မိုးမခကို ပေးတဲ့စာ

ဇာဝါရီ – (၁၉) ဇူလိုင် မမေ့နိုင် … ဆယ်လီတို့နဲ့ အပြိုင်နွှဲ … ဂိုး


ဇာဝါရီ – (၁၉) ဇူလိုင် မမေ့နိုင် … ဆယ်လီတို့နဲ့ အပြိုင်နွှဲ … ဂိုး 
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၇

အာဇာနည်နေ့ မနက်ပိုင်းမှာ ရေးဖြစ်ခဲ့တဲ့ ဒီစာစုကို မိုးမခအယ်မင်းတွေဆီ မပို့တော့ဘူးဆိုကာ ပစ်ထားလိုက်တယ်။ ရေးထားတဲ့စာကြမ်းကို ဖတ်မိတဲ့ သူငယ်ချင်းက တင်လိုက်ပါဆိုလို့ သူ့စကားနားထောင်ပြီး ပို့လိုက်တာပါ။

* * * * * * * * *

နှစ်လရာသီ … ခါရာသီ ရွေ့ ပေမယ့် … အာဇာနည်နေ့ကိုဖြင့် … မမေ့သင့်ပါသလေ။ ယနေ့ဖြင့် သတိတရားထားဖို့ အခြေ … အများ ပြည်သူတွေ၊ အများပြည်သူတွေ … အာဇာနည်နေ့ကိုလေ … တွေးရှုကာပဲ အလေးပြု ပါမယ်လေ …

အုပ်ဆိုင်း ညို့မှိုင်းနေသော မိုးကောင်ကင်ကြီးကို ငေးမောကြည့်ပြီး ခေတ်ဟောင်း အဆိုတော်ကြီး ဒေါ်မေလှမြိုင် လွမ်းလွမ်းဆွေးဆွေး သီဆိုထားတဲ့ အလေးပြုပါတယ် သီချင်းကို နားထောင်နေတုန်း …

“မနက်ဖြန် ဇူလိုင် (၁၉) နော် ဖိုးဖိုး။ သမီးတို့ကို ဖိုးဖိုး မဖြစ်မနေ လိုက်ပို့ရမယ်နော်” လို့ ပြောလာတဲ့ မြေးငယ်လေး နဲ့ “သားကိုလည်း ညနေပိုင်း လိုက်ပို့ရမယ်” ဆိုတဲ့ တူတော်မောင်ရဲ့  ပြောသံတွေကြောင့် ရင်ထဲစူးကနဲဖြစ်ပြီး၊ စိတ်ထဲဝယ် ချစ်စရာကောင်းလိုက်တာ၊ တော်လိုက်ကြတာ။ သူတို့လေးတွေကို အစောပိုင်းက အထင် small ဖြစ်နေတာတွေ ပျောက်ပျက်ကုန်ပြီး … ဒီနေ့ဒီအချိန်အခါမှာ ဒီလိုမျိုး သွားရလာရမှာကို ဘယ်သူတိုက်တွန်းပါလိမ့် သူတို့လေးတွေကို မမေးဘဲ၊ ကိုယ့်အတွေးနဲ့ကိုယ် တွေးမိတာက…

အမှန်အကန် ဗိုလ်ချုပ် နဲ့ သူ့ချစ်သမီးအပေါ် နှစ်လရာသီ ခါရာသီရွေ့ ပေမယ့် အကြီးအကျယ် J ဝင်၊ Jealous ဖြစ်ပြီး၊ အာဏာ ကိုယ်ကျိုးစီးပွားနဲ့ ငါနိုင်ရေး လုပ်နေခဲ့ကြတဲ့ ဗိုလ်ရှုပ်တွေအဖြစ်က အာဇာနည်ခေါင်းဆောင်ကြီးတွေကို သမိုင်းစာမျက်နှာပေါ်က ဖျောက်ဖျက်ဖို့ … အမိုးအကာအခင်းမဲ့ အဆင့်မြင့် ကျောင်းတွေ (မြို့ ရွာတွေ) မှာ အစဉ်အလာလုပ်ခဲ့ကြတဲ့ (၁၉) ဇူလိုင် မမေ့နိုင် အာဇာနည်နေ့ ဟောပြောပွဲတွေ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲတွေ အခမ်းအနားတွေ မလုပ်နိုင်အောင် နည်းမျိုးစုံနဲ့ နှစ်ပေါင်းများစွာ ခြိမ်းခြောက်ဟန့်တား ပိတ်ပင်ထားခဲ့ပေမယ့် ငြိမ်းချမ်းဘုံနန်းရောက်ရှိသွားသူ နိုင်ငံ့ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်း နဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ ပြည်သူများရဲ့  အသွေးအသား နှလုံးသားထဲမှ ကွယ်ပျောက်မေ့ပျောက်သွားခြင်း မရှိတာကို အရပ်သားအစိုးရ လက်ထက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားတွေကိုကြည့်ပြီး အခုလောက်ဆို အရေခွံပါးလှတဲ့ ဗိုလ်ရှုပ်တွေ တွေ့မြင်သိကုန်လောက်ပါပြီ။

ဆက်တွေးကြည့်မိတာက … ဓါးမိုးသေနတ်မိုး၊ ပါးရိုက်မယ်၊ ဖနောင့်နဲ့ပေါက်မယ် ကြိမ်းဝါးဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ရှုပ်တွေ စစ်ဖိနပ်အောက်မှ (၇၅) ရာခိုင်နှုန်း လွတ်မြောက်လာခဲ့ပြီးနောက် … ရုပ်ထုကိုးကွယ်မှု အလွန်တော်သော ရွှေပြည်သားတွေမှာ ဗိုလ်ချုပ်ကို လေးစားကြည်ညို အောက်မေ့မှုနဲ့အတူ သူရဲကောင်း အရှင်သခင် နတ်တပါးအလား ပုံစံမျိုးစုံ ထုလုပ်ကာ နိုင်ငံတဝှမ်း ခြိမ့်ခြိမ့်သဲ ရန်တွေဖြစ် အလုအယက် ထုလုပ်ကိုးကွယ်မှုတွေ လုပ်နေကြသည်မှာ ကြောက်စရာ လန့်စရာ အံ့ဘနန်း။

စာရေးသူ လတ်တလော ခေတ္တခိုလှုံနေတဲ့ တောင်ဥက္ကလာမြို့ မှာဆို ဗိုလ်ချုပ်ရုပ်ထု နှစ်ရုပ်တောင် ရန်တွေဖြစ် တည်ဆောက်ပြီးပြီ။ ဘယ်လောက် ဂုဏ်ယူဝမ်းမြောက်ဖို့ကောင်းသလဲ။ ကြားရသလောက် ရပ်ကွက်တိုင်းမှာတောင် ဗိုလ်ချုပ်ရုပ်ထု ထုလုပ်ထားရှိချင်ကြတယ်ဆိုတော့ စာမရေးတော့ဘဲ ကြေးသွန်းလုပ်ငန်း ပြောင်းလုပ်မလားလို့ စဉ်းစားမိ။ Joint-Venture လုပ်ချင်သူတွေ အမြန်ဆက်သွယ်ပါ။

ရုပ်ထုတွေ ထုလုပ်ကြပြီး ဗိုလ်ချုပ်မိန့်ဆိုချက်များကို တသွေးမတိမ်း လိုက်နာကြတာကို ကြည့်လိုက်ရင် ဗိုလ်ချုပ် ပြောခဲ့သည့် လွတ်လပ်ပြီးဆိုတာနဲ့ စည်းမဲ့ကမ်းမဲ့ လမ်းပေါ်တက် ဆေးရိုးတက်လှမ်းကြတာမျိုး ဒီနေ့ဒီအချိန်အခါမှာ မရှိ။ ဗိုလ်ချုပ်မိန့်မဆိုခဲ့လို့ အမှိုက်ပစ်၊ ကွမ်းတံတွေးထွေး၊ လမ်းပိတ်ဈေးရောင်း၊ မောင်းချင်သလိုမောင်း၊ (၂၄) နာရီ အသံမစဲ အလှုခံ ဘုရားပွဲ၊ တရားပွဲ၊ ပွဲစုံနွှဲကြတာတွေတော့ ရှိတာပေါ့။ ဗိုလ်ချုပ်စကား မြေဝယ်မကျ နာခံကြသူများဆိုတော့ ဗိုလ်ချုပ်က အဲ့ဒီလိုမျိုး မလုပ်နဲ့လို့ ဆူပူပြောဆိုခဲ့ရင် လုပ်ကြမယ်မထင်။

ဘယ်လိုပဲဖြစ်ဖြစ် အမှန်အကန် ဗိုလ်ချုပ်ကို ချစ်စိတ် ကြည်ညိုလေးစားစိတ်တွေ ပြည်သူထဲ အသည်းနှလုံးထဲ ကိန်းဝပ်နေတာ။ အထူးအားဖြင့် ကိုယ့်မြေးတွေ၊ တူတူမတွေ၊ ကျောင်းသူကျောင်းသားတွေ စိတ်ထဲမှာ ရှိနေတာကို အခုလို ကြားရတွေ့ရတော့ ဝမ်းသာမဆုံး။ ဒါနဲ့ မြေးမလေးကို သူ့စိတ်ထဲမှာရှိတဲ့ အာဇာနည်ကို မေးကြည့်တော့…

“Rဇာနည် ပါမပါတော့ မသိဘူး။ စာရင်းထဲမှာတော့ သမီးကြိုက်တဲ့ ဆယ်လီတွေ အများကြီးပါတယ်။ သူတို့တွေက သူတို့ ဖန်တီးထားတဲ့ ပစ္စည်းတွေကို ရောင်းချသွားကြမှာ။ ဒီနေ့ နဲ့ မနက်ဖြန် (ဇူလိုင် ၁၉) တနေ့လုံး အပြိုင်အဆိုင် ရောင်းချသွားကြမှာ။ ပျော်ပျော်ပါးပါး သီချင်းတွေဆို ကခုန်ကြမယ်လို့ ပြောတယ်။ သမီးက အဲဒီဆယ်လီတွေနဲ့ Selfie သွားရိုက်ချင်လို့ပါ။”

“ဟယ် … သမီး သွားချင်တာ အာဇာနည်ဗိမာန်တို့၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ပြတိုက်တို့ မဟုတ်ဘူးလား။”

“ဟာ … ဖိုးဖိုးကလည်း ဘာသွားလုပ်မလဲ။ မနှစ်က သမီးတို့ သွားကြတာ တိုးမရဝင်မရတာနဲ့၊ မူးရူးအော်ဟစ်နေတဲ့ လူတွေကို ကြောက်တာနဲ့ ပြန်လာခဲ့ရတယ်။ ပြီးတော့ ဟိုရောက်တော့ ဥာဏ်ကြီးရှင်တွေက မူစလင်ဘုရားကျောင်း ဝင်ရသလို မိန်းမတပေါက်၊ ယောက်ျားတပေါက် ခွဲဝင်ခိုင်းတယ်။ ဗိုလ်ချုပ်ကို အလေးပြုချင်ရင် အိမ်မှာ ဖိုးဖိုးချိတ်ထားတဲ့ ဗိုလ်ချုပ်ပုံကို အလေးပြုမလား။ ဟို ပန်းခြံမှာ တနေ့ကမှ ထုလုပ်ပြီးသွားတဲ့ ဗိုလ်ချုပ်ရုပ်ထု နဲ့ မပြီးသေးလို့ မိုးကာအုပ်ထားတဲ့ အရုပ်တွေကို အလေးပြုလို့ ရပါတယ်။”

“ဟုတ်ပါပြီ။ ဖိုးဖိုးကတော့ မနှစ်က တဝုန်းဝုန်း တရုန်းရုန်း တိုးဝင်ရတဲ့ အာဇာနည်ကုန်း၊ ဝန်ကြီးများရုံး နဲ့ ဗိုလ်ချုပ်ပြတိုက်တွေကို သမီးတို့ ဖိုးဖိုးနဲ့ သွားမယ် ထင်နေတာ။ ဒီနှစ်တော့ မနှစ်ကထက် စည်းကမ်းရှိကြမယ်လို့ မျှော်လင့်တယ်။ သမီးတို့ပြောတဲ့ ဆယ်လီပွဲတော့ ဒီိလို နေ့ကြီးအခါကြီးမှာ မသွားသင့်ဘူးလို့ ထင်တယ်။”

“ဖိုးဖိုး သွားချင်သွား။ သမီးတော့ ကြောက်လို့ မလိုက်တော့ဘူး။ ဆယ်လီပွဲလဲ မသွားတော့ဘူး။ ဒီနေ့ ကျူရှင် မပိတ်ဘူး၊ တက်ရမယ်တဲ့။” ပြောဆိုကာ အခန်းထဲဝင်သွားတဲ့ မြေးမလေးကို …

“ဟဲ့ … သမီးတို့ ကျူရှင်က အာဇာနည်နေ့ ပိတ်ရမယ်ဆိုတာ မသိဘူးလား။” လှမ်းပြောပေမယ့် အဖြေမရှိ။

“ဒါနဲ့ … တူတော်မောင်က ဦးလေးနဲ့ အာဇာနည်ဗိမာန်ကို လိုက်မလား။” လို့ အခန်းထောင့်မှာ ထမင်းမေ့ဟင်းမေ့ ဖုန်းပွတ်နေတဲ့ တူတော်မောင်ကို မေးလိုက်တော့…

“ဟာ … ကျနော် ဦးလေးကို လိုက်ပို့ခိုင်းတာ အာဇာနည်ဗိမာန်၊ ပြတိုက်၊ ဝန်ကြီးများရုံး မဟုတ်ပါဘူး။ ညနေကျရင် ကန်မယ့် မြန်မာ-စင်္ကာပူ ဘောလုံးပွဲကိုပါ။ သားဖေဖေ က တစ်ယောက်ထဲ မသွားရဘူးဆိုလို့၊ ဘာအလုပ်မှမရှိ ဟိုစာဒီစာ တောင်ရေးမြောက်ရေးနေတဲ့ မင်းဦးလေးနဲ့ သွားဆိုလို့၊ ဦးလေးကို မေးကြည့်တာပါ။”

“သြော် … အဲ့ဒီလိုလား။ ဒီနေ့လို့ နေ့မျိုးမှာ ဘောပွဲ ရှိတယ် ဟုတ်လား။ ဦးလေးတော့ အဲဒီကို လိုက်မပို့နိုင်ဘူး။ မင်း ကြည့်ချင်ရင် လက်ဖက်ရည်ဆိုင်မှာ သွားကြည့်ကွာ။” ဆိုပြီး အာဇာနည်ဗိမာန်ဆီ တယောက်ထဲ အတွေးများစွာနဲ့ ထွက်ခွါခဲ့တယ်။

အဲ့ဒီလို … ရှေ့ လူတွေ၊ နောက်လူတွေက အမျိုးသားခေါင်းဆောင်ကြီးတွေကို တလေးတစား ရှိကြတာကို တွေ့မြင်ရတော့ ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင် ဥက္ကဋ္ဌကြီးတို့၊ သမ္မတကြီးတို့၊ ဘဝရှင်မင်းတရားကြီး၊ ဗိုလ်ချုပ်မှူးကြီးတို့ အာဇာနည်ခေါင်းဆောင်ကြီးများကို တလေးတစား (အလေးပြု) ဂါရဝ ပြုခဲ့ကြတာ မရှိတော့ နောင်လာနောင်သားတွေ အရေးမထား၊ အလေးမထားတာ အပြစ်လား။

ဒါနဲ့ စကားစပ်လို့ ပြောရရင် … အမေရိကန်နိုင်ငံမှာဆို စက်တင်ဘာလ (၁၁) ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တဲ့ လူတွေကိုတောင် နှစ်စဉ် သမ္မတကြီး နဲ့ အစိုးရအဖွဲ့ဝင်တွေ တလေးတစား ဂုဏ်ပြုကြတယ်။ ထိုင်းနိုင်ငံမှာဆို နတ်ရွာစံသွားတဲ့ ဘုရင်ကြီးကို ဝမ်းနည်းအောက်မေ့ကြလို့ ပြည်သူတွေ တစ်လတိတိ ဝတ်စုံအမည်းအနက်တွေဝတ် ဂါရဝပြုကြတယ်။ အစိုးရရုံးဝန်ထမ်း၊ ဆရာဆရာမတွေဆို တစ်နှစ်ပတ်လုံး ဝတ်စုံအမည်းရောင် အနက်ရောင်တွေ ဝတ်ကြတယ်။ ပျော်ပွဲရွှင်ပွဲတွေကို တနှစ်ပတ်လုံး ရပ်နားထားကြတယ်။ ထိုင်းဘုရင်ကြီး ရုပ်ကလာပ်ထားရှိတဲ့ ဘုရင့်နန်းတော်ကြီးကို သွားရောက်ဖူးမျှော်ကြတဲ့ လူတွေဆိုရင် အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်၊ မဆူမပူ စည်းကမ်းတကျ သွားလာကြတယ်။ တကယ်အားကျ လေးစားစရာပေါ့။

ဒီတိုင်းဌာနေမှာတော့ နှစ် (၇၀) ခါရာသီ ရွေ့ ခဲ့ပေမယ့် ဗိုလ်အောင်ဆန်းလို (အာဇာနည်) သူရဲကောင်းတွေ မွေးကြရမယ် ဆိုစေကာမူ … ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ တပ်မတော်မှာတောင် ဗိုလ်ချုပ်လို အကျင့်သိက္ခာနဲ့ တိုင်းချစ်ပြည်ချစ် ပြည်သူတွေ လေးစားအားကိုးရတဲ့ (ဗိုလ်ချုပ်) တပ်မတော်သားတွေ မမွေးနိုင် မရှိသေးတာ။ ရုပ်ထုတွေ အပြိုင်ထုပြီး ဗိုလ်ချုပ် မြင်ချင်ဖြစ်စေချင်တဲ့ စည်းကမ်းရှိတဲ့ နိုင်ငံသားကောင်းတွေ မဖြစ်သေးတာ။ ဒီနေ့အထိ တိုင်းရင်းသားအချင်းချင်း ဥခွဲသိုက်ပျက် စော်ပလော် တီးနေကြတာတွေကို တွေးရှုကာ ဝမ်းနည်းစွာနဲ့ အလေးပြုလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts