လောကဓာတ်ခန်း

မေနှင်းလဲ့မွန် – ကယ်လီဖိုးနီးယားမှာ စွန့်ပစ်ရေကို သန့်စင်ခြင်းနဲ့ သုံးစွဲခြင်း


မေနှင်းလဲ့မွန် – ကယ်လီဖိုးနီးယားမှာ စွန့်ပစ်ရေကို သန့်စင်ခြင်းနဲ့ သုံးစွဲခြင်း
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၇

“မျိုးဆက်သစ်တွေအတွက် သောက်သုံးရေ တနှစ်ကို ဂါလံပေါင်း ၂.၂ဘီလီယံ ချွေတာပြီးသားဖြစ်မယ်”

အမေရိကန်ပြည် အနောက်ဖက်ကမ်းမှာရှိတဲ့ စွန့်ပစ်ရေတွေကို ပြန်သန့်စင်တဲ့ စက်ရုံတွေထဲမှာ ၁၉၅၆ခုနှစ်ကတဲက စတင်လည်ပတ်နေခဲ့တဲ့ ဆန်ဟိုဆေးမြို့(San Jose City, Santa Clara County) က စက်ရုံဟာ အကြီးဆုံးနဲ့ နည်းပညာဖက်မှာ ရှေ့အပြေးဆုံးဖြစ်ခဲ့ပါတယ်။ ဆန်ဟိုဆေးနဲ့ အနီးပတ်ဝန်းကျင် မြို့၈မြို့မှာနေထိုင်ကြတဲ့ လူဦးရေ ၁.၄သန်းနဲ့ စီးပွားရေးလုပ်ငန်း ၁၇၀၀၀ကျော်ကို ဝန်ဆောင်မှုပေးနေခဲ့တာ အခုချိန်မှာဆိုရင် နှစ်ပေါင်း ၆၀ ကျော်လာပါပြီ။

အဲဒီမတိုင်ခင်ကတော့ စွန့်ပစ်ရေတွေကို မသန့်စင်ပဲ ဆန်ဖရန်စစ္စကိုပင်လယ်အော်ထဲကို တိုက်ရိုက်သွန်ထုတ်ခဲ့ပါတယ်။ ၁၉၄၈ခုနှစ် ဖက်ဒရယ်က Water Pollution Control Act ပြဌာန်းပြီးတဲ့နောက် ဒီပင်လယ်အော်ထဲက စားကျက်မှာ မှီတင်းနေထိုင်ကြတဲ့ ကုန်း ရေ လေ နေ သတ္တဝါတွေ အဆိပ်သင့် မျိုးတုန်းကုန်မှာစိုးတဲ့အတွက် ရေကို ၉၉%အထိ သန့်စင်ပြီးမှ ပင်လယ်အော်ထဲ စွန့်ပစ်ဖို့ စဉ်းစားလာကြပါတယ်။

မိုးရွာလို့ ကျတဲ့ရေတွေကိုတော့ မသန့်စင်ပဲ လမ်းဘေးက ရေထွက်ပေါက်ကနေတဆင့် ချောင်းတွေထဲကို တိုက်ရိုက်ပြန်ထည့်ဖို့ စနစ်၂မျိုးကို စဉ်းစားပြီး ဆောက်ခဲ့ပါတယ်။ လမ်းဘေးကနေ ချောင်းထဲ ပြန်ရောက်သွားတဲ့ ရေတွေဟာလည်း ပင်လယ်အော်ထဲ တိုက်ရိုက်ရောက်သွားလို့ သတ္တဝါတွေအတွက် အဆိပ်မသင့်ဖို့ ပိုအရေးကြီးပါတယ်။

အိမ်သာထဲက လောင်းချလိုက်တဲ့ရေဟာ မြေအောက်ပိုက်တွေထဲကနေ ၁၀နာရီဖြတ်ပြီးရင် ဒီသန့်စင်ကန်ထဲကို ရောက်လာပါတော့တယ်။ တနေ့ကို ဂါလံပေါင်း သန်း၁၁၀ သန့်စင်ရပါတယ်။ သန့်စင်ထားတဲ့ရေထဲက ၁၀%ကိုတော့ အထူးသန့်စင်ပြီး ပြန်လည်အသုံးပြုနေပါတယ်။ ခရမ်းရောင်ဆေးသုတ်ထားတဲ့ ရေပိုက်တွေဟာ recycled water ပါ။ recycled water ဝယ်ယူသုံးစွဲတဲ့ လုပ်ငန်းရှင်တွေ ၇၀၀ ကျော်ရှိပါတယ်။

စက်ရုံသက်တမ်း နှစ်၆၀နီးပါး ရှိလာလို့ကတစ်ကြောင်း ကာလီဖိုးနီးယားပြည် မိုးခေါင်မှုကြုံလာရတာကလည်းတစ်ကြောင်းကြောင့် နောင်တိုးပွားလာမယ့် လူဦးရေအတွက် ရေအခက်အခဲမရှိရလေအောင် ၂၀၀၈ခုကတဲက Master Plan ဆွဲပြီး ၂၀၁၃ခုမှာတော့ အတည်ပြုခဲ့ပါတယ်။

Waste turn to biogas electric power 2.8 MW per digester

၂၀၁၄ခုနှစ်က ကာလီဖိုးနီးယားပြည်နယ်သားတွေ တဦးချင်းစီရဲ့ မဲဆန္ဒကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ သောက်သုံးရေစီမံကိန်း (Preposition 1) အတွက် ချေးငွေ ၇.၁၂ဘီလီယံ ဟာ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီ Prep 1 ထဲမှာ recycled water တွေကို သောက်သုံးရေထဲမှာအသုံးပြုနိုင်ဖို့ စီမံကိန်းတွေလည်းပါဝင်ပါတယ်။ San Jose Wastewater Facility တိုးချဲ့မြေဧက ၂၆၀၀ ပေါ်မှာ ဒေါ်လာ၂.၂ ဘီလီယံ ကုန်ကျမယ့် ဒီဒီမံကိန်းကို ပွင့်လင်းမြင်သာစွာရှိဖို့အတွက်ရော လူတဦးချင်းဆီက ပါဝင်ပူးပေါင်းကြဖို့ အတွက်ပါ ၂၀၁၀ခုနှစ်လောက်ကစပြီး မြို့သူမြို့သားတွေကို Facility Tour အခမဲ့ ဝန်ဆောင်မှု ပေးထားပါတယ်။ ဒီ အနှစ်၃၀ကာလ ကြာမယ့် စီမံကိန်းကို ရေရောင်းရငွေနဲ့ နှစ်စဉ်ပစ္စည်းပိုင်ဆိုင်မှုအခွန်ကောက်ခံရငွေ (property tax) ထဲကနေ ကျခံ အကောင်အထည်ဖော်နေခြင်းဖြစ်ပါတယ်။

စီလီကွန်တောင်ကြားနေ လူထုအတွက် သောက်သုံးရေဟာ Santa Clara Valley ဆည် ၁၀ခုကရေနဲ့ မြေအောက်ရေကနေ ယူရတာပါ။ ဒါတောင် မလောက်တဲ့အတွက် ၅၀% က Sacramento–San Joaquin River Delta ကရေတွေကို တင်သွင်းရပါတယ်။ စီလီကွန်တောင်ကြားလူဦးရေ ၁.၉ သန်းအတွက် တနေ့ကို ဂါလံ ၃၃၉ သန်း ဖြန့်ပေးနေရပါတယ်။

Recycled water ကို drinking water ထဲပြန်သုံးမယ်ဆိုတော့ နည်းနည်းတော့ တမျိုးမဖြစ်ပါနဲ့။ Singapore ကလူတွေ သောက်နေတာ ကြာလှပြီ။ ကာလီဖိုးနီးယားတောင်ပိုင်းက Orange County နဲ့ Taxes ပြည်နယ်ကလည်း ရောသောက်နေတာပါတဲ့။ တကယ်က recycled water က drinking water ထက် ထုတ်လုပ်မှုမှာ စားရိတ်ကြီးပါတယ်။ ဒါပေမယ့် recycled water ကိုအစားထိုးပြီးသောက်သွားမယ်ဆိုရင် မျိုးဆက်သစ်တွေအတွက် တနှစ်ကို ဂါလံပေါင်း ၂.၂ဘီလီယံ ချွေတာပြီးသားဖြစ်မယ်တဲ့။


San Jose CA flood in 2017

၂၀၁၅ခုနှစ်က San Franciaco Baykeeper ပရဟိတပညာရှင်အဖွဲ့(https://baykeeper.org/ ) ကနေ ဆန်ဟိုဆေးမြို့အုပ်ချုပ်ရေးအဖွဲ့ကို တရားစွဲခဲ့ပါတယ်။ ၂၀၀၈-၂၀၀၄ခုနှစ်အကြား ဆန်ဟိုဆေးမြို့ဧရိယာအတွင်းက စွန့်ပစ်ရေပိုက်လိုင်းအချို့နေရာတွေမှာ မကြာခဏ ရေဆိုးတွေက မြေမျက်နှာပြင်ပေါ်တက်လာလို့ ပတ်ဝန်းကျင်ညစ်ညမ်းထိခိုက်နစ်နာရမှုအတွက် ဖက်ဒရယ်က Water Pollution Control Act ကို အခြေခံပြီးတရားစွဲပါတယ်။

၂၀၁၆ခုနှစ်မှာ တရားရုံးက San Franciaco Baykeeper ကို အနိုင်ပေးလိုက်ပြီး ဆန်ဟိုဆေးမြို့အုပ်ချုပ်ရေးအဖွဲ့ကို တနှစ်ကို ၆.၅မိုင်နှုန်းနဲ့ ၁၀နှစ်အတွင်း ပိုက်လိုင်းတွေအပြီး ပြင်ဖို့အမိန့်ချလိုက်ပါတယ်။ မိုးများတဲ့အခါ ရေလျှံတဲ့ချောင်းဧရိယာတွေမှာ အမှိုက်တွေပိတ်ဆို့နေတာကို မှန်မှန်ရှင်းဖို့။ ချောင်းထဲကိုဆင်းတဲ့ မြေအောက်ရေနုတ်ပိုက်တွေမှာ catch basin တွေတပ်ဖို့ ဒေါ်လာ သန်း၁၁၀ ကုန်ကျမယ့် green infrastructer စီမံကိန်းတခုရေးဆွဲ အကောင်အထည်ဖော်ဖို့လည်းပါဝင်ပါတယ်။ တရားလိုဖြစ်တဲ့ San Franciaco Baykeeper ပရဟိတပညာရှင်အဖွဲ့ကို ဒီအမှုအတွက်ကုန်ကျခဲ့တဲ့ ၃နှစ်တာကာလ သုတေသနအတွက်ကုန်ကျငွေ ပညာရှင်တွေရဲ့ လစာငွေ ရှေ့နေငှားရမ်းခတွေပါ ပေးချေဖို့ပါဝင်ပါတယ်။

မြို့တော်ရန်ကုန်မှာတော့ လူဦးရေဟာ ၅ သန်းကျော်နေပြီး (YCDC) တနေ့ကို သောက်သုံးရေ ဂါလံ သန်း၁၆၀ ဖြန့်နေရပါတယ်။ ဒီထဲမှာ ရေဘိုးပိုက်ဆံရတာက ဂါလံ ၅၄သန်းဘိုးပဲရှိပါတယ်တဲ့။ မသန့်စင်နိုင်ပဲ ဒီအတိုင်းဖြန့်နေရတာလို့ဆိုပါတယ်။

စွန့်ပစ်ရေက ၁၈၈၈ခုနှစ်ထဲက ဗြိတိသျှအစိုးရ လုပ်ထားတဲ့ စနစ်ဖြစ်ပြီး ရန်ကုန်မြို့ထဲက ၆မြို့နယ်မှာနေထိုင်တဲ့ လူဦးရေ ၄သောင်းအတွက်ပဲဖြစ်ပါတယ်။ အခုနေထိုင်သူဦးရေက ၃သိန်းကျော်နေပါပြီ။ ဟိုတုန်းက စွန့်ပစ်ရေကို မသန့်စင်ပဲ ရန်ကုန်မြစ်ထဲ တိုက်ရိုက်ထုတ်ထားတဲ့ စနစ်ပါ။ ဒါကြောင့်မို့လို့ လက်ခုပ်ကုန်းဖက်က ဂေဟစနစ်တွေပျက်ကုန်တယ်လို့လည်း ပြောကြပါတယ်။


Projected new wastewater plants in Yangon

၂၀၀၅ခုနှစ်မှာတော့ ဗိုလ်တထောင် သန်လျှက်စွန်းမှာ သန့်စင်စက်ရုံတည်ပြီးနောက်ပိုင်းမှာ စွန့်ပစ်ရေတွေကို သန့်စင်ပြီးမှ မြစ်ထဲကို သွန်ပါတယ်။ ရန်ကုန်မြို့ထဲက စွန့်ပစ်ရေတွေဟာ မြေအောက်ပိုက်ကနေ စက်ရုံကို ဂါလံ ၁၁၁၈၄၀ ရောက်ပါတယ်။ အိမ်သာကျင်း (septic tank)တွေဆီက ကားနဲ့ သယ်လာတာတွေပါပေါင်းရင်တော့ တနေ့ကို ဂါလံ ၆သိန်း ထွက်ပါတယ်။ စက်ရုံက တနေ့ကို ဂါလံ ၃.၂၅ သန်း အား သန့်စင်နိုင်ပါတယ်တဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts