မျိုးတေဇာမောင် ● ဒီရက်ပိုင်း မင့်အကြောင်း ငါထပ်တွေးနေမိတယ်

မျိုးတေဇာမောင် ● ဒီရက်ပိုင်း မင့်အကြောင်း ငါထပ်တွေးနေမိတယ်
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၇

(၁)
စစ်ထဲလိုက်ဖို့ ငါတို့အိမ်ကထွက်လာတုန်းက
ရထားပေါ်မှာ မင်းမျက်ရည်တွေ တပေါက်ပေါက်ကျတယ်
“ငါ့အမေနဲ့ အဖေကိုလွမ်းမှာ
ငါဒီလောက်အဝေးကြီးခရီးမထွက်ဖူးဘူး”လို့မင်းပြောခဲ့၊ ဒါပေမယ့် တိုင်းပြည်ကိုကာကွယ်ဖို့ လူတိုင်းမှာတာဝန်ရှိတယ်ကွ
ရုရှပြန်ပြင်ရေးသမားတွေကို ငါတို့အသက်နဲ့ရင်းပြီး
တိုက်ပစ်ရမယ်ကွလို့လည်း
မင်းခပ်ပြတ်ပြတ်ပြောခဲ့တယ်

ငါခေါင်းကိုငုံ့ထားခဲ့ပြီး ငိုတော့ မငိုဖြစ်ခဲ့ဘူး
ဒါပေမယ့်မျက်ရည်တွေနဲ့ မှုန်ဝါးနေတဲ့
ငါ့အမေရဲ့မျက်လုံးတွေဟာ အေးစက်တဲ့လေထဲမှာ မြောက်ဘက်ကိုမောင်းသွားတဲ့ရထားကို
ပြန်ဆွဲယူဖို့ကြိုးပမ်းနေတယ်။

(၂)
မြောက်ဘက်ဒေသမှာ
ငါတို့ရဲ့ခြေရာတွေ
နှင်းထဲမှာကွယ်ပျောက်သွားကြ
မာကျောတဲ့ရေခဲပြင်ဟာ
သူ့အလွှာတွေ
ဖြည်းဖြည်းချင်းဆုံးရှုံးနေတယ်။

နယ်စပ်မျဉ်းတလျှောက်ကင်းလှည့်ကြတဲ့အခါ
ငါတို့သားမွှေးဦးထုပ်မဆောင်းရဘူး
ငါတို့မြင်းတွေကို စမ်းပေါက်ငယ်လေးတွေကရေတိုက်ရတယ်။

(၃)
နောက်ဆုံး၊ မိုးကမြေသားမည်းမည်းကို ပျော့စေတယ်
အဇက်လီယာပန်းတွေ တောင်စောင်းမှာ ဖူးပွင့်ကြတယ်

သစ်တောတွေဟာ စစ်ပွဲကို နားမလည်ဘူး
တောင်တန်းတွေ၊ မြစ်တွေဟာလည်း
စစ်ပွဲကို နားမလည်ဘူး။

ဒါပေမယ့် ညတိုင်း ငါတို့
ဝတ်စုံတွေဝတ်ပြီးအိပ်ခဲ့ကြ။

ငါတို့ဟာ တိုက်ပွဲဝင်ဖို့ပြင်ဆင်ထားခဲ့။

(၄)
ရန်သူကို စစ်မြှူနေတဲ့ တင့်ကားတွေ
တောင်ကြားမှာဖြတ်မောင်းနေကြတယ်
သစ်သားလက်ပစ်ဗုံးတွေ၊ ရာဘာဘဇူကာ ကျည်ဖူးတွေ
သူတို့ပေါ် မိုးလို စတင်ရွာကျ။

အရာရာဟာ သောက်တလွဲတွေပဲ
ဒါပေမယ့်ငါတို့အတည်ပေါက်လုပ်ခဲ့ကြတယ်။

ဧရာမမြက်ရိတ်ဓားကြီးလို
ဆုံလည်အမြောက်ပြောင်းပါတဲ့
အဲ့ဒီတင့်ကားရဲ့ကျောပေါ်ကို ယမ်းဘီလူးထုပ်တင်ဖို့
မင်းဘာ့ကြောင့်ရွေးခဲ့သလဲကွာ။

တင့်ကားက မင့်ကိုမြေကြီးပေါ်လဲကျစေတယ်
ပြီးသူ့ချိန်းကြိုးတွေ မင့်ခြေလက်တွေပေါ်ဖြတ်မောင်းသွားတယ်။

ငါတို့မင့်ကိုတောင်အောက်ကိုသယ်လာကြ
မင့်သွေးတွေ
အာမာမြစ်ထဲစီးဝင်မယ့်ချောင်းကလေးထဲစီးကျသွားကြ။

(၅)
မျက်နှာကျက်ဖြူဖြူတွေ
နံရံဖြူဖြူတွေ
သူနာပြုဖြူဖြူတွေ
မင်းရဲ့အနက်ရောင်မျက်လုံးတွေသာ
တဖြည်းစိုက်ကျလို့။

ငါတို့မျက်လုံးချင်း ထိပ်တိုက်ဆုံမိကြ
အကြီးအကျယ် တိတ်ဆိတ်မှုနဲ့
မင်းငါ့ကိုငေးကြည့်နေပေါ့။

မင်းစကားပြောနိုင်သလား
သူများတွေပြောတာရော မင်းကြားနိုင်သလား
မင့်ခြေထောက်နှစ်ဘက် အရင်ကထက်တိုသွားပေါ့။

ကြောက်လန့်နေတဲ့လိပ်တစ်ကောင်လို
ဆေးရုံထဲ မင်းဖြေးဖြေးလှည့်ထွက်သွားတယ်။

အထုပ်အပိုးတစ်ခုလိုမင်းကိုငါကြည့်ရင်း
ကာလတရားကိုစာတိုက်ကနေငါပို့လိုက်တယ်။

(၆)
မင်း အသက်ရှင်နေသေးသလား။

မင်းဟာ ငါ့သိစိတ်ရဲ့တံခါးမှာ
မကြာခဏလာညည်းနေတဲ့
စွန့်ပစ်ခံခွေးကလေးပဲ။

ဒီည၊ရှည်လျားတဲ့တိတ်ဆိတ်ခြင်းမှာ
မင့်အကြောင်းငါထပ်တွေးနေမိတယ်။

Again, These Days I Have Been Thinking of You
BY HA JIN