သရော်စာ မောင်လူရေး

မောင်လူရေး – လယ်ဗယ်ဇာတ်လမ်း တခန်းရပ်

မောင်လူရေး – လယ်ဗယ်ဇာတ်လမ်း တခန်းရပ် 
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၇
ယခုအချိန်ကား မြန်မာ့သူရဲကောင်း စစ်သည်အပေါင်းသည် “ကာချုပ်ကို မထိနဲ့၊ မိုက်ရင် ထွက်ခဲ့”ဟူသော ကြွေးကြော်သံကြီးဖြင့် ချီတက်လာနေပေပြီ။

ကွီးဖြိုးကို အမြီးရော အရိုးရောမကျန် နှံတော့မည်ဟု စိတ်ပိုင်းဖြတ်ထားကြသည်။

အရေးယူမည်လုပ်ကာမှ ပြဿနာက သူတို့ထင်သည်ထက် ရှုပ်ထွေးလာရကား ချီတက်မှုကို ခနနား၍ စုံကော်ဖွဲ့ကာ ကြားနာနေရပေသည်။

ကြားနာပုံကို ရှုချေဦး။

အမှန်က ဒီကာချုပ်ရာထူးကို နိုင်ငံရေးတတွေးဆွတ်တဲ့ပြဿနာကို စတာ တကယ်တော့ ကွီးဖြိုးမဟုတ်ဖူး။ US AID တဲ့။ တပ်က စွဲချင် သူ့ကို တရားစွဲရမှာတဲ့။

ဟင် … US AIDကလဲ သူ စတာမဟုတ်ဘူးတဲ့။ သူ့ကို ပရိုပိုဇယ်တောင်းသူ နိုင်ကျဉ်းကူညီချင်သူတွေ စတာတဲ့။ အဲဒီလူတွေကို အရေးယူတဲ့။

ဟာဗျာ … အဲဒီ နိုင်ကျဉ်းကူညီချင်သူတွေကလဲ သူတို့အပြစ်မဟုတ်ဘူးတဲ့။ သူတို့ကလဲ အကူအညီ လိုနေတာတွေ့လို့ ကူညီလိုက်တာဘဲတဲ့။

အဲဒီတော့ အကူအညီလိုနေတဲ့ အလုပ်မဲ့အကိုင်မဲ့နိုင်ကျဉ်းတွေကို အရေးယူရမှာလားဆိုတော့ နိုင်ကျဉ်းတွေကလဲ သူတို့ကို နှစ်ရှည်လများ ထောင်သွင်း ညှင်းဆဲ အကျဉ်းချခဲ့တဲ့ စစ်အစိုးရကိုသာ အရေးယူရမှာတဲ့။

စစ်အစိုးရကအဖွဲ့ကလဲ အဲလို လုံးချရင်တော့ မခံဘူးတဲ့။ ဒါတွေအကုန်လုံး ကာချုပ်ခိုင်းလို့ လုပ်ရတာတဲ့။ ကာချုပ်မှာဘဲ တာဝန်ရှိတယ်တဲ့။

ဟေ့ ဟေ့ ကာချုပ်ကလဲ ဒါအရင်ကာချုပ်လုပ်တာတဲ့။ ခု ကာချုပ် ငါလုပ်တာမဟုတ်ဖူးတဲ့။

ကဲကဲ ဗိုလ်သန်းရွှေ … လက်စသတ်တော့ တရားခံက ခများကြီးကိုးဆိုပြီး အရေးယူဆောင်ရွက်ရေး တပ်မတော်ကြီးဟာ စုံကော်နဲ့အတူ နေပြည်တော်ကို ချီတက်သွားကြသည်။

ကာချုပ်ရာထူးဟာ ညွှန်ချုပ်အဆင့်ပါလို့ ပြောကြားစေခဲ့တဲ့အကြောင်းရင်းမှန်သိပြီး တရားခံအစစ်အမှန်ကို ဖော်ထုတ်နိုင်ပြီဆိုတော့ကာ မကြာခင် တပ်မတော်ကြီးရဲ့ အရေးယူဆောင်ရွက်မှုကို ဒီမိုပရိတ်သတ်ကြီး ရှုစားရတော့မည်။

ဗိုလ်သန်းရွှေသည် သူ့ရှေ့၌ ရင်ကလေးမောက်မောက်ပြီး ဖင်ကလေးကောက်ကာရပ်နေသော စုံကော်အဖွဲ့ဝင်များကို မျက်နှာပြဲပြဲကြီးကို ခပ်ရွဲရွဲလေးမဲ့ပြီး ကြည့်ကာ

“ဒါ ငါနဲ့ ဘာဆိုင်တုန်း၊ အဲဒီပရိုတိုကောကို ငါရေးတာလား၊ ၂၀၀၈ခြေဥထဲမှာ ကာချုပ်ဟာ ညွှန်ချုပ်အဆင့်ဘဲရှိတယ်လို့  ပါလား၊ အဲဒီပရိုတိုကောကို ရေးတာ အမေရိကန်တွေကွ၊ သွား၊ အဲဒီ အမေရိကန်တွေအကုန်လုံးကို တယောက်မကျန် ချေမှုန်းချေ” ဟု ပြောလိုက်လေရာ….။

ဤတွင်၍ ကွီးဖြိုးရဲ့ ကာချုပ်လယ်ဗယ်ဇာတ် အပြီးသတ်သတည်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts