက်ခြစားမှုများတိုက်ဖျက်ရေး”၊ “တပြည်လုံးအပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေ” ၊ “စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး” စတဲ့၊ စတဲ့အချက်တွေ လုံးဝ မပါဝင်ခြင်းမရှိဘဲ။

ဒီချုပ်အစိုးရအုပ်စိုးမှုကိုသာ ကပျက်ယပျက်လုပ်ဖို့ဆိုတဲ့အဓိကဦးတည်ချက်နဲ့လုပ်နေကြတာတွေ့ရပါတယ်။ မင်းသားကြီးမလုပ် ရလို့ ပတ်မကြီးထိုးဖောက်ကြတာသာဖြစ်ပါတယ်။ ဒါ့အပြင်သူတို့ဟာ “အမျိုးသားအရေးကို ဘယ်တော့မှ သစ္စာမဖောက်” လို့ဆိုနေတဲ့ “တပ်မတော်” နဲ့ အင်မတန် နီးစပ်ကြောင်း၊ “တပ်မတော်” က သူတို့နောက်ကွယ်မှာရှိကြောင်း၊ ကြံ့ဖွံ့ပါတီနဲ့သူတို့ဟာ မကင်းမရာမကင်း ကြောင်း ဖြစ်ကြောင်း၊ ကျေးဇူးခံကျေးဇူးစားတွေဖြစ်ကြောင်း။ နှစ်ကိုယ့်တစ်စိတ်ဖြစ်ကြောင်းကို သွယ်ဝိုက်တဲ့နည်းနဲ့ရော ဗြောင်ကျကျပါ ထုတ်ဖော်ပြောဆိုလေ့ရှိကြပါတယ်။

ထူးခြားချက်တစ်ခုက “တပ်မတော်” လို့ သူတို့ကိုသူတို့ ဆိုနေသူတွေကလည်း ပြည်သူတွေ၊ ကျောင်းသားတွေက အဖြစ်မှန် ကိုဖော်ထုတ်ပြီး စစ်တပ်လုပ်ရပ်တွေကို ဝေဖန်ရေးသား၊ လှောင်ပြောင်သရော်တဲ့အပေါ် အငြှိုးကြီးကြီးထားပြီး ဖမ်းစီးစေတာ၊ တရားစွဲ စေတာတွေပြုလုပ်နေသော်လည်း အခုလို ဘာသာရေး ဗန်းပြ၊ ခုတုံးလုပ်နေတာတွေ၊ တပ်မတော်ကို ခုတုံးလုပ်နေတာတွေကိုတော့ (ဟန်ပြဖြစ်ဖြစ်) ဟန့်တားတာလုံးဝ မရှိဘဲ အလိုတူ အလိုပါ၊ နှာစေး နေပါတယ်။ မသိဟန် ဆောင်နေပါတယ်။

သူတို့ဟာ အခုဆိုရင် ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ သပိတ်စခန်းဖွင့်ပြီး ဒီချုပ်အစိုးရဖြုတ်ချရေးအထိပါ အတင့်ရဲရဲနဲ့ တောင်းဆိုနေပါတယ်။ ဒီချုပ်အစိုးရကို သွေးတိုးစမ်း နေပါတယ်။ မန္တလေးမှာ လယ်သမားဆန္ဒပြစခန်းကို အင်အားသုံး ဖြိုခွဲခဲ့သလို အခု ဆန္ဒပြနေသူတွေကို ဒီချုပ်အစိုးရ ကိုင်တွယ်ဝံ့ပါ့မလားလို့လည်း အကဲခပ်နေကြပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ “မမျှော်မှန်းနိုင်တဲ့စိန်ခေါ်မှုတွေ ပြသနာတွေ”ထဲမှာ ပါဝင်နေတဲ့အပိုင်း ၃ ပိုင်းဟာတစ်ပိုင်းစီ တစ်လိုင်းစီ သွားနေတာရှိသလို၊ မထင်မှတ်ပဲ ကြုံကြိုက်ဆုံဆည်းသွားတာမျိုးတွေလည်းရှိပါတယ်။ ဥပမာအားဖြင့် “H1N1ကိစ္စ” ဒီချုပ်အစိုးရ ကိုင် တွယ်မှုကို အားမလို အားမရဖြစ်ပြီး ဝေဖန်နေတာတွေနဲ့ အမျိုးသားဘာသာဗန်းပြနေသူတွေရဲ့လှုပ်ရှားမှု တချိန်ထဲတပြိုင်ထဲ လိုလိုဖြစ် ပွားနေတာ။ ဒီကြားထဲမှာ ဆိုရှယ်မီဒီယာ၊ ခရိုနီဂျာနယ်သတင်းစာတွေနေကောလဟာလမျိုးစုံ ထည့်သွင်းဖော်ပြပြီး ချိန်ကိုက်ထိုးဆွပေး နေတာတွေနဲ့ ရောယှက်နေပါတယ်။ ခလောက်ဆန်နေပါတယ်။

ဒီကြားထဲမှာ စစ်တပ်ကလည်း စစ်တပ်ကို ဝေဖန်တာ သရော်ရေးသားတာတွေကို အငြှိုးတကြီးနဲ့ ဖိနှိပ်လာပါတယ်။ ဒါကို ဒီချုပ်အစိုးရက ဘာမှမတတ်နိုင်ဘဲ၊ လက်ပိုက်ကြည့်နေရပါတယ်။ ဒီလိုအချက်တွေကလည်း ဒီချုပ်အစိုးရအပေါ် ဝေဖန်မှုတွေကို ပိုမို ဆူပွက်လာစေပါတယ်။

ဒီချုပ်အစိုးရရဲ့က ဖြစ်ပေါ်လာတဲ့ပြဿနာတွေကို ကိုင်တွယ်တဲ့အခါမှာလည်း ကိုင်တွယ်ပုံ ၂ မျိုး ဖြစ်နေတာကိုလည်းတွေ့ရပါ တယ်။ သွေးရိုးသားရိုးတောင်းဆိုဆန္ဒပြတဲ့ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်းနဲ့ကျောင်းသားတွေအပေါ်မှာတော့ တကယ့်အုပ်စိုးသူ အစိုးရသဖွယ် ပြတ်ပြတ်သားသားကိုင်တွယ်သော်လည်း။ ဘာသာရေးခုတုံးလုပ်၊ ဗန်းပြသူတွေအပေါ်မှာတော့ ငြင်ငြင်သာသာ ကြင်ကြင် နာနာကိုင်တွယ်နေပါတယ်။

စစ်တပ်၊ကာချုပ်တို့နဲ့ ထိပ်တိုက်တွေ့ရတဲ့ပြဿနာမျိုးတွေမှာတော့၊ ဒီချုပ်အစိုးရဟာ အာဏာရအစိုးရနဲ့မတူဘဲ “အားနည်းတဲ့ အတိုက်အခံအစိုးရတရပ်သဖွယ်” ကျင့်သုံးပြုမူနေတာကို အများက သတိပြုမိနေပါတယ်။

“၂၀၀၈အခြေခံဥပဒေအပါအဝင်၊ အခြားတည်ဆဲဥပဒေအရပ်ရပ်ကို လေးစားလိုက်နာ၊ ထိန်းသိမ်းကာကွယ်ပါ့မယ်” လို့ ကျမ်း ကျိန်ကတိသစ္စာပြုထားရတဲ့နိုင်ငံရေးပါတီတစ်ရပ်၊ အစိုးရတစ်ရပ်ဟာ ရွေးကောက်ပွဲမှာ ဘယ်လိုပဲအနိုင်ရသည့်ဖြစ်ပါစေ၊ ဒီလိုပဲစစ်အုပ်စု ပြုသမျှ၊ စစ်တပ်နဲ့ကာချုပ် ပြုသမျှနုနေရတဲ့ဘဝကို ရောက်မြဲရောက်နေမှာပါ။

“ရာခိုင်နှုန်းအပြည့်နိုင်အောင်သာ မဲပေးကြပါ၊ ကျန်တာ ကျမတို့ကြည့်လုပ်ပါ့မယ်” လို့ ရွေးကောက်ပွဲမတိုင်ခင်က ဒီချုပ်ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။ ပြည်သူတွေက ရွေးကောက်ပွဲမှာ ဒီချုပ်ပါတီက အပြတ်အသတ်အနိုင်ရအောင် မဲပေး ခဲ့ကြပါတယ်။ ပြည်သူတွေ တာဝန်ကျေပါတယ်။

ပြည်သူတွေဟာ “၁၉၉၀အထွေထွေရွေးကောက်ပွဲ” ၊ “၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ” ၊ “၂၀၁၅ အထွေထွေရွေးကောက်ပွဲ” ၊ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” လက်မှတ်ကောက်တဲ့အခါမှာ အကြိမ်ကြိမ်တာဝန်ကျေခဲ့ကြပါတယ်။ ဒီချုပ်ပါတီက ဘက်ကတော့ တာဝန် မကျေနိုင်သေးပါဘူး။ တာဝန်မကျေနိုင်တဲ့အပြင် “အတိုင်ပင်ခံဘဝမှာတော့” ဘာပဲလုပ်လုပ် စစ်အုပ်စုနဲ့ကာချုပ် တမျက်နှာကြည့်လုပ် နေရတဲ့ဘဝကို ဆိုက်ရောက်နေပြီလို့ ပြောရမလား မသိပါ။

သွေးရိုးသားရိုး တောင်းဆိုဆန္ဒပြနေတဲ့ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်းနဲ့ ကျောင်းသားပြည်သူတွေရဲ့ ပြဿနာတွေကို ဒီချုပ်အစိုးရအနေနဲ့အရေးထား၊အလေးထားကိုင်တွယ်စေချင်ပါတယ်။ ရက်ရက်စက်စက်ကြမ်းကြမ်းတမ်းမပြုလုပ်စေချင်ပါဘူး။ တောင်း ဆိုမှုတွေတင်ပြမှုတွေကို လေးလေးစားစား နားထောင်စဉ်းစားဆွေးနွေးညှိနှိုင်းစေလိုပါတယ်။ လိုက်လျောစေလိုပါတယ်။ အာမခံပေးရ မယ့်ကိစ္စကို အာမခံပေးဖို့လိုပါတယ်။

စစ်အုပ်စုဟာ ၁၉၆၂ ကနေ ဒီကနေ့အထိ (အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်၊ ငြိမ်/ပိ၊ နအဖ) စသဖြင့် အရေမျိုးစုံခြုံခဲ့ပြီးပါပြီ။ သူတို့ခြုံစရာ အရေခွံက ကုန်သလောက်ဖြစ်နေပါပြီ။ သူတို့ အာတွေ့နေတဲ့စကားနဲ့ရေးပြရရင် ခေတ်စနစ် နဲ့အညီ “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဆိုတဲ့ အရေခွံကို ရှေ့ဘက်မှာထားပြီး၊ နောက်ကျောဘက်က “အမျိုးဘာသာသာသနာ” ဆို တဲ့ အရေခွံကို “၂၀၀၈အခြေခံဥပဒေ”ဆိုတဲ့ ကြိုးနဲ့ သီ/စပ်ပြီး ခြုံထားပါတယ်။ ဘယ်လို အရေပဲခြုံထားပါစေ၊ သူတို့ဇစ်မြစ်၊ သူတို့စရိုက်၊ သူတို့ဗီဇ၊ သူတို့သဘာဝကို ပြည်သူတွေက သိပါတယ်။ မြင်ပါတယ်။

ဒီချုပ်ပါတီ၊ ဒီချုပ်အစိုးရ၊ ဒီချုပ်အမတ်အများစုလွှတ်တော်အနေနဲ့ စစ်အုပ်စု ဒီလိုအရေခြုံထားတာကို “၂၀၀၈ အခြေခံဥပဒေ”နဲ့ အညီ ကူညီ၊ ဖုံးကွယ်၊ ဖာထေးပေးရတဲ့ အခန်းကနေ ယာယီပဲဖြစ်စေ၊ တခဏပဲဖြစ်စေ အသုံးတော် မခံမိစေဖို့လိုအပ်ပါကြောင်း ရေးသား လိုက်ရပါတယ်။ ဆက်ရေးပါအုံးမယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts