ကဗျာ

ဒီလူည ● သေနေတဲ့အရိုး

ဒီလူည ● သေနေတဲ့အရိုး
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၇

ပထမတော့ အရောင်က အဖြူဘက်များတယ်
နောက်တော့ ရေ လေ တိုက်စားမှုတွေကြောင့်
မြေပြင်ပေါ်ရောက်လာတဲ့ သေနေတဲ့အရိုးဟာ အရောင်ပြောင်းလဲလာ
(နဂိုအရောင်ပေါ်လာတာလည်းဖြစ်နိုင်)
ငါကြည့်နေတုန်း တဖြည်းဖြည်း အမည်းရောင်ပေါ်လာ
အရိုးတလျှောက် အဖြူအမည်းရောနှောလာတယ်
ငါ့ကိုမတွေ့ သေးတဲ့ သေနေတဲ့အရိုးနား
ခွေးတကောင်ဟာ အမြီးလေးနံ့ပြီးရောက်လာ
သူ့နှာခေါင်းကို သေနေတဲ့အရိုးနားကပ်ပြီး အနံ့ခံတယ်
သိပ်အကြာကြီးမဟုတ်ဘူး
တစ်စက္ကန့် …  နှစ်စက္ကန့် …. သုံးစက္ကန့် …. ငါ့အဆုပ်ထဲက
လေကိုရှူထုတ်လိုက်ချိန်မှာ ခွေးဟာ ပထမဦးဆုံးအကြိမ်
သေနေတဲ့အရိုးကို တယုတယ သူ့လျှာနဲ့လျှက်တယ်
အရိုးဟာ ခွေးသွားရည်နဲ့ထိပြီး မည်းနေတဲ့အရောင်က ဖျော့သွားပေမယ့် ကြာကြာမခံပါဘူး။
လေကလေးတစ်ချက်တိုက်ခတ်လိုက်တာနဲ့ 
ပြန်မည်းသွားတာကို ငါတွေ့လိုက်တယ်
သေနေတဲ့အရိုးကလည်း ဒီတခါတော့ ငါ့ကိုတွေ့ သွားတယ်
ငါလည်း ငါ့အရိုး ငါပြန်စမ်းမိရက်သားဖြစ်သွားတယ်
ငါ့အရိုးတွေက အကုန်အဖြူပဲလား
မသေခင် အဖြူဘက်ရောက်သွားတဲ့ အရိုးဘယ်နှစ်ချောင်း
မသေခင် အရောင်ပြောင်းလဲလာမယ့်အရိုး ဘယ်နှစ်ချောင်း
မသေသေးတဲ့အရိုးတွေကို သေနေတဲ့အရိုးကကြည့်ပြီး
ငါ့ကို အသံကျယ်ကျယ်နဲ့ရီပြတယ်။  ။

ဒီလူည


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts