ဂျော်ဒီး – “မိုးမခရွာနှင့် သေနာပုကွ”

ဂျော်ဒီး – “မိုးမခရွာနှင့် သေနာပုကွ”
(မိုးမခရွာ ဂေဇက်) ဇူလိုင် ၂၈၊ ၂၀၁၇
ရက်အတော်ကြာ အငြိုးတကြီး ဆက်တိုက်စွေနေသော မိုးကြောင့် မိုးမခရွာဈေးကလေးမှာ.ရေပေါ်
ဈေးပမာ ရေတဖွေးဖွေး။ သို့သော် ရင်ခေါင်းလောက်ရှိသော ရေဆိုးရေပုတ်များကြောင့် …ဈေးဝယ်ကျဲပါးလွန်းလှသည် ။

“ငါဟာ ရွက်လွှင့် ငါဟာ ရွက်လွှင့် ”

ဆိုင်ထဲဝင်နေသော ရေဆိုးရေပုတ်များကို ခပ်ထုတ်ရင်းစိတ်ညစ်ညစ်နှင့် သီချင်းအော်ဆိုနေသူ
ကား…ဖိနပ်ချုပ်ထီးပြင်ဆရာ သာဂိ ။ သူ့နံဘေးကပ်ရက်ဆိုင်မှ ဟင်းရွက်သည်ဒေါ်ဆိတ်မက နားနှစ်ဘက်
စုံပိတ်ကာ …

“ဖြေးဖြေးသက်သာ ဆိုပါဟယ် ။ ငါတော့ ပင်လယ်ဆိုတဲ့ အသံကြားတိုင်း ငါတို့ရွာလူကြီးဦးဖြီးကို
စိတ်နာတယ်…။ ဒင်းပေါ့.။.ရွာကို ပင်လယ်ဆီ ရွှေ့ မယ် လို့ မအပ်မရာပြောလိုက်တာလေ ။ ခုတော့ ရွာဆီကို ပင်လယ်က ဒုတ်ဒုတ်ထိ ရောက်လာပါပကော ။ တို့ရွာသားတွေမှာ မိုးကလေး နဲနဲ မညိုလိုက်နဲ့
ရေဆိုးပင်လယ်ထဲမှာ ဒုက္ခပင်လယ်ဝေတော့တာပါပဲအေ”

ငါးစိမ်းသည်ဒေါ်အာကျယ်က ဒီနေ့အတွက် မကုန်နိုင်တော့သော ငါးများကို ရေခဲရိုက်ရင်း
“ငါကတော့ ဦးဖြီး ရဲ့  ရွာကို ပင်လယ်ဆီ ရွှေ့ မယ်ဆိုတဲ့  စကားကြားတော့ ပထမ၀မ်းသာနေမိတာအေ့။
ပင်လယ်ငါးတွေ လတ်လတ်ဆတ်ဆတ်ရောင်းရတော့မယ် ။ ရေခဲဖိုး အပိုမကုန်တော့ဘူးတွက်ပြီး ပျော်နေတာ။  ဒီလူကြီး လူစိတ်ဝင်စားအောင်တော့တော်တော်ဖြီးတတ်တယ် ။  ပညတ်သွားရာ ဓါတ်သက်ပါတဲ့သဘော ထင်ပါရဲ့အေ ။ ”

ထိုစဉ်…သူတို့အနီးသို့ ဈေးအလုပ်သမားခေါင်း.ရန်လိုကျွဲ တယောက်ယောက် မြောက်ကြွမြောက်ကြွနှင့် ရောက်လာသည်။

“ပညတ်သွားရာ ဓါတ်သက်ပါတာက အရေးမကြီးဘူးဗျ ။ အဖြီးလွန်လို့…ဟိုတလောက ရွာ့ချဉ်ဖတ် ဗိုလ်ပုကွကို တောင်းပန်လိုက်ရသေးတယ်မဟုတ်လား။ ဈေးထဲက ငှက်ပျောသီးအုန်းသီးသည်တွေ
ရောင်းကောင်းသလား မမေးနဲ့ ။ ကျုပ်တို့ အလုပ်သမားအဖွဲ့ ကို အထမ်းငှားလို့ ထမ်းပိုးပြီး
ပို့ရတာတင် ငှက်ပျောတခင်းအုန်းတခင်း မကလောက်ဘူး ဗျ ။ သူတင်မကဘူး ။ သူ့နဲ့တူတူရပ်တယ် ဆိုတဲ့သူတွေပါ ငှက်ပျောပွဲအုန်းပွဲတင် တောင်းပန် ကြတော့…ဗိုလ်ပုကွတို့တသိုက်  ဟိုအကောင်အုန်းသီးရတဲ့မျက်နှာနဲ့ ဂုဏ်မောက်နေတာ ဗျ ။ ကျနော်တို့ကလည်း အကြံနဲ့ အထမ်း အငှားလိုက်တာဗျ ။ ဦးဖြီးတယောက် ဗိုလ်ပုကွကို ဘယ်လို တောင်းပန်လိုက်သလဲဆိုတာ သိချင်လို့…ဗျ။ တောင်းပန်စာလေး ဘာလေး အုန်းပွဲငှက်ပျောပွဲထဲ ပါမလား ရှာလိုက်ရတာဗျာ ။ ချွေးဒီးဒီးကို ကျလို့ ။ ”

သီချင်းတကျော်ကျော်ဆိုရင်း ရေဆိုးတွေ ကြားထဲတွင် ရွက်လွှင့်နေသော ထီးပြင်ဆရာ သာဂိတယောက်
တောင်းပန်စာဟူသောအသံကြားသည်နှင့် ဆတ်ခနဲခါးဆန့်လိုက်ရင်း မျက်လုံးပြူးမျက်ဆန်ပြူးနှင့် ၀င်မေးသည် ။

သာဂိ။ ။ “တွေ့ လားကွ တောင်းပန်စာ ။ ငါလည်း .ဦးဖြီးရဲ့ တောင်းပန်စာကို စိတ်ဝင်စားနေတာကွ…။
ဖေ့စဘွတ်မှာတောင် ဦးဖြီးရဲ့ ကိုယ်ပိုင် ပိတ်ခ်ျမှာတင်မလား ။ ဗိုလ်ပုကွရဲ့ သတင်းမှန်ထုတ်ပြန်ရေးမှာ
တင်မလားနဲ့သွားသွားရှာရတာ ။ ဖုန်းဘေလ်တွေကုန်တာပဲ အဖတ်တင်တယ် ။ အတုလေးတောင် မထွက်ဘူးကွာ ။ တကယ်ဆို ဖေ့စဘွတ်လောက် ကြေညာချက်အတု၊သတင်းအတု တွေ ထွက်တာ
မရှိဘူးမဟုတ်လား ။ တို့မှာ ဘာစာထွက်ထွက် အတုလားအစစ်လား လိုက်ခွဲနေရတာက
အလုပ်တစ်လုပ် ။ ဟိုတနေ့ကတောင်…ချာပါတီ သက်တော်ရှည် ခေါင်းတော်ငြိမ့်ဘိုးဘိုးကြီး မာလကဈာန်ကြွသွားတယ်ဆိုတဲ့ သတင်းတုကြီး ထွက်လို့ ပူကြပင်ကြရသေးတယ် မဟုတ်လား ။ ဦးဖြီးရဲ
့ဒူးထောက်တောင်းပန်စာလေးကို တော့နမူနာသဘော နဲ့ အတုလေးဖြစ်ဖြစ် ထွက်သင့်ပါတယ်ကွာ ။ ရင်ကြားစေ့ရေးခေတ်ဆိုတော့.တောင်းပန် ခြင်းနည်းဗျူဟာက ရှေ့ လျှောက်ခေတ်စားဦးမှာကွ ။ နောက်နောင် တောင်းပန်ချင် တဲ့သူတွေနမူနာလေး လမ်းပြလေးရတာပေါ့ကွ ။ “နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကိုတောင်းပန်ခြင်းအနုပညာ.”. ဆိုတဲ့ဒသနတွေ တောင် ထွက်လာဦးမှာ ”

ရန်လိုကျွဲ။ ။“ဟုတ်တယ်ဗျ ။ ဗိုလ်ပုကွတောင် ကြွေအောင် တောင်းပန်နိုင်တယ်ဆိုတာ တော်ရုံအရေး
အဖွဲ့ လောက်နဲ့မရဘူး ။ တော်တော်ကို ဖူးမျှော်မာန်လျှော့ရမယ် ။ ဗိုလ်ပုကွက လူပုစိတ်တို ဗျ ။ အခုတောင်.
.ရွာထဲမှာသူနံမည်ထဲက “ဗိုလ်”ဆိုတဲ့ စကားလုံးကို တော်ဝင်နန်းသုံးလုပ်ရမယ် ။ သူများတွေ ယူမသုံးရဘူး
လို့ အော်ပီကျယ်နဲ့လိုက်အော်နေတယ်ဆိုပဲ ”

သာဂိ။ ။“အေးလေ သူက ကာလသားဦးမိုက်ကြီးလက်သပ်မွေးထားတဲ့ ရင်ခွင်ပိုက်ကာလသား ပေါက်ကလေးကိုးကွ ။ ဂုဏ်မောက်ပြမှာပေါ့ ။ ခက်တာက ဗိုလ်ဆိုတဲ့စာလုံးကို တော်ဝင်နန်းသုံးလုပ်ရင်
လိုက်ပြောင်းရမယ့်ဝေါဟာရတွေက တသီတတန်းကြီးကွ ။ ဗိုလ်စားပဲ တို့ ၊ဗိုလ်လုပွဲတို့.၊ဗိုလ်ရှုသဘင် တို့.၊ဗိုလ်ထိုင်အိမ်သာ တို့။ဗိုလ်ကေ တို့။.အို ဗိုလ်နဲ့သုံးတဲ့ဝေါဟာရအခေါ်အဝေါ်တွေလိုက်ပြောင်းရမှာ မလွယ်ပါဘူးကွာ ”

ဒေါ်အာကျယ်။ ။ဟယ် တကယ်လား ။ ငါ့အိမ်က ခွေးလေးနာမည်က ဗိုလ်ကြီးလို့ မှည့်ထားတာ ။  တသက်လုံး ဒီလိုပဲ ခေါ်လာတာ ခုမှနာမည်ပြောင်းလို့ ဖြစ်မှာမဟုတ်ဘူး ဒုက္ခပါပဲ ။

ဒေါ်ဆိတ်မ။ ။ငါ့အဖေနာမည်ကလည်း ဦးဗိုလ်ချုပ်တဲ့ ။ အသက်(၉၀)ရှိပြီ ။ နာမည်သစ်ပြောင်းရမယ်
ဆိုရင်တော့…ဒေါသထွက်ပြီး ချက်ခြင်းအသက်ထွက်သွားမှာ ။ ဘယ်လိုလုပ်ရပါ့မလဲ ။

သာဂိ။ ။ဟုတ်တယ်ကွ ။ တရွာလုံး ဗိုလ်မသုံးရဆိုတာတော့ မသင့်တော်ပါဘူးကွာ ။ ဒီတော့ ရန်လိုကျွဲရာ ဒီကိစ္စတော့ မင်းပဲအားကိုးရမှာပဲ ။ မင်းက အုန်းပွဲငှက်ပျောပွဲတွေ ပို့ရင်း ဗိုလ်ပုကွ ဆီ လမ်းကြောင်း ပွင့်ထားတယ်မဟုတ်လား ။ ဗိုလ်ပုကွကို မင်းပဲ ဖျောင်းဖျပေးပါကွာ ။

ရန်လိုကျွဲ။ ။ဟာ ဗိုလ်ပုကွက လူပုစိတ်တို ခွေးပုရန်လိုဗျ ။ ဖျောင်းဖျလို့မဖြစ်ပါဘူး ။

ဒေါ်အာကျယ်။ ။ဟဲ့ ဘာလို့ မဖြစ်ရမှာလည်း ။ သူက ခွေးပုရန်လို…ဆို နင်က ကျွဲပုရန်လိုပဲ ဟာ။
ခွေးနဲ့ကျွဲ ဘယ်သူ ဗလပိုကြီးလဲ ။ .အင်အားပိုကြီးလဲ ။ ကြောက်စရာမဟုတ်တာဟယ်။

ရန်လိုကျွဲ။ ။ ဟာ ဒီအဖွါးကြီး ကျုပ်ကို အချွန်နဲ့လာပင့်နေပြန်ပြီ ။ ကဲပါဗျာ ဘယ်လို ဖြောင့်ဖျရမှာလဲ
ဆိုတာ ပြောပါဦး ။ ရွာသားတွေ စိတ်အနှောင့်အယှက်မဖြစ်ရအောင် ကျုပ်ကူညီနိင်ရင် ကူညီရမှာပေါ့ ။

သာဂိ။ ။ဒီလိုကွ။တရွာလုံးကို ဗိုလ်ဆိုတဲ့ စကားလုံး မသုံးဖို့ လိုက်တားနေမယ့်အစား ။ သူ့နာမည်ကို
ဗိုလ်ထက် မြင့်တဲ့ ခန့်ညားတဲ့ နာမည်ပြောင်းဖို့ ကောင်းကြောင်း မြှောက်ပင့် ပြောပေါ့ကွာ ။ မင်းက
ဒါမျိုး ကျွမ်းပါတယ် ရန်လိုကျွဲရာ ။

ရန်လိုကျွဲ။ ။အင်း ဟုတ်ပါပြီ ။ မြှောက်ပစ်လိုက်စမ်းမယ် ။ ဗိုလ်ပုကွ…မိုးပေါ်ကို ကျွမ်းသုံးပတ်လောက်
လိမ့်ပြီး မြေပေါ်ကို မျောက်ကျကျအောင် ။ ပြောပါဦး ။ ဘယ်လိုနာမည်ပြောင်းရမလဲ ။

သာဂိ။ ။ဗိုလ်အစား ဗိုလ်ထက်အဆင့်မြင့်တဲ့ သေနာပတိ…ဆိုတဲ့ဝေါဟာရလေကွာ ။ သေနာပတိပုကွ. ။
အတိုကောက်ချစ်စနိုးလေးခေါ်ချင်ရင်လည်း “သေနာပုကွ” ။ ကဲ ဘယ်လောက်လှလိုက် ခန့်ငြားလိုက်သလဲ ။ ဘယ်သူမှလည်းသူ့နာမည်ကို လိုက်တုမှာ မဟုတ်တော့ဘူးလို့ ကြည့်ကျက်ဖျောင်းဖျပေါ့ကွာ ။

ရန်လိုကျွဲ။ ။သေနာ ပုကွ ။ သေနာ ပုကွ ။ အေးဗျ…ခေါ်လို့ကောင်းသား ။ သွားဖြောင်းဖျကြည့်မယ်ဗျာ ။
ခုပဲ သွားပြီဗျို့  ။

ရန်လိုကျွဲတယောက် ဗိုလ်ပုကွ အဲလေ သေနာပုကွဆီသို့ ဖျောင်းဖျမြှောက်ပင့်ပြီးအမည်ပြောင်းခိုင်း
ရန် မြောက်ကြွ မြောက်ကြွနှင့်ထွက်ခွာသွားသည်ကိုကြည့်ရင်း…ဒေါ်အာကျယ်က ဒေါ်ဆိတ်မကို တိုးတိုးလေး. .လှမ်းသတိပေးလိုက်လေသည် ။

“အင်း ငါတို့တွေ စိတ်ဆိုးရင် ဆဲနေကျ.သေနာကောင် ဆိုတဲ့စကားလုံးလေးကိုတော့ မပြောမိအောင်
ထိန်းရဦးမှာပေါ့အေ…” ။      ။