ကိုသန်းလွင် ● ဖေ့စ်ဘွတ်ခ်ထူထောင်သူ၏ မိန့်ခွန်း

ကိုသန်းလွင် ● ဖေ့စ်ဘွတ်ခ်ထူထောင်သူ၏ မိန့်ခွန်း
(မိုးမခ) ဇူလိုင် ၁၃၊ ၂ဝ၁၇

(၁)
ဖေ့စ်ဘွတ်ထူထောင်သူ မတ်ခ်ဇူကာဘတ်က ဟားဗတ်တက္ကသိုလ် ကျောင်းဆင်းပွဲ၌ မေလ ၂၅ ရက်နေ့က မိန့်ခွန်းတစ်ခု ပြောကြားခဲ့ပါသည်။

တခါက အာကာသယာဉ် လွှတ်တင်ရာစခမ်း နာဆာ (NASA) သို့ သမ္မတကနေဒီ ရောက်ရှိလာသည်။ သန့်ရှင်းရေး အလုပ် သမား ဂျနေတာတဦးကိုတွေ့သဖြင့် သမ္မတကြီးက “လူကြီးမင်း ဒီဌာနမှာဘာလုပ်သလဲ” ဟု မေးသည်။ တံမြက်စည်းလှည်း သည့် အလုပ်ကိုလုပ်ရသူက ကျွန်တော်တို့ဒီမှာ “လူတွေကို လပေါ်ကိုရောက်အောင် ပို့ဘို့လုပ်နေကြတယ်လေ” ဟု ဖြေ လေသည်။

လူတို့ဘဝပေါင်းများစွာကို ဦးဆောင်မှုပေးရန် မျှော်မှန်းချက် (Sense of Purpose)  ရှိရမည်ဟုဆိုသည်။

၂ဝ၁၇ တက္ကသိုလ်မှ ဘွဲ့ရသူများကို “ခင်ဗျားတို့တတွေက ကျွန်တော်မလုပ်နိုင်တာတခုကို လုပ်နိုင်ခဲ့ကြပါတယ်”  ဟု ၂ဝဝ၅ ခုနှစ်က ဘွဲ့မရဘဲ ကျောင်းထွက်ခဲ့ရသူ ဇူကာဘတ်က ဆိုသည်။ မိမိဘဝအတွက်ဘာလုပ်မည်ဆိုတာကို ရည်ရွယ်ချက်ကြီးကြီး မားမားရှိရမည်ဟု ဆိုသည်။ ဟားဗတ်က္ကသိုလ်က သူ့ကိုဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ဤအခမ်းအနားမှာပင် ချီးမြှင့် ပေးခဲ့ပါသည်။

(၂)
ကွန်ပျူတာဆော့ဖဝဲယား အခြေခံပရိုဂရမ်ရေးခြင်းကို သူငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ သွားဆရာဝန်က အိမ်မှာ သင်ပေး ခဲ့သည်။ စိတ်ဝင်စားသောသားအတွက် သီးသန့်ကျူတာ တယောက်ခေါ်၍လည်း ဆော့ဖဝဲယားရေးနည်းကို သင်ပေးခဲ့သည်။ အထက်တန်းကျောင်းသားဘဝမှာပင် အိမ်အနီးရှိ မာစီကောလိပ်ကျောင်းမှ ဘွဲ့ကြို ကွန်ပျူတာသင်တန်းတွေကို တက်ရောက် ခဲ့သည်။

ဟားဗတ်ဘော်ဒါဆောင်မှာနေရင်း မိတ်ဆွေသူငယ်ချင်းများ၏ ဓါတ်ပုံများကိုအသုံးပြု၍ ဝက်ဆိုဒ်တွင် ဓါတ်ပုံမှတ်တမ်းတင် သဘောမျိုးနှင့် စမ်းသပ်ခဲ့သည်။ ထိုဝက်ဆိုဒ်ကို လာရောက်ကြည့်ရှုသူ များပြားလွန်းသဖြင့် Switch ခလုပ်ခုံက မနိုင်နင်း တော့ဘဲ ကျောင်းအာဏာပိုင်တို့က ပိတ်သိမ်းသည်အထိဖြစ်ခဲ့ရသည်။

၂ဝဝ၄ ခု ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပထမဆုံး ဖေ့စ်ဘွတ်စာမျက်နှာကို သူ့ဘော်ဒါဆောင်မှ စတင်လွှင့်တင်ခဲ့သည်။ ပထမတော့ ဟားဗတ်က္ကသိုလ်ဝင်းအတွင်း ကျောင်းသားများအချင်းချင်း ဆက်သွယ်ကြရန်ဖြစ်ပါသည်။ ထို့နောက် အမေရိ ကန်နိုင်ငံတဝှမ်းမှ အခြားတက္ကသိုလ်များနှင့်ဆက်သွယ်ရန် ရည်ရွယ်ခဲ့သည်။ ထုတ်လွှင့်ပြီး သုံးရက်ကြာသော် သူ၏လုပ်ဖေါ် ကိုင်ဘက် မိတ်ဆွေသုံးဦးက သူတို့၏ယုံကြည်မှုကို အလွဲသုံးစားလုပ်ပါသည်ဟု စွတ်စွဲခဲ့ကြသည်။ နောက်ဆုံး တရားရုံး ရောက်သည်အထိ ကြီးကျယ်သွားခဲ့ပြီး ဖေ့စ်ဘွတ်ရှယ်ယာ ၁.၂ သန်း ပေးပါမည်ဟု သဘောတူလိုက်ရသည်။ ယနေ့ဖေ့စ် ဘွတ်၏ ရှယ်ယာတန်ဖိုးအရဆိုသော် ဒေါ်လာသန်း ၃ဝဝ ခန့် တန်ဖိုးရှိသည်။

၂ဝဝ၄ ခုနှစ်လည်ပိုင်းကျောင်းအားလပ်ရက်တွင် ကာလီဖိုးနီးယားနယ် ဆီလီကွန်တောင်ကြားသို့ ကုမ္ပဏီအသစ် ဖွင့်ပြီး ခေတ္တခဏ အလုပ်လုပ်ကိုင်ရန်ဖြစ်သည်။ ကုမ္ပဏီထောင်ပြီးသည်နှင့် ဟားဗတ်သို့ ကျောင်းပြန်တက်ရန် မဖြစ်နိုင်တော့ပေ။ ကျောင်းပြန်မတက်တော့ဘဲ ကာလီဖိုးနီးယားတွင်ဆက်နေရန် ဆုံးဖြတ်ချက်ချခဲ့သည်။

အသက် ၃၃ နှစ်အရွယ် သူချမ်းသာသမျှ ဓနအင်အားမှာ ၆၃ ဘီလီယံမျှရှိသည်ဟုလည်း ခန့်မှန်းကြသည်။ ဇနီးဖြစ်သူ မစ္စချန် (Priscilla Chan) နှင့်ပူးပေါင်း၍ Chan Zuckerbery Initiative ခေါ်လူမှုဝန်ထမ်းပေးလှူခြင်းလုပ်ငန်းများကို သူ့စည်းစိမ်၏ ၉၉ ရာခိုင်နှုန်းအထိငွေကို အသုံးပြုမည်ဟု ကြေညာထားသည်။
လွန်ခဲ့သောမတ်လမှစ၍ အမေရိကန်ပြန် ပြည်နယ် ၅ဝ စလုံးသို့ အရောက်သွားပြီး ပြည်သူတို့၏ဘဝကို လေ့လာမည်ဟု ဆိုထားသည်။ သူ့ရည်ရွယ်ချက်မှာ ဖေ့စ်ဘွက်ကို ပိုမို၍သိပ်သည်းသော လူထုအဖွဲ့အစည်းအဖြစ် ကူးပြောင်းနိုင်ရန် ပြည်သူ တို့၏ နေပုံထိုင်ပုံဘဝများကို လေ့လာလိုရင်းဖြစ်သည်ဟု ဆိုသည်။

မတ်လအတွင်းက တောင်ကာရိုလီနားနယ်ဘုရားရှိခိုးကျောင်းတခုတွင် သေနတ်သမားကလူအများကို သေနတ်ဖြင့်ပစ် သတ်ခဲ့ရာနေရာသို့ သွားခဲ့သည်။ လွန်ခဲ့သောကာလက အိုဟိုင်းအို ရှိဆေးစွဲသူများကို ဆေးကုသပေးရာ ဌာနသို့ရောက် ခဲ့သည်။ ထို့နောက် သားစဉ်မြေးဆက် ၆ ဆက်မျှ နွားမွေးမြူခြင်း အလုပ်ဖြင့် အသက်မွေးရာ ယာတောသို့လည်း ရောက်ခဲ့ သည်။

ဝေဖန်သူအချို့ကနိုင်ငံရေးသမားလုပ်နိုင်ရန် စတန့်ထွင်ပြီး နာမည်ကြီးအောင်လုပ်သည်ဟု ဝေဖန်ကြသည်။ သူ့ခရီးစဉ်များ ကို ဓါတ်ပုံအသေအချာရိုက်ပြီး ဖေ့စ်ဘွတ်တွင်တင်ခဲ့ခြင်းကြောင့် လူသိများသောခရီးစဉ်တခုဖြစ် နေခဲ့ပါသည်။ သူကတော့ ဖေ့စ်ဘွတ်၏ရည်ရွယ်ချက်ဖြစ်သော လူအများတစုတဝေးတည်း စည်းလုံးခိုင်မာသည့် လူ့အဖွဲ့အစည်းဖြစ်လာစေရန်သာဖြစ်သည်ဟု တစိုက်မတ်မတ်ပြောခဲ့ပါသည်။   ကမ္ဘာပေါ်ရှိလူသားတိုင်းသည် သူတို့၏ကိုယ်စီဘဝများအတွက် ရည်ရွယ်ချက်ရှိရ မည်။ ဒုတိယအဆင့်မှာ လူတိုင်းက မိမိလုပ်ဆောင်လိုရာကို လွတ်လပ်စွာရှာဖွေဖန်တီးနိုင်သော အခြေအနေများကို ဖန်တီး ပေးနိုင်ရမည်ဟု ဆိုပါသည်။

တရုတ်ပြည်က ဖေ့စ်ဘွတ်ကို မသုံးရန် ပိတ်ပင်ထားသော်လည်း ၂ဝ၁၄ ခုနှစ် အောက်တိုဘာလက ဘေဂျင်းရှိ ဆင့်ဟွာ တက္ကသိုလ်သို့ အရောက်သွားခါ အမေးအဖြေပြုလုပ်ပွဲသို့ တက်ရောက်ခဲ့သည်။ ထိုစဉ်က ရုရှားနိုင်ငံ ဝန်ကြီးချုပ် မင်ဒဲဒက်ဖ် (Dmitry Medvedev) နှင့် ၂ဝ၁၂ အောက်တိုဘာလက တွေ့ဆုံသည်။ ရုရှားတို့တွင် ကိုယ်ပိုင်ဖေ့စ်ဘွတ် ပရိုဂရမ်ရှိရာသုံးသူ ၃၄ သန်းရှိသည်။ တကယ့်ဖေ့စ်ဘွတ် ကိုသုံးသူမှာ ၉ သန်းကျော်ရှိသည်။ ရုရှားဝန်ကြီးချုပ်က သူတို့နိုင်ငံတွင် ရုံးလာဖွင့်၍ အလုပ်အကိုင်အခွင့်အလမ်းပေးရန် မေတ္တာရပ်ခံခဲ့သည်။

အစ္စရေးနိုင်ငံ ကက်ဘိနက်ဝန်ကြီးတဦးက ဇူလိုင် ၂ဝ ခန့်အတွင်းက ပါလက်စတိုင်းတို့က တိုက်ခိုက်ကြခြင်းအတွက် ဖေ့စ် ဘွတ်မှာ တာဝန်ရှိသည်။ ဇူကာဘတ်၏လက်တွင် သွေးများပေကျံနေသည်ဟု စွတ်စွဲခဲ့သည်။ ပါကစ္စတန် ဒုတိယ ရှေ့နေချုပ် ကမူ တမန်တော်မူဟာမက်၏ ပုံတူရေးဆွဲရေးပြိုင်ပွဲကို ဂျာမန်ပြည်သူတဦးက ဖေ့စ်ဘွတ်မှ တဆင့်ပြုလုပ်ခဲ့ရာ သူတို့ တာဝန်မကင်းဟုဆိုကာ ဇူကာဘတ်နှင့် မိတ်ဆွေသုံးဦးကို ဖမ်းဝရမ်းနှင့် ဖမ်းဆီးပေးပါရန် တောင်းဆိုခဲ့သည်။ မေလ ၁၉ ရက်နေ့က ဖေ့စ်ဘွတ် စာမျက်နှာကို ပါကစ္စတန်နိုင်ငံမှပိတ်ဆို့ထားခဲ့ပြီး ထိုပြိုင်ပွဲကိုပယ်ဖျက်ပေးမှ လကုန်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။ ကုလသမဂ္ဂအထွေထွေညီလာခံကြီးတွင် အရေးဆိုခဲ့ကြသည်။

မကြာသေးမီကဖြစ်ပျက်ခဲ့သော လန်ဒန်မြို့အကြမ်းဖက်မှုများကြားတွင် ဝန်ကြီးချုပ် တရီဆာမေ (Threresa May) က ဖေ့စ် ဘွတ်နှင့် ဆိုရှယ်မီဒီယာများ၏ အသုံးပြုမှုကို စည်းကမ်းဘောင်များချမှတ်ကြရန်လိုသည်ဟု နိုင်ငံတကာသို့ဆော်သြခဲ့ကြ သည်။

မက်ခ်ဇူကာဘတ်ကိုယ်တိုင်က သူတီထွင်ခဲ့သောဖေ့စ်ဘွတ်သည် တကမ္ဘာလုံးလူဦးရေ ၂ ဘီလီယံနီးပါးက  တွင်ကျယ်စွာ အသုံးချလိမ့်မည်ဟု မျှော်လင့်ခဲ့ဟန်မတူချေ။

သူ့မိန့်ခွန်းတွင် “ကျွန်တော်တို့မှာ လျှို့ဝှက်ချက်တခုရှိတယ်။ အလုပ်တခုကိုစလုပ်ရင် ဆုံးခန်းတိုင်ရင်ဘယ်ရောက် တယ်ဆို တာ ဘယ်သူမှမသိပါဘူး၊ ပန်းတိုင်ဆိုတာလုပ်ရင်း လုပ်ရင်းဘဲတွေ့ကြရတာပါ၊ လမ်းကြောင်းဟာ တဖြေးတဖြေးနဲ့ အခက်အခဲတွေရှင်းပြီးသွားလိမ့်မယ်၊ အရေးကြီးတာကဘယ်အလုပ်မဆိုစလုပ်ဖို့က အရေးကြီး ဆုံးပါ” ဟု ဆိုသည်။

မိုးတွေဖွဲဖွဲကြနေသောကွင်းပြင်ကျယ်တွင် ပရိတ်သတ်ကလည်းမိုးကာအင်္ကျီဝတ်၊ ထီးဆောင်းပြီး ဇွဲရှိရှိနား ထောင်နေကြ သည်။ ဇနီးဖြစ်သူမှာလည်း ပရိတ်သတ်ထဲတွင် ဝမ်းသာသောမျက်ရည်များနှင့် ရွှဲရွှဲစိုနေသည်။ အသက် ၆ဝ၊ ၇ဝ အရွယ်လူကြီး တွေဖြင့်ဝိုင်းရံထားသော စင်မြင့်ထက်မှာ အသက် ၃ဝ ကျော် ချာတိတ်ကလေး၏ စကားပြောသံကို တကမ္ဘာလုံးက သူ၏ ဖေ့စ်ဘွတ်မှတဆင့် ကြားနေကြရသည်ထင်ပါသည်။

တချိန်တွင် သူကိုယ်တိုင်ဝမ်းနဲပက်လက်မျက်ရည်ကို အတင်းထိမ်းထားရသည့် ပုံဖြင့်စကားပြောနေသည်။  သူ့ဇနီးနှင့် အတူ ကလေးများစွာကို အိမ်၌စာသင်ပေးရင်း တရားဝင်စာရွက်၊ စာတမ်းမရှိသည့် ကလေးငယ်တဦးကို တွေ့ခဲ့ရကြောင်း၊ သူသည် တရားမဝင်နေရသူဖြစ်သဖြင့် တက္ကသိုလ်၊ ကောလိပ်ကျောင်းသွား၊ မသွားရမှာကို စိုးရိမ်ခဲ့ရကြောင်း တနေ့ထမင်းစားရင်း စကားစမည်ပြောသောအခါ ကလေးက “Social Justice” ခေါ် လူမှု တရားမျှတရေးစာအုပ်ကို ရေးချင်သည်ဟု ပြောရာ သူသည် လုံးဝအံ့အားသင့်သွားရပါသည်။ လုံခြုံရေးကြောင့် ကလေး၏နာမည်ကိုတော့ မပြောနိုင်ပါ။ သို့ပါသော်လည်း က လေးငယ်၏ သူ့အနာဂါတ်မျှော်မှန်းချက်နှင့် လက်ရှိအခြေအနေတို့ကိုဆက်စပ်ပြီး သူယူကျုံးမရ ဖြစ်ရပါသည်ဟု ဆိုသည်။

နိုင်ငံထူထောင်ရေးအတွက်ကျောင်းမှ ဘွဲ့ရဆင်းလာသူများအတွက် ဘယ်သွားပြီး၊ ဘာလုပ်ရမည်ဆိုသော ပန်းတိုင်ရှိ သင့်သည်။ လူငယ်များအဖို့ ဘာလုပ်မည်ဆိုသောရည်ရွယ်ချက် ခိုင်ခိုင်မာမာ ရှိသင့်သည်။

လူလူချင်းဆက်သွယ်ခြင်းဆို သည့်အကြောင်းကို အားလုံးသိမှသာ စရမည်ဆိုပါက ဖေ့စ်ဘွတ် ကိုသူ တီထွင် နိုင်ခဲ့မိမည်မထင်ပါ၊ သူ၏ပရောဂျက်အကြောင်းကို တစတစသာ နားလည်လာရပါသည်။ ထို့ကြောင့် မည်သည့် လုပ်ငန်းမဆို အစလုပ်မိစေရန် အရေးကြီးလှပါသည်။

(၃)
မတ်ဇူကာဘတ်ကသူ၏မိန့်ခွန်းကို ယူရေကာ Eureka moment ဆိုတာဟာ မရှိပါဘူးဟုပြောရင်း အဆုံးသတ်ခဲ့သည်။ ဂရိပညာရှင်ကြီး ရေပေါ်တွင်ပေါလောပေါ်မှုကို ရုတ်တရက်အဖြေသိသွားသောအခါ ရုတ်တရက် ရွှင်လန်းဝမ်းသာဖြစ် သွားရပုံကို ကိုယ်တုံးလုံး ထပြေးသည့် ပုံစံဖြင့် ပြောပြတတ်ကြပါသည်။ မတ်က Euroka moment သည် အလွန်အန္တရာယ်ကြီး ပါသည်ဟု ပြောခဲ့သည်။ သူကတွေ့ရှိသူ ပညာရှိကြီးများ၏ သဘောဆန္ဒများနှင့် အနှောင့်အယှက်ဖြစ်ရလိမ့်မည်ဟုယူဆဟန် ရှိသည်။

အလွန်ရွှင်လန်းတ်ာကြွဘွယ်ကောင်းသော မိန့်ခွန်းမှာ စိတ်အားတက်ကြွဘွယ်ရာတို့ဖြင့်ပြည့်လျှမ်းနေပါသည်။ ဘေးမှ ဝိုင်း ကြည့်အားပေးသူများမှာ အသက် ၃ဝ အရွယ်ကလေးငယ်တယောက် ပြောနေသောစကားများအဖြစ်ကိုမေ့ပြီး အသက် ၆ဝ အရွယ် လောကဓံ ဒဏ်ကိုကြံ့ကြံ့ ခံရသည့်လူတယောက်ကဲ့သို့ထင်မြင်လာစေပါသည်။

ကိုသန်းလွင်

Ref: You Tube