သူတို့အာဘော်

မြတ်လှိုင်း ● နိုင်ငံတော်ကြိုးဆွဲအရုပ်များ

မြတ်လှိုင်း ● နိုင်ငံတော်ကြိုးဆွဲအရုပ်များ
(မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၇

ကျွန်တော်မြန်မာလူမျိုးများအနေနဲ့ ဇာတ်သဘင်ပွဲလမ်းများကို ဝါသနာပါကြပါတယ်။ ဒီလိုပွဲလမ်းများဟာ မိုးရာသီကုန်ဆုံး ချိန်မှာ အနယ်နယ်အရပ်ရပ်တိုင်း နာမယ်ကြီးဇာတ်ပွဲများ လှည့်လည်ကခဲ့ကြပါတယ်။ ဒီဇာတ်ရုံကြီးတွေမှာလည်း ရုပ်သေးပွဲ တွေ ပါဝင်ခဲ့ကြပါတယ်။

ရုပ်သေးသဘင်နဲ့ပတ်သက်ပြီး အနည်းငယ်ပြောချင်ပါတယ်။ ရုပ်သေးဆိုတာ ခေါင်း၊ ခြေ၊ လက် စတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း တွေလှုပ်ရှားပြီး လူ့သဏ္ဌာန်ဟန်အမူအရာအတိုင်း ကပြနိုင်ဖို့ စီမံထားရတဲ့ အရုပ်လေးတွေကို ကြိုးနဲ့ဆွဲပြီး ကပြတဲ့ သဘင်ပဲ ဖြစ်ပါတယ်။

မြန်မာ့ရုပ်သေးကို အင်းဝခေတ်မှာရုပ်ကြီးနဲ့ရုပ်ငယ်လို့ခေါ်ဝေါ်ခဲ့ပါတယ်။ ညောင်ရမ်းခေတ်မှာ အရုပ်က၊ ကုန်းပေါင်ခေတ်မှာ ရုပ်စုံ၊ ရတနာပုံခေတ်မှာတော့ အမြင့်သဘင်ဆိုပြီးပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြတာကို ဖတ်ရှုရပါတယ်။ အခုနောက်ပိုင်းမှာ မြန်မာ့ရုပ်စုံသဘင်လို့ခေါ်ခဲ့ပါတယ်။

ခေတ်အဆက်ဆက်က ကပြဖျော်ဖြေခဲ့တဲ့ မြန်မာ့ရုပ်သေးသဘင်များဟာ ဖျော်ဖြေရုံသက်သက်သာမကပဲ တိုင်းရေးပြည်ရာ တွေကို မတော်မလျော်လုပ်ဆောင်တာမြင်တွေ့တဲ့ အချက်တွေကို ထောက်ပြ ကပြဖျော်ဖြေခဲ့တာကို မှတ်သားခဲ့ရပါတယ်။ ဒီလိုကပြဖျော်ဖြေမှုတွေကို အမှားတွေ ပြုပြင်ဖို့အတွက် ပျက်လုံး၊ ဇာတ်၊ နိပါတ်ဇာတကဝတ္ထုတွေနဲ့ သတိပေးကပြဖျော်ဖြေခဲ့ပါ တယ်။

အာဇာနည်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒီးဒုတ်ဦးဘချိုက မြန်မာ့ရုပ်သေးကို နိုင်ငံခြားတိုင်းပြည်များအနေနဲ့ လေးစားတန်ဖိုး ထားကြကြောင်း၊ အနုပညာအဆင့်အတန်း အလွန်မြင့်မားကြောင်းကို မှတ်ချက်ပြုခဲ့ပါတယ်။

ရုပ်သေးသဘင်မှာလည်း အရုပ်များစွာရှိပါတယ်။ ဒါပေမဲ့ အရုပ်မျိုးစုံကိုကို လုပ်ချင်တိုင်းလုပ်လို့ မရပါဘူး၊ ရုပ်သေးသဘင်မှာ ပါဝင်ရမယ့်အရုပ်များကို ဗုဒ္ဓရဲ့အဘိဓမ္မာတရားတော်လာ ဥပါဒါရုပ် ၂၄ ပါး၊ ဘူတရုပ် ၄ ပါး၊ ပေါင်း ၂၈ ပါးကိုအစွဲပြုပြီး အရုပ် ၂၈ ရုပ် ပါဝင်ပါတယ်။

ဆရာကြီးဦးဘချိုရေးသားခဲ့တဲ့ မြန်မာ့ရုပ်သေးဆောင်းပါးထဲမှာ (၁) နတ်ကတော်ရုပ် ၂ ရုပ်၊ (၂) မြင်းရုပ် ၁၊ (၃) ဆင်ဖြူ ဆင်မည်း ၂၊ (၄) ကျားရုပ် ၁။ (၅) မျောက်ရုပ် ၁၊ (၆) ကြက်တူရွေး ၁၊ (၇)နဂါးရုပ် ၁၊ (၈) ဘီလူးရုပ် ၂၊ (၉) ဇော်ဂျီ ၁၊ (၁၀)ဝန်ကြီး ၄၊ (၁၁) မင်းသား ၁၊ (၁၂) ရှင်ဘုရင် ၁၊ (၁၃) မင်းသမီး ၁၊ (၁၄) မင်းသားကြီး မျက်နှာနီ၊ မျက်နှာဖြူ  ၂၊ (၁၅) ပုဏ္ဏား ၁၊ (၁၆) ရသေ့ ၁၊ (၁၇) နတ် ၁၊ (၁၈) ဗြဟ္မာ ၁၊ (၁၉)အမယ်အို ၁၊ (၂၀)လူပြက် ၂၊ စုစုပေါင်း ၂၈ ရုပ် ပါဝင်ပါတယ်။

ရှေးခေတ်က ရုပ်သေးစင်များကို စင်တော်ကြီး၊ စင်တော်ကလေး၊ သမီးတော်စင်၊ ဝင်းစင် ဆိုပြီး ခွဲခြားထားခဲ့ပါတယ်။ အဲဒီ အထဲမှာ စင်တော်ကြီးကို မင်းအမိန့်နဲ့သာတည်ထောင်ထားနိုင်ပါတယ်။ ကြိုးဆွဲတဲ့နေရာမှာလည်း မင်းသမီးရုပ်ကို အကောင်း ဆုံးကြိုးဆွဲဆရာက ဆွဲရပါတယ်။

ရုပ်သေးအကြောင်းစဉ်းစားရင်းနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံအကြောင်းကို တွေးလိုက်မိပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာ့နိုင်ငံရေးအခြေအနေအတိုင်းပြောမယ်ဆိုရင် မင်းမိန့်အရ ကပြနေရတဲ့ရုပ်သေးရုပ်တွေ ဖြစ်နေပါတယ်။ ကျွန်တော်တို့ မျှော် လင့်ခဲ့သလို ဒီမိုကရေစီခေတ်သစ်ကို ပြန်ပြီးတည်ထောင်နေတဲ့အချိန်ပါ။ ဒီအချိန်ကိုဦးဆောင်သူဟာ သူမျှော်လင့် သလိုကြိုး ဆွဲနိုင်လိမ့်မယ်လို့ ထင်ထားခဲ့ပါတယ်။ သူမျှော်လင့်သလို ပြည်သူတွေကလည်း မျှော်လင့်ခဲ့ကြပါတယ်။ သူမက ဘာကိုမျှော် လင့်ခဲ့သလဲဆိုတော့ မြန်မာပြည်ငြိမ်းချမ်းရေးလမ်းပေါ် လျှောက်လှမ်းနိုင်ဖို့၊ ဒီငြိမ်းချမ်းရေးလမ်းကနေတဆင့် မြန်မာပြည် တွင်းမှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေအကုန်ပါဝင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ထောင် နိုင်ဖို့အတွက် ပါ။

၂၀၁၅  အထွေထွေရွေးကောက်ပွဲမတိုင်ခင်မှာကတည်းက  တိုင်းရင်းသားပြည်သူတွေကို အသိပေးကြွေးကြော်ခဲ့ပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကိုနိုင်ပြီးတဲ့အချိန်မှာ သူကြွေးကြော်ခဲ့တဲ့ ပြည်တွင်းစစ်ပွဲတွေရပ်ပစ်ဖို့၊ ပြည်တွင်းငြိမ်းချမ်း ရေး ကို ပထမဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။

ဒီမြန်မာပြည်ရဲ့ငြိမ်းချမ်းရေးလမ်းကို၂၀ ရာစု ပထမပင်လုံညီလာခံစိတ်ဓာတ်ကို အခြေခံခဲ့ပါတယ်။ ပထမပင်လုံညီလာခံတုန်း က တိုင်းရင်းသားတွေ တညီတညွှတ်ထဲထောက်ခံခဲ့တဲ့အတွက် မြန်မာပြည်နိုင်ငံလွတ်လပ်ရေးရယူဖို့ အခြေခံအုတ်မြစ်ချ နိုင်ခဲ့ပါတယ်။

အခုအချိန်မှာတော့ ၂၀ ရာစုပင်လုံစိတ်ဓာတ်တွေ တကွဲတပြားဖြစ်နေပါပြီ။ တိုင်းရင်းသားတွေကလည်း တကွဲတပြားဖြစ်နေကြ ပါတယ်။ တစုတဝေးထဲဖြစ်ဖို့ အကြိမ်ကြိမ် ပြန်ညှိနေရပါတယ်။ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်တွေကလည်း ကိုယ့်ဒေသ အတွင်းမှာ လက်နက်စွဲကိုင်ပြီး အယူအဆရေးအရ တော်လှန်ရေးတွေ ဆင်နွှဲနေခဲ့ကြပါတယ်။

အစုအစုလိုက်ဖြစ်နေတဲ့ တိုင်းရင်းသားလူမျိုးစုတွေ တစုတစည်းထဲပြန်ပေါင်းစည်းဖို့ တင်မကပါဘူး။ လူမျိုးစုတွေနဲ့ တပ်မ တော်ရဲ့အကွဲကိုပါ ရင်ကြားပြန်စေ့နေရပါတယ်။

ဒီရင်ကြားစေ့မှုအတွက် အရပ်ဘက်ခေါင်းဆောင် (သူမ) နဲ့ စစ်ဘက်ခေါင်းဆောင်က မင်းသားနဲ့မင်းသမီးအဖြစ် အဓိကအခန်း ကဏ္ဍမှ ပါဝင်ကပြနေရပါတယ်။

ရုပ်သေးသဘင်မှာ မင်းသားမင်းသမီးမှလွဲရင် တိုင်တည်သီချင်းကိုဆိုခွင့် မရသလိုပါဘူး။ အဲဒီလိုပဲ မြန်မာနိုင်ငံရေးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဆွဲတဲ့ကြိုးအောက်မှာ အစိုးရနှစ်ဖွဲ့ က,နေရသလို ဖြစ်နေပါတယ်။ ဒီအစိုးရနှစ်ဖွဲ့ထဲမှာမှ စစ်ဘက်အစိုးရကို တိုင်းပြည်ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးတွေကို အပေါ်က ၂၀၀၈ ကြိုးဆွဲဆရာက ချပေးလိုက်ပါ တယ်၊ အရပ်ဘက်အစိုးရကိုတော့ ပြည်သူတွေရဲ့စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ သွားရေးလာရေးတို့ကို အဓိကလုပ်ဆောင်ရမယ့်အခန်းကဏ္ဍကို၂၀၀၈ ခြေဥက ကြိုးဆွဲ ကစေခဲ့ပါတယ်။ အရပ်ဘက်ပြည်သူတွေကို လုပ်ကျွေးနိုင်ဖို့က အဓိကပါ။

ဆိုရရင် မင်းသားကအဖေနေရာမှာနေပြီး၊ မင်းသမီးက အမေနေရာမှာ သရုပ်ဆောင်ကပြရတဲ့ ပုံစံမျိုးပေါ့။ ဒီနေရာမှာရုပ်သေး သဘင်ထဲမှာဆိုရင် ဘာနဲ့တူသလဲဆိုတော့၊ ဂဠုန်နဲ့နဂါးရုပ်တွေ ပြိုင်တူထွက်ရတာကိုသွားပြီး မြင်ယောင်လိုက်မိတယ်။

(ရုပ်သေးသဘင်မှာလည်း ဂဠုန်က အထက်က ဆင်းရပါတယ်။ နဂါးက အောက်ကနေ ထွက်ရပါတယ်)။

ပုံပြင်တွေမှာ သိမြင်ရတဲ့သဘောအရဆိုရင် နဂါးကို ဂဠုန်ကစီးနေတာကို တွေ့ရမှာပါ။ ဒါထားပါတော့။

၂၀၀၈ ခြေဥအရ ကြိုးဆွဲတာကိုကနိုင်ဖို့ဆို ပြည်သူတွေအတွက် စားဝတ်နေရေးပြည့်စုံဖို့အရေးဟာ အဓိကပါပဲ။ ဒီအခန်းတွေ ကို ကနိုင်အောင်အတွက် သက်ဆိုင်ရာကဏ္ဍတွေမှာ ဝန်ကြီးတွေကို ကြိုးဆွဲပြီး ကခိုင်းရပါတယ်။ ဒါကို ၂၀၀၈ ခြေဥကိုင်ထား တဲ့ကြိုးကို တဆင့်ပြန်ဆွဲရမှာက မင်းသမီးပါ။

(ရုပ်သေးသဘင်အတွက် အရုပ်ထုလုပ်ဖို့ရွေးချယ်ထားတဲ့သစ်သားတွေက အဓိက ကျပါတယ်။ အရုပ်ကို ကိုယ်ထုချင်တာနဲ့ ထုလို့မရပါဘူး။ ဥပမာအားဖြင့် လူ၊ မြင်း၊ နတ်ရုပ်တွေကို ရေမနေသား၊ သစ်၊ မဉ္ဇူသားတို့နဲ့ထုလုပ်ရပြီး၊ ကျန်တဲ့အရုပ် တွေကိုတော့ လက်ပံသံသတ်ပင်များနဲ့ ထုလုပ်ရပါတယ်)။

ကျွန်တော်တို့မြန်မာနိုင်ငံရေးမှာတော့ အရပ်ဘက်အစိုးရဝန်ကြီးတချို့ကို နီးစပ်ရာဆွဲခန့်သဘောမျိုးနဲ့ ဝန်ကြီးအဖြစ် မင်း သမီးကြိုးဆွဲရာ ကနေကြပါတယ်။ ဒါပေမဲ့ ဒီဝန်ကြီးတွေကို မင်းသမီးအနေနဲ့ သေသေချာချာကြိုးဆွဲမနေနိုင်ပဲ၊ စစ်ဘက်နဲ့တိုင်း ရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေအတွက် ရင်ကြားစေ့ပေးနိုင်ဖို့ အဓိကထား အာရုံရောက်နေတယ်လို့ပြောရမှာပါ။

စစ်ဘက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကလည်း မင်းသမီးကြိုးဆွဲရာနောက်ကို လိုက်မကတာကို အချိန် ကြာလာတာနဲ့အမျှ သဘောပေါက်လာကြပါတယ်။

အရပ်ဖက်ဝန်ကြီးတွေကိုလည်း သေချာကြိုးဆွဲပြီး မကခိုင်းတော့ ဝန်ကြီးအကတွေက, ကပေါက်ချိ ကပေါက်ချာ ဖြစ်နေကြပါ တယ်။ ပရိတ်သတ်ကြီး စိတ်ပျက်နေသလို၊ ပြည်သူတွေကလည်း မျှော်လင့်သလိုဖြစ်မလာပဲ စားဝတ်နေရေးတွေ ပိုကြပ် တည်းလာတော့ မင်းသမီး လျှောက်ချင် စိတ်ဇောသန်နေတဲ့ ငြိမ်းချမ်းရေးလမ်းကို လက်ခုပ်တီးပြီး အားမပေးချင်ကြတော့ သလို အေးစက်စက်ဖြစ်လာပါတယ်။ တိုင်းရေးပြည်ရေးထက် ဝမ်းရေးခက်ဆိုတဲ့စကားအတိုင်း မိမိတို့ တဝမ်းတခါးအတွက် တနေ့တာ အသက်ရှင်ရေးကိုပဲ ရုန်းကန်လှုပ်ရှားနေရတဲ့ဘဝတွေ ရောက်ခဲ့ပါပြီ။ ပြည်သူတွေအတွက် အခုအချိန်မှာ စား ဝတ်နေရေး၊ သွားရေးလာရေး အဆင် ပြေဖို့အတွက် အဓိကကျနေပါတယ်။

နိုင်ငံရေးထက် ညစာစားပြီး အိပ်စက်နိုင်ဖို့ လိုအပ်နေပါတယ်။ စစ်ပွဲတွေထက် ကိုယ့်အိမ်မှာ စားစရာမရှိပဲ လင်နဲ့မယား ရန် ထမဖြစ်ဖို့က အရေးကြီးပါတယ်။ မိသားစုဝင်တယောက် အချိန်တန်ရင် အိမ်ကိုပြန်ရောက်လာဖို့ကလည်း အရေးကြီးပါတယ်။ ပြောမယ်ဆိုရင် ရုပ်သေးသဘင်ဆိုတာလည်း ပြည်သူတွေမကြည့်နိုင်တော့ပါဘူး။

ဘယ်အရုပ်ကို ဘာသားနဲ့ထုရတယ်ဆိုတာလည်း မသိချင်ကြတော့ပါဘူး။

အဲဒီလိုပဲ မြန်မာ့နိုင်ငံရေးစင်မြင့်မှာ ကပေါက်ချိကပေါက်ချာဖြစ်နေလည်း ပြည်သူတွေကံ မကောင်းကြဘူးလို့ပဲ မှတ်ယူထားရ မှာပါ။၂၀၀၈ ခြေဥကကြိုးဆွဲနေတဲ့အောက်မှာ မင်းသားရော၊ မင်းသမီးနဲ့ဝန်ကြီးအရုပ်တွေပါ ကနေကြရတာပါ။ နောက်ဆုံး အရုပ်တွေဖြစ်တဲ့ အမယ်အို ငိုခန်းပြီးရင် လူပျက်တွေထပျက်မှာကို ကြည့်ရပါလိမ့်မယ်။

နောက်ဆုံးပြောချင်တာက ရုပ်သေးပညာမှာ မင်းသားနဲ့မင်းသမီးဟာ နှစ်ကိုယ့်တစိပ်လို့ခေါ်ပါကြောင်း။ ဒါပေမဲ့ ၂၀၀၈ ခြေဥ က ကြိုးဆွဲကပြခိုင်းထားတဲ့ မြန်မာ့နိုင်ငံရေးရုပ်သေးစင်မှာတော့ မင်းသားနဲ့မင်းသမီးဟာ နီးစပ်သလိုလိုနဲ့ ခပ်လှမ်းလှမ်းက နေကနေရပါတယ်။ မင်းသမီးက ရုပ်သေးအကလို နှစ်ကိုယ့်တစ်စိပ် (စိတ်) ဖြစ်နိုင်အောင် ရင်ကြားစေ့ဖို့ ကြိုးစားနေရ ကြောင်း ပါ။

မြတ်လှိုင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts