သရော်စာ

မောင်ဥက္ကလာ – နှစ်ရုပ်လုပ်တဲ့ အရှုပ်များ


မောင်ဥက္ကလာ – နှစ်ရုပ်လုပ်တဲ့ အရှုပ်များ

(မိုးမခ) ဇူလိုင် ၆၊ ၂၀၁၇

ကျုပ်ဘဝမှာ ဒီနေ့အထိ တသက်နဲ့တကိုယ် ဒီလောက်အထိ ဒီနိုင်ငံ၊ ဒီမြို့ သား ဖြစ်ရတာကို ဂုဏ်ယူမဆုံး မဖြစ်ခဲ့။ အထူးအားဖြင့် အခုဆိုရင် ဒီမြို့ သား ဖြစ်ရတာကို တွေးမိတိုင်း မျက်ရည်ဖြေမဆည် ဝမ်းသာမဆုံး။ နောက်ဘဝဆက်တိုင်းဆက်တိုင်းမှာလည်း ဒီမြေဒီဌာနေမှာ လူပြန်ဖြစ်ဖို့ကိုလည်း တွေ့သမျှ ဆုတောင်းပြည့်ဘုရားတွေမှာ အကြိမ်ကြိမ်အခါခါ ဆုတောင်းရတာ အမော။

ဒီနေ့ဒီအချိန်အခါမှာ ဒီမြို့ ကြီးမှာ မှီတင်းနေထိုင်ခွင့်ရသော ကျုပ်တို့မြို့ သူမြို့ သားတွေရဲ့  ကုသိုလ်ကံမျိုးကို ကမ္ဘာအရပ်ရပ်နဲ့ ရွှေပြည်တဝှမ်းကလူတွေ အားကျကြလိုချင်နေကြမှာ၊ ဒီမြို့ ကို ပြောင်းရွှေ့ နေချင်ကြမှာ — ကြည့်လေ … နှစ်ဆယ့်တစ်ရာစုရောက်ခဲ့ပေမယ့် မိုးရွာရေမြုပ် လကမ္ဘာချိုင့်ခွက်လမ်းတွေ၊ စုတ်ပျက်ညစ်ပေနေသော စာသင်ကျောင်းတွေနဲ့ ပြည့်နှက်နေတဲ့ ကျုပ်တို့မြို့ ကြီးမှာ အမျှော်အမြင် ကြီးမားလှတဲ့ မျက်နှာအိုးမဲသုတ် ခွပ်နေကြတဲ့ ခွပ်ဒေါင်းနှစ်ဖွဲ့ရဲ့  အစွမ်းအစနဲ့ ကျုပ်တို့ မြို့ သူမြို့ သားတွေကို ကြည့်ရှုစောင့်ရှောက်ဖို့၊ မြို့ သူမြို့ သားတွေ ကိုးကွယ်ဖို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုကြီးနှစ်ရုပ်ကို တချိန်တည်း တပြိုင်တည်း တနေရာတည်းမှာ ရရှိကြတာ နည်းတဲ့ကုသိုလ်ကံကြောင့် မဟုတ်ပေလော။

အဲ့ဂလောက် ဒီမြို့ သူမြို့ သားတွေ ကုသိုလ်ကံထူးပုံများ ပြောကိုမပြောချင်တော့ဘူး (ဒေါ်မြလေး လေသံနဲ့) Buy One Get One Free ဆိုသလို တစ်ခုဝယ် တစ်ခု အလကားရ (အဂယ်တော့ ဘယ်သူမှမဝယ်၊ အားမပေး) ဖြစ်နေပေါ့။

ဘယ်ဂလိုပဲဖြစ်ဖြစ် ဘုမသိဘမသိ ကျုပ်တို့မြို့ သူမြို့ သားတွေ ဘယ်ဂလောက် ဂုဏ်ယူဝမ်းမြောက် ပျော်လိုက်ကြသလဲဆို မအိပ်နိုင် မစားနိုင် ဖွင့်ပွဲနေ့ကြီးကို လက်ချိုးရေ စောင့်နေကြပေါ့ (ဇူလိုင်လ (၁၉) ရက် အာဇာနည်နေ့မှာ နှစ်ရုပ်လုံးကို အရှုပ်တွေက တပြိုင်တည်း ဖွင့်သွားမယ်တဲ့)။ တချို့ တွေဆို အဲဒီနေ့မှာ ဆိုသီဖို့ “ငါတို့ ဗိုလ်ချုပ်နိုင်နိုင် ကြေးပိသာချိန် သုံးရာပိုင်၊ သူတို့ဗိုလ်ချုပ်ရှုံးရှုံး ကြေးပိသာချိန် နှစ်ရာ့ခုနှစ်ဆယ်ဆုံး” စသဖြင့် လေ့ကျင့်ဟစ်ကြွေးနေလေပေါ့။

ကျုပ်တို့ မြို့ သားတွေ ကံထူးချက်က ပြောမကုန် – “လမ်းတခြမ်းခင်း အဘ” လွန်ခေတ်မှာ ငါ့လှေငါထိုး ခေါင်းဆောင်ကြီးတွေ အပြိုင်အဆိုင် ပေါ်ထွန်းလာပြီး သူတို့တွေရဲ့  မဆုတ်မရွံ၊ အလျှော့မပေး၊ စိန်ကျောက် သံမဏီထက် ခိုင်မာသော စိတ်ကြီးကြီးတွေနဲ့ အခုလို သူနိုင်ကိုယ်နိုင် ရှက်ကြောပြတ် ခွပ်ကြပြီးသကာလ၊ ဘယ်ကမ္ဘာ ဘယ်ဂြိုဟ်မှာမှ မရှိသေးတဲ့ နှစ်ကိုယ်ခွဲ ဗိုလ်ချုပ်ရှိတဲ့ ပန်းခြံမြို့ အဖြစ် ကမ္ဘာ့အလယ်မှာ ကျုပ်တို့တွေ ဂုဏ်ဝါတင့်ရတော့မည်။

အဂယ်ပါ … ကျုပ်ကတော့ ဗိုလ်ချုပ်ကိုယ်စား အလုပ်မရှိ အလုပ်ရှာ ကြောင်ရေချိုး .. အဲ အရုပ်ထုကြတဲ့ ရဲရဲတောက် ခေါင်းဆောင်ကြီးများအား — ဒီနေ့အထိ ပန်းမရှိအပင်မရှိတဲ့ လူသူမရောက်တဲ့ ပန်းခြံကြီးထဲမှာ ဗိုလ်ချုပ်ကို တစ်ယောက်တည်း ငေါင်တောင်တောင် အူကြောင်ကြောင် မထားလိုလို့ အခုလို အတွဲနဲ့ထားပေးတာ ကျေးဇူးတင်စရာပါ။

ညပိုင်းဆို နှစ်ယောက်သား “ငါက မင်းနဲ့ ပိုတူတယ်၊ မင်းက ငါနဲ့ ပိုတူတယ်” ဆိုကာ သူ (ဗိုလ်ချုပ်) မှာကြားခဲ့သလို စည်းလုံးမှုညီညွှတ်မှု နတ္တိ – ဥကွဲသိုက်ဖျက်နေကြတဲ့ သကောင့်သား လေးစားကြည်ညိုလို့ ရုပ်ထုတည်း ကိုးကွယ်သယောင်နဲ့ ကိုယ်ကျိုးစီးပွားရှာ နာမည်ရဖို့ လုပ်ကြတဲ့ အရုပ်ထုကြတဲ့ အရှုပ်တွေကို ဆူပူကြိမ်းမောင်းနေမှာ – မယုံရင် ညဥ့်နက်ပိုင်းမှာ သွားကြည့်၊ နားထောင်ကြည့် “လူထုညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်တာ ကျနော် မလိုချင်ပါဘူး။ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီ ညီညွတ်ရေး နှစ်ခုမရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း၊ ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ဖာသယ် တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျနော် ပြောချင်တယ်” ဆိုတဲ့ မိန့်ဆိုသံမျိုးကို ကြားရလိမ့်မယ်။

ကဲ ရှိစေတော့ အတိုင်းထက်အလွန် ဝမ်းသာလွန်လို့ အိပ်မပျော်တဲ့ ကျုပ်အဖို့ ဖားအော်လို့ မိုးရွာတာလား၊ မိုးရွာလို့ ဖားအော်တာလားဆိုတာကို နဖူးပေါ်လက်တင် တွေးနေမိပြီး — ဒီရက်အတွင်း မိုးတွေကလည်း ရွာလိုက်တာ တဝုန်းဝုန်း၊ တဒိုင်းဒိုင်း — ဒီမိုးဒီလေနဲ့ ဒီအရပ်မှာ ပေါလိုက်တဲ့ ဖားတွေ သံကုန်ဟစ် အလုအယက် ဖားသီချင်းတွေ ဆိုနေကြတော့ … ကျုပ်တယောက် ဒီညလည်း အိပ်ပျော်မယ် မထင်ဘူး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts