ကဗျာ

ခိုင်ကြည်သစ် ● အာဇာနည်

ခိုင်ကြည်သစ် ● အာဇာနည်
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၇

သမီးလေးရေ
အသေခံခဲ့လို့ မဟုတ်ဘူး
အနေမှန်ခဲ့လို့ အာဇာနည်။

အဲဒီအာဇာနည်တွေဟာ
ဘာမထီ သာကီမျိုးလို့ မကြွေးကြော်ခဲ့ဘူး
မြန်မာပြည် ကမ္ဘာ့စံမီဖို့ပဲ နှိုးဆော်ခဲ့ကြ။

အဲဒီ အာဇာနည်တွေဟာ
ရွှေမှန်ကင်း ထင်းဖြစ်တာထက်
အဖြေမှန်ခြင်း အလင်းပျောက်မှာစိုးခဲ့ကြ။

အဲဒီ အာဇာနည်တွေဟာ
သက်ဦးဆံပိုင်ရဲ့ သစ္စာခံမဟုတ်ဘူး
မူလပိုင်ရှင်တွေထံ တိုင်းပြည်ကို ပြန်အပ်နှံခဲ့ကြ။

အဲဒီ အာဇာနည်တွေဟာ
အမှန် အမှား ခွဲခြားသိ
အမှန်တရားဘက်မှာ အမြဲရှိခဲ့ကြ။

သမီးလေးရေ
အသေခံခဲ့လို့ မဟုတ်ဘူး
အနေမှန်ခဲ့လို့ အာဇာနည်။

ခိုင်ကြည်သစ်
(၁၃-၇-၂၀၁၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts