Ni July စာစုတို

နီဇူလိုင် – ပြောင်းတဲ့ ပြောင်းဖူး

Art – Ni July

 
နီဇူလိုင် – ပြောင်းတဲ့ ပြောင်းဖူး
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၇

မိုးရွာပြီးစမို့… သစ်ပင်ပန်းမာလ်တွေနဲ့ပတ်ဝန်းကျင်တစ်ခုလုံး ဟာ သန့်ရှင်းစိမ်းစို လတ်ဆတ်နေတယ် ။ မိုးရေစိုထားတဲ့ငှက်ကလေးတွေလည်း… ထွက်လာတဲ့ နေရောင်နွေးနွေးလေးအောက်မှာ သူတို့ရဲ့  အမွေးအတောင်တွေလေးတွေကို တဖြန့်ဖြန့်တခါတခါနဲ့… နေစာလှုံရင်းတေးဆိုနေကြတယ် ။ မိုးရေစက်တချို့ကတော့ သစ်ရွက်ထိပ်ဖျားလေးတွေမှာ လှုပ်လှီလှုပ်လှဲ့နဲ့ တွဲလွဲခိုလို့ ။လေတချက်အဝှေ့ မှာ သစ်ရွက်ဖျားက ငွေရောင်ရေစက် ရေပေါက်ကလေးတွေဟာ မိုးတပြိုက်လောက် ရွာချလိုက်သလို မြေပြင်ဆီကို အလုအယက်ခုန်ဆင်းလာကြတယ် ။

မိုးရေနဲ့နူးနေတဲ့ မြေပွပွလေးပေါ်ကို ဖိနပ်မပါပဲ နင်းလျှောက်မိတော့ ခုလို မိုးဦးကျစ မြေဆီလွှာ ပျော့ပြောင်းချိန်မှာ အိမ်နောက်ဖေး ခြံထဲဆင်းပြီး ဖွားဖွားကြီးနဲ့အတူ သီးပင်စားပင်ကလေးတွေ ကူစိုက်ရတဲ့ ကလေးဘ၀ကို လွမ်းမိတယ် ။ ဖွားဖွားကြီးဟာ  မိုးလေးတဖြိုက်နှစ်ဖြိုက် ရွာလို့ မြေဆီလွှာနူးပြီဆိုတာနဲ့ .ပြီးခဲ့တဲ့ နှစ်က မီးဖိုထောင့်က တိုင်မှာ အိတ်ကလေးနဲ့ချိတ်သိမ်းထားတဲ့ ချဉ်ပေါင်စေ့.။သခွားစေ့ ။ပြောင်းစေ့ စတဲ့ သစ်စေ့လေးတွေကို…စိုက်ဖို့ပြင်တော့တာပဲ ။

ကျောင်းဆရာမဟောင်းဖြစ်တဲ့ ဖွားဖွားကြီးဟာ တူရွင်းတလက်နဲ့ မြေကြီးတွေကို တူးဆွရင်း မြေးတွေကို သစ်ပင်လေးတွေ ဘယ်လိုပေါက်ကြတယ် ရှင်သန်ကြီးထွားကြတယ်ဆိုတာ လက်တွေ့ သင်ကြားပေးတာကိုး ။အဲဒီလို စားပင်လေးတွေ စိုက်တဲ့အထဲ…ပြောင်းပင်လေးတွေစိုက်ရတာက ကျမတို့ ကလေးတွေအတွက်…ပိုစိတ်ဝင်စားစရာပါ ။ပြောင်းပင်လေးတွေကနေ ကျမတို့ကြိုက်တဲ့ ပြောင်းဖူးလေးတွေ ဖူးလာ မှာလေ ။

ဖွားဖွားကြီးတူးပေးတဲ့ မြေတွင်းသေးသေးလေးတွေထဲကို ပြောင်းဖူးစေ့လေးငါးစေ့ကို ခပ်ကျဲကျဲ လေးထည့်ပြီး အပေါ်က မြေစာမို့မို့လေးတွေပြန်ဖုံးပေးရတယ်။ပြီးတော့ ကြက်တွေဘဲတွေ ၀င်မယက်အောင် ၀ါးခြမ်းပြားလေးတွေနဲ့ ကာပေးရတယ် ။ကိုယ့်အပင်နဲ့ကိုယ် ရေလောင်းပေါင်းသင်ပေး ။ ပြောင်းပင်လေးတွေ အစို့အညှောင့်ထွက်ကတည်းက ရင်ခုန်ရတာ ။ပြောင်းဖူးလေးတွေ စထွက်လာရင်များ မျက်စိထဲစွဲနေလို့ ညဘက် အိပ်မက်ထဲမှာတောင် ထည့်မက်ရတယ် ။

ပြောင်းဖူးတွေလှိုင်လှိုင်ဖူးချိန်ဆို ညနေကျောင်းဆင်းလို့ အိမ်ရောက်တာနဲ့ မီးဖိုချောင်ထဲကို တန်းပြေးကြတယ် ။ဖွားဖွားကြီးရဲ့  မီးဖိုကြပ်ခိုးစင်ထောင့်က နှီးပလုံးကြီးထဲမှာရေစစ်ထားစ ပြောင်းဖူးပြုတ်ပူပူ မွှေးမွှေးလေးတွေက အဆင်သင့်စောင့်နေတာမဟုတ်လား ။ပြောင်းဖူးပလုံးကြီးကို ချပြီး…. ကိုယ်စားမယ့် ပြောင်းဖူးမှာ“ဖိုးသွားကျဲ” လို့ခေါ်တဲ့ အစေ့ကျို့တို့ကျဲတဲ ပြောင်းဖူးတွေမပါအောင် သေချာရွေးရသေးတယ် ။ သေချာရွေးတယ်ဆိုပေမယ့် ဖွားဖွားကြီး ကန့်သတ်ထားတဲ့စည်းကမ်းအရ အခွံကို ဖြဲမကြည့်ရဘူး ။ အပေါ်ကပဲ လက်နဲ့စမ်းပြီး…ရွေးရတယ် ။ကိုယ်ရွေးတဲ့ ပြောင်းဖူး ဖိုးသွားကျဲဖြစ်လည်း ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့လေ ။

ကျောက်တန်းစီညီပါပေ့ ဆံမြိတ်ချလှပါပေ့… ခေါင်းမြီးခြုံလုံပါပေ့…လို့ စကားထာ ၀ှက်ကြရတဲ့ ပြောင်းဖူးတွေမှာ တချို့ပြောင်းဖူးတွေက ပြောင်းစေ့လေးတွေဟာ တကယ့် ကျောက်မျက်ကလေးတွေ စီချယ်ထားသလို အရောင်စုံလှပနေတတ်တယ် ။တချို့ ပြောင်းဖူးလေးတွေကတော့…. ခိုပြာရောင် မီးခိုးပြာရောင်ပြောင်းစေ့လေးတွေနဲ့မို့ တိမ်ပြာ ပြောင်းမျိုးလို့ ခေါ်ကြတယ် ။သူကအပြာကိုမှ အနုအရင့်ဆင့်ကာဆင့်ကာ
နဲ့မို့ ပန်းချီဆရာတွေတောင် ထိုင်ငိုလောက်အောင် အရောင်စပ်ပုံပြေပြစ်လှသေးတယ် ။ နောက်ပြောင်းဖူးတမျိုးကတော့ ရွှေဝါရောင်သမ်းပြီး မွှေးလွန်းလို့ “နတ်ပြည်မွှေးပြောင်း”မျိုး လို့…တင်စားခေါ်ကြတယ် ။ အရွယ်သေးသေး အလျားတိုတို အရောင်ညိုနက်နက်နဲ့ပြောင်းဖူးမျိုးကျတော့…
မျောက်ရဲ့လက်မောင်းကလေးနဲ့ တူလို့ထင်ပါရဲ့  ။“ မျောက်လက်မောင်းပြောင်း” မျိုးတဲ့ ။ အိအိစီးစီးလေးနဲ့ ပြောင်းတမျိုးကိုတော့ “၀က်ဆီပြောင်း”မျိုးတဲ့ ။အညိုရင့်ရင့်.အနက်ဘက်ကို လုတဲ့ ပြောင်းဖူးလေးတွေကိုတော့ ရေပါမဲ လို့ခေါ်ကြတယ် ။ ရေပါမဲပြောင်းမျိုးလေးတွေက မိုးနှောင်းပိုင်း တော်သလင်းလမှ ဖူးတတ်လို့ သူ့ကို တော်သလင်းပြောင်းလို့လည်း ခေါ်ကြတယ် ။

ဘယ်လိုပဲ နာမည်ခေါ်ခေါ်…ဟိုတုန်းက ကျမတို့ဒေသမျိုးရင်း ပြောင်းဖူးတွေဟာ ခုခေတ်စပ်မျိုး ပြောင်းဖူးတွေလို ချိုရဲရဲဖွယ်တယ်တယ်မနေဘူး ။ ကစီဓါတ်အပြည့် စီးစီးပိုင်ပိုင်နဲ့စိမ့်တဲ့အရသာရှိတယ် …။ မြေဆီသြဇာကောင်းတဲ့ ပေါင်းတည်မြောက်ပိုင်း ဘွဲ့ပင်ကန်ရပ်က ခြံထွက်ပြောင်းတွေဟာ… ပေါင်းတည်ဒေသထွက်အဖြစ် လက်ဆောင်ပေးဖို့ သိပ်မျက်နှာပန်းလှခဲ့တာပေါ့ ။

မြေလတ်ဒေသထွက် ပြောင်းတွေထဲမှာမှ ပေါင်းတည်နဲ့ကပ်ရက်.“ဆင်မြီးဆွဲ”တို့ “ပုတီကုန်း” တို့ကလည်း ပြောင်းဖူးကောင်းကောင်းတွေထွက်တယ် ။“ဆင်မြီးဆွဲပြောင်း”ဆိုတာ အနံ့အရသာမှာတော့ ထိပ်တန်းပဲ ။ဟိုတုန်းကတော့ အဲဒီမြို့ တွေက ပြောင်းဖူးတွေဟာ ညနေဘက်မှာ ကုန်စိမ်းရထားကြီးတွေ စီးစီးပြီးပေါင်းတည်ကို ရောက်ရောက်လာတယ် ။

ပေါင်းတည်ဘူတာမီးရထားလမ်းနံဘေးနဲ့…ဘူတာနဲ့မလှမ်းမကမ်း အာဇာနည်ကျောက်တိုင် တ၀ိုက်တွေမှာ. …ပြောင်းဖူး အပုံလိုက်ကြီးတွေ ချရောင်းတဲ့.ပြောင်းဖူးဈေးတန်းရှိတယ်.။ ပြောင်းဖူးသည်တွေရဲ့ နံဘေးမှာ မီးသွေးမီးဖိုလေးတွေနဲ့ ပြောင်းဖူးဖုတ်ရောင်းတဲ့ဆိုင်ကလေးတွေလည်း ရှိတယ် ။ ပြောင်းဖူးမီးဖုတ်နံ့မွှေးမွှေးလေးဟာ လမ်းသွားလမ်းလာတွေကို ပြောင်းဖူးစားချင်စိတ်ပေါ်အောင်  ၀ယ်အောင် ဆွဲဆောင်နေတာပေါ့ .။ မီးသွေးမီးဖိုရဲ့  မီးရှိန်ကောင်းကောင်းမှာ… ပူပူနွေးနွေးချက်ခြင်းဖုတ်ပေးတဲ့ ပြောင်းဖူးဖုတ်မွှေးမွှေးလေးတွေကို ၀ါးတုတ်တံလေးတွေနဲ့ သီတံထိုးတာမို့… မီးဖိုကချချခြင်း လက်ပူမှာ မစိုးရိမ်ရပဲ အဆင့်သင့်စားရုံပဲ ။

ကိုယ့်အိမ်မှာပြောင်းဖူးမီးဖုတ်စားရင်တော့ ကျမတို့ညီအစ်မတွေရဲ့  ကိုယ်ပိုင် ၀ါးသီတံလေးတွေကို မီးဖိုချောင်က ၀ါးထရံမှာ ထိုးသိမ်းထားတယ် ။ တခါသီတံလုပ်ပြီးရုံနဲ့ လွှင့်မပစ်ရဘူး ။ နောက်တခါ ပြောင်းဖူးဖုတ်စားရင် ထပ်ပြီး သီတံလုပ်ဖို့ပေါ့ ။ ခုခေတ်လိုဆိုရင်တော့ ကျန်းမာရေးနဲ့မညီညွတ်ဘူး ။ ၀ါးတုတ်တံမှာ မှိုတွေကပ်နေမှာလို့  ဆင်ခြေပေး အထွန့်တက်ဦးမှာ .။ ငယ်တုန်းကတော့.လူကြီးတွေက ဒီလို အလေ့အကျင့့် လုပ်ပေးတာ နားထောင်ရတာပါပဲ ။

အိမ်မှာတော့ပြောင်းဖူးကို အဖူးလိုက် ပြုတ်ပဲစားစား ဖုတ်ပဲစားစား…ပြောင်းဖူးတဖူးလုံးကို  ဆားကလေး ခပ်ပါးပါး သုတ်စားရတယ် ။ဗိုက်မနာအောင် ရင်ပြည့်ရင်ကယ်မဖြစ်အောင်လို့ လူကြီးတွေက ပြောကြတာပဲ ။ တခါတလေကျတော့လည်း….ပြောင်းဖူးအစိမ်းကို အစေ့ကလေးတွေချွေပြီး အစေ့လိုက် ပြုတ်စားတဲ့အခါစား ။ ကြော်စားတဲ့အခါ…စားပေါ့။ ပြောင်းဖူးအစေ့ချွေကြော်နဲ့ လက်ဘက်သုတ် ပုဇွန်ခြောက်နိုင်နိုင် ၊ ငရုတ်သီးစိမ်း ပါးပါးလှီးနယ်ပြီး ထမင်းဖြူနဲ့စားရတဲ့အရသာဟာ ခုလိုပြောင်းဖူးပေါ်ချိန်မှာပဲ လတ်လတ်ဆတ်ဆတ်စားရတာ ။

ပြောင်းဖူးစားပုံ နောက်တနည်းက …ပြောင်းဖူးအစေ့ချွေကို ကြိတ်ပြီးမှ ပျော့ပျော့လေးကြော် စားကြသေးတယ်…။ ခုခေတ်လို အိမ်သုံး ကြိတ်စက်တွေ ပေါပေါသီသီ မရှိသေးတော့ …ပြောင်းဖူးကြိတ်ကြော်စားဖို့ဆိုရင်. ကျောက်ငရုတ်ဆုံကြီးတွေနဲ့စိတ်ရှည်လက်ရှည် ကြိတ်ရတယ် ။  ပြောင်းဖူးအစေ့လေးတွေက ထွက်တဲ့နို့ရည်လေးတွေ ဟာ ငရုတ်ဆုံထဲကနေ စင်စင်ထွက်တတ်လို့ ထောင်းရတဲ့လူခမျာ ပေကျံနေတာပဲ.။ နို့ရည်ခမ်းနေတဲ့ ပြောင်းဖူးရင့်ရင့်တွေကိုတော့… သကြားတို့ထညက်တို့နဲ့ ဂုတ်နှိပ်လှော်ပြီး စားကြသေးတယ် ။ ဆားနဲ့လှော်တဲ့ပြောင်းဖူးစေ့လှော်ကလည်း ကြွပ်ကြွပ် ရွရွ နဲ့မို့ အပျင်းပြေ၀ါးရတာ အရသာတမျိုးပေါ့လေ ။ ပြောင်းဖူးပေါက်ပေါက်ကတော့ မိုးအကုန်ဆောင်းဦးပေါက်မှာ စားရတဲ့ သွားရေစာတမျိုးပေါ့ ။

အခုခေတ်မှာတော့…ကျမတို့ဒေသမျိုးရင်းပြောင်းဖူးလေးတွေလည်း ပျောက်ကုန်သလောက်ပါပဲ .။ သကြားပြောင်းလို့ခေါ်တဲ့စပ်မျိုး ပြောင်းဝါ၀ါကြီးတွေနဲ့ ပန်ပြောင်းလို့ခေါ်တဲ့…ပြောင်းဖြူဖြူတွေပဲ တွေ့ရတော့ တယ်။ သကြားပြောင်းဝါ၀ါကြီးတွေဆို ကစီအစီးဓါတ်မရှိလို့ ပြောင်းဖူးကြိတ်ကြော်.ကြော်စားလို့မရဘူး ။ ဒေသထွက်ပြောင်းစီးစီးလေးတွေလို အချပ်လိုက်အိအိလေး ကြော်မရဘူး ။ပန်ပြောင်းဖြူဖြူတွေက နည်းနည်း ကစီဓါတ်ရှိတယ်ဆိုပေမယ့် ကိုယ့်ဒေသထွက် ပြောင်းဖူးအိအိလေးတွေကို ဘယ်မှီပါ့မလဲ။ နောက်ပြီး ခုခေတ်ပြောင်းတွေမှာ ပြောင်းဖူးပေါ်ချိန်ဆိုတာ သီးသန့်မရှိတော့ဘူး ။ဆည်မြောင်းရေ တွေ လောင်းစိုက်နိုင်လို့ ရာသီမရွေးစားနေရတော့ ဟိုတုန်းက ပြောင်းဖူးပေါ်ချိန်မှ စားရတဲ့ ဒေသထွက်ပြောင်းဖူးကလေးတွေ စားရသလို မက်မက်စက်စက်မရှိတော့သလိုပဲ ။ ပြောင်းဖူးစိုက်တောင်သူ တွေကတော့  ရာသီမရွေးစိုက်ရလို့ ငွေရွှင်တာပေါ့လေ ။

ရာသီမရွေး သကြားပြောင်းတွေ ပန်ပြောင်းတွေက ပေါပေါထွက်နေတော့… ခါတိုင်းလိုဆင်မြီးဆွဲပြောင်းတို့ ပုတီးကုန်းပြောင်းတို့လည်း… ကုန်စိမ်းရထားကြီးစီးပြီး မလာကြတော့ဘူး ။သူတို့ဆီမှာလည်း ဒေသမျိုးရင်းပြောင်းတွေနေရာမှာ… တနှစ်တခါ မျိုးအသစ်ဝယ်စိုက်နေရတဲ့စပ်မျိုးတွေပဲ နေရာယူကုန်ကြပြီထင်ပါရဲ့  ။

ခေတ်အခြေအနေတွေ ပြောင်းတော့ ခါတိုင်းလို…ပြောင်းဖူးဈေးတန်းကြီးလည်း ဘူတာတ၀ိုက်နဲ့ အာဇာနည်ကျောက်တိုင်တ၀ိုက်မှာမရှိတော့ဘူး ။ပေါင်းတည်မြို့ ကနေ ရန်ကုန်ဘက်အထွက်… ရန်ကုန်-ပြည် ကားလမ်းနံဘေးတလျှောက်ကို ရောက်သွားပြီ…။ ဘိုးသာအောင်ကုန်းချောင်းတံတား အဆင်းနားတ၀ိုက်ပေါ့။  ဘိုးသာအောင်ကုန်းချောင်းရေကို အမှီပြုပြီး ရာသီမရွေးစိုက်လို့ရတဲ့ ပန်ပြောင်းဖြူဖြူတွေကိုပဲ လမ်းနံဘေးတွေမှာ အတန်းလိုက်ချရောင်းနေကြတော့တယ် ။

ခေတ်တွေ ပတ်ဝန်းကျင်သဘာဝအခြေအနေတွေနဲ့ လိုက်ပြီး…ပြောင်းဖူးပေါ်ချိန်လည်း ပြောင်းရ ။ ပြောင်းဖူးမျိုးစိတ်တွေလည်း ပြောင်းရ ။ ပြောင်းဖူးဈေးတန်းကြီးလည်း မြို့ ပြင်ပြောင်းရရှာတယ် ။ ဒါပေမယ့် မော်တော်ဆိုင်ကယ်တွေ မှိုလိုပေါက်လာတဲ့ ခေတ်မို့… မော်တော်ဆိုင်ကယ်ဘေး တဘက်တချက်စီမှာ ပြောင်းဖူးတွဲကြီးတွေကို တနင့်တပိုးတင်ထားတဲ့ ရွေ့လျားပြောင်းဖူးသည်တွေဟာ လမ်းကြိုလမ်းကြားမကျန်… အိမ်တိုင်ယာရောက်စနစ်နဲ့ ဖြန့်ချီရောင်းချနေနိုင်ပြီ ။

ပြောရင်းဆိုရင်း အိမ်ရှေ့ ဘက်ဆီက.ပြောင်းဖူးသည်တွေရဲ့ အသံကြားရတယ် ။ ဆိုင်ကယ်တွေနဲ့မို့ အသံတွေဟာ ခဏလေးအတွင်းမှာပဲ အဝေးကို ရွေ့  ရွေ့ သွားကြတယ် ။“ပြောင်းဖူး ပြောင်းဖူး” ဆိုတဲ့အသံ တွေဟာ အကျယ်ကြီးကြားနေရာကနေ ရုတ်ချည်းပဲ တိုးတိုးလေး ပြောင်း ပြောင်း ပြီး ဝေး ဝေး သွားကြတယ်။

( ဖွားဖွားကြီးနဲ့ ပြောင်းဖူးကြိုက်တဲ့ ညီအစ်မတွေကို လွမ်းလို့ ရေးတယ်)
၂၈.၆.၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts