သရော်စာ

မောင်ဥက္ကလာ – ဘယ်ကောင် ဗိုလ်လုပ်ချင်လဲ


မောင်ဥက္ကလာ – ဘယ်ကောင် ဗိုလ်လုပ်ချင်လဲ
(မိုးမခ) သြဂုတ် ၃၊ ၂၀၁၇

ဒီနေ့ မောင်ဥက္ကလာ အသိမိတ်ဆွေ ရုပ်ရှင်လောကသားတဦး ဖိတ်လို့ ရန်ကုန်မြို့  (x)တစ်ထောင်ဘုရားနားမှာ ရိုက်ကူးနေတဲ့ ရုပ်ရှင်ရိုက်ကွင်းတခုဆီ ရောက်သွားခဲ့တယ်။ ရိုက်ကူးနေတဲ့ ရုပ်ရှင်ကားမှာ တချိန်တခါက နာမည်ကြီးခဲ့တဲ့ ဆရာကြီးရွှေဒုံဘီအောင်ရဲ့  ဝထ္တုဇာတ်လမ်းကို ဂီတစာဆိုမောင်ကြေးမုံ ပြန်လည်ဆန်းသစ်ခဲ့တဲ့ ကောလိပ်ဂျင်နေဝင်း၊ စိုးရွှေ၊ တင်တင်နွဲ့၊ မောင်ကြေးမုံတို့ ပါဝင်တဲ့ အသံဇာတ်လမ်းကို ခေတ်နဲ့အညီ ဇာတ်အိမ်ဖွဲ့ ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကား – ဇာတ်ကားအမည်က “(x)အောင်ဒင် ပြန်လာပြီ”။

အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ခေါင်းဆောင်မင်းသား၊ မင်းသမီးတွေက ကျော်ကျော်(x) နဲ့ ထွန်းအိန္ဒြာ(x)၊ ဇာတ်ပို့မင်းသမီးများက တက်သစ်စ မင်းသမီးချော ရတနာ(x)၊ မော်ဒယ်မင်းသမီးလေး သန္တာ(x) တို့ ဖြစ်ကြတယ်။

ဇာတ်ကားနောက်ခံတီးလုံးကို တနှစ်လုံး နားကွဲအောင်ကြားနေခဲ့တဲ့ မနောရဲ့  (x)အောင်ဒင်သီချင်းကို မသုံးဘဲ၊ ရှေ့ မူလေးလည်းပါအောင် အခုအချိန်အထိ သက်ရှိထင်ရှားရှိနေသေးတဲ့ ဂီတစာဆို ဆရာကြီး (x)ကလေးတင့်အောင် ကို ရေးဖွဲ့သီးကုံးပေးဖို့ မေတ္တာရပ်ခံထားကြောင်း ဒါရိုက်တာက ရှင်းပြတယ်။

ဇာတ်ညွှန်ရေးဆရာ ပြင်ဆင်ထားတဲ့ ဇာတ်လမ်းထဲမှာ (x)ကလေးမြို့ ကနေ ရန်ကုန်မြို့ ကို (x)အောင်ဒင်အဖြစ် သရုပ်ဆောင်တဲ့ မင်းသားကျော်ကျော်(x) နဲ့ တပည့်တို့ ဓမြတိုက်ပြီး သွားဖို့ကြံရာ ဒုက္ခရောက်နေတဲ့ သားအမိနှစ်ယောက်ကို တိုက်မိပြီး၊ သမီးဖြစ်သူ မမြဝင်းနဲ့ ဆုံခဲ့တယ်။

မမြဝင်းအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး ထွန်းအိန္ဒြာ(x) က (x)အောင်ဒင်နဲ့ တွေ့ဆုံချိန်တုန်းက နိုင်ငံတော်က ပံ့ပိုးတည်ဆောက်ပေးထားတဲ့ အမိုးအကာ၊ အခင်း၊ စာရေးစားပွဲ၊ ဖင်ထိုင်ခုံတို့ကလွဲရင် ကျန်တာတွေကို ရွာသူရွာသားတွေ ရှာဖွေပေးထားတဲ့ အဆင့်မြင့် ရွာကျောင်းလေးမှာ မူလတန်းဆရာမလေး လုပ်ခဲ့ပြီး၊ နောက်ပိုင်းမှာ ဘယ်ဂလိုကနေ ဘယ်ဂလို လုပ်လိုက်လဲမသိ ရန်ကုန်မြို့  ရောက်ရှိလာပြီး (x)တစ်ထောင်ကျောင်းကို အထက်တန်းပြ ဆရာမ ရောက်ရှိလာတယ်။

အဲဒီအချိန်မှာ (x)အောင်ဒင် က ရန်ကုန်တဝိုက်မှာ ဓမြတိုက်လုယက်ပြီး လူချမ်းသာ လူမိုက်လူရမ်းကား၊ ဓမြ(x)ကြီးတဦးအဖြစ် ကျော်ကြားလာတယ်။ တနေ့ သူ့အိမ်ကြီးကို (x)ကလေးမြို့ မှာတုန်းက (x)အောင်ဒင်နဲ့ ရင်းနှီးခဲ့တဲ့ ကရင်သားအဖနှစ်ယောက် ရောက်လာပြီး ကရင်ဖထီးကြီးက သူ့သမီးလေး နော်မေဖော် – မင်းသမီး ရတနာ(x) ကို အိမ်မှာ ကူညီခိုင်းစေဖို့ဆိုပြီး ထားသွားခဲ့တယ်။ ကရင်မလေး နော်မေဖော် – ရတနာ(x) က အလွန်ချစ်စရာကောင်းပေမယ့် (x)အောင်ဒင် နှလုံးသားထဲမှာ တကြိမ်တခါသာ တွေ့ဖူးခဲ့တဲ့ မမြဝင်း ကို တမ်းတသတိရနေတယ့် အကြမ်းအလွမ်းဇာတ်လမ်း။

ဒီဇာတ်ကားမှာ မော်ဒယ်သရုပ်ဆောင် သန္တာ(x) က (x)အောင်ဒင် ကို ကလန်ကဆန်လုပ်၊ အာဏာခွဲချင်တဲ့ (x)ရာမ မိန်းမအဖြစ်နဲ့ သရုပ်ဆောင်မယ်လို့ သိရတယ်။ ရတနာ(x) ကလည်း လူကြမ်းကြီး (x)အောင်ဒင် ကို တဖက်သတ် တိတ်တခိုးချစ်နေတဲ့ ရိုးတိရိုးအ၊ ချစ်စရာကောင်းတဲ့ ကရင်မလေး နော်မေဖော် ပီပီပြင်ပြင် အကောင်းဆုံး သရုပ်ဆောင်ထားကြောင်း ပြောကြတယ်။

စာဖတ်သူများ သိပြီးတဲ့အတိုင်း လူဆိုးကြီိး (x)အောင်ဒင် ကို ဖမ်းဆီးရမယ့် မမြဝင်းရဲ့  ချစ်သူ ရဲထောက်လှမ်းရေး (x)ဘချစ် (မော်ဒယ်မင်းသားဟောင်း စိုင်း(xx) မေတ္တာနဲ့ ကူညီကြောင်း) နဲ့ (x)အောင်ဒင်တို့ တွေ့ဆုံပြီး မမြဝင်း နဲ့ တခြားစာရင်းရှင်းကြတဲ့ ဇာတ်ဝင်ခန်းတွေအကြောင်းကို ပေရှည်ပြီး မပြောတော့ပါဘူး။ ဒါရိုက်တာ နဲ့ ဇာတ်ညွှန်းဆရာတို့ကတော့ အဲဒီဇာတ်ဝင်ခန်းတွေကို ပိုကြည့်ကောင်းအောင် ရိုက်ကူးထားကြောင်း ပြောကြတယ်။

ဇာတ်လမ်းဟောင်းနဲ့ မတူတဲ့ ဇာတ်သိမ်းပိုင်းက (x)အောင်ဒင် နဲ့ (x)ဘချစ်တို့ တယောက်နဲ့တယောက် ပစ်ခတ်ကြတယ်။ အဲဒီမှာ (x)ဘချစ် ကို ဘယ်ကနေ ဘယ်သူပစ်လိုက်မှန်း မသိတဲ့ ကျည်တစ်တောင့်က သူ့နဖူးအလယ်ကိုထိပြီး သေသွားတယ်။ (x)အောင်ဒင် လက်ချက်ကြောင့် သေဆုံးတာ မဟုတ်တဲ့အတွက်၊ ပြီးတော့ (x)အောင်ဒင် က ပြည်ထဲရေးနဲ့ပိုင်၊ တရားသူကြီးတွေကို ဘာညာပြုစုလိုက်လို့ သုံးလေးငါးလ အချုပ်ခံရပြီး ပြန်လွတ်လာခဲ့တယ်။ အချုပ်က လွတ်မြောက်လာပြီးနောက် သူ မမြဝင်းကို ဘယ်လောက်ချစ်ကြောင်း ပြောဆိုပြီး တွေ့ဖို့ချိန်းဆိုကြတယ်။

သူတို့နှစ်ယောက် ချိန်းဆိုတဲ့နေရာက (x)/ဦးအောင်ဆန်းတို့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဝန်ကြီးများရုံးရှေ့ နား။ အဲဒီနေရာကို (x)အောင်ဒင် အပြေးရောက်သွားတော့ မမြဝင်းလို့ပြောတဲ့ အမျိုးသမီးတဦး (x)တစ်ထောင်ဘုရားကို ထွက်သွားကြောင်း အစောင့်အဘိုးကြီးကပြောလို့ (x)ကလေးလမ်း (သို့) (x)အောင်ကျော်လမ်းအတိုင်း (x)တစ်ထောင်ဘုရားဆီ အပြေးလျှောက်ကာ ချစ်သူနှစ်သူ ပြန်ဆုံခန်းကို slow motion … flashbacks ရိုက်ချက်တွေနဲ့ ဇာတ်သိမ်းထားတယ်လို့ သူဆန်းသစ်ဖန်တီးထားတဲ့ ခေတ်ပေါ် (x)အောင်ဒင် ပြန်လာပြီ ဇာတ်လမ်းဇာတ်ကွက်တွေကို စိတ်ရှည်လက်ရှည် ရှင်းပြတယ်။

ဘယ်ဂလိုပဲဖြစ်ဖြစ် အချိန်ပေးပြီး ရုပ်ရှင်ဇာတ်ကားအကြောင်း ရှင်းပြတဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာတို့ကို ကျေးဇူးတင်ကြောင်းပြောပြီး၊ ထီးအမိုးအောက်မှာ ခေတ္တအနားယူနေတဲ့ မင်းသားကျော်ကျော်(x)၊ မင်းသမီး ထွန်းအိန္ဒြာ(x) တို့ကို နှုတ်ဆက်ပြီး အလုပ်လက်မဲ့တွေ ပိုများအောင် ဖန်တီးလိုက်တဲ့ ရမ်းကားတဲ့ စပယ်ယာမပါ အဆင့်မြင့် YBS ဘတ်စ်ကားကြီးကို စီးကာ ပြန်လာခဲ့တယ်။

အိမ်ပြန်လမ်းတလျှောက်မှာ ဘာကြောင့်မှန်းမသိ ရုပ်ရှင်ထဲမှာ (x)အောင်ဒင်ပြောတဲ့ “ကဲ ဘယ်ကောင် ဗိုလ်လုပ်ချင်လဲ … ထွက်ခဲ့ပါ … Come on” ဆိုတဲ့စကားကို ထပ်ကာတလဲလဲကြားကာ ကြောချမ်းနေမိတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts