အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း) အတွေးအမြင်

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) – အနန္တစကြာဝဠာတို့ ပြိုလဲခန်း

 

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) – အနန္တစကြာဝဠာတို့ ပြိုလဲခန်း
(မိုးမခ) ဇူလိုင် ၁၊ ၂၀၁၇

အမိမြေမှာ လူတိုင်းရဲ့ ပါးစပ်ဖျားက ဓမ္မရတနာဟု တစာစာအော်နေသော်လည်း ထိုရတနာကို အမှန်တကယ် လေးလေးနက်နက် ပန်ဆင်ခြင်း ရှိ မရှိက သိပ်မသေချာ။ ကျမ်းဂန်ကြီးငယ် အသွယ်သွယ်ကို အကိုးအကားမပြသော်လည်း လူသားတို့အထဲ လူသားဆန်စွာ နေထိုင်းရင်း ကိုယ်တွေပြောပြောနေသောရတနာကို သူတို့က တကယ်ပန်ဆင်ထားကြသည်ကိုတော့ သတိပြုမိလိုက်သည်။

ဤကား ကုလသမဂ္ဂ ရုံးအတွင်း အလည်ရောက်ပြီး ရုံးအတွင်းလှည့်လည် ကြည့်ရှုခွင့်ရခဲ့စဉ် ရင်ထဲဝင်လာသော အတွေးပင် ဖြစ်သည်။ ထိုအတွေး စတင်မိခြင်းနှင့်အတူ အမိမြန်မာပြည်က လက်ရှိအခြေနေဆီ ရောက်ရှိပုံကို ဆက်စပ်ကြည့်ဖို့ ဖြစ်လာပါသည်။

ဗုဒ္ဓဘာသာထွန်းကားသော အမိမြန်ပြည်ဟု ဂုဏ်ယူခဲ့သောမိမိတို့ အမျိုးသားအတွက် ဒီကုလသမဂ္ဂ နာမည်နှင့် အဆောက်အဦးကြီးသည်လည်း မြန်မာမှန်လျှင် ဂုဏ်ယူရသော နေရာတနေရာ ဖြစ်နေပါသည်။ အားလုံး သိရှိပြီးသည့်အတိုင်း ကုလသမဂ္ဂဟုဆိုလိုက်လျှင် မြန်မာဦးသန့်ကို ပြေးမြင်မိကြမည်မှာ မလွဲ။ ထိုဦးသန့်သည် ကုလသမဂ္ဂသမိုင်းမှာ အရေးကြီးဆုံးသော သမိုင်းမှတ်တိုင်များကို စိုက်ပေးထားခဲ့သည်မှာ ကမ္ဘာအသိပင် ဖြစ်သည်။

သူ့နေ့စဉ်ဘဝထဲ အကျင့်အကြံအနေအထိုင်အားလုံးကို ဗုဒ္ဓအဆုံးအမအတိုင်း နေထိုင်ခဲ့သည်။ သူ့လိုအဆင့်မြင့် ရာထူးဂုဏ်ထူး ရှိသည့် အသိုင်းအဝိုင်းက ဧည့်ခံပွဲစသည့် အခမ်းအနားကြီးတွေမှာ ပါလေ့ပါထရှိသည့် သူရာပါနကိစ္စသည်ပင် ဦးသန့်အတွက် အကင်းရှင်းဆုံးသောကိစ္စ ဖြစ်သည် ဟုဆိုသည်။ သူ့ရဲ့နေ့စဉ်ဘဝကို ဗုဒ္ဓအဆုံးအမအတိုင်း နေထိုင်ခဲ့သလို သူရဲ့အတွင်းသဏ္ဍဍာန်စိတ် နေစိတ်ထားကိုလည်း ဗုဒ္ဓအဆုံးအမအတိုင်း ဆောက်တည်ခဲ့၍ ဤမျှလောက်ခမ်းနားကြီးကျယ်သော အောင်မြင်မှုကို ရခဲ့သည် ဆိုက မမှားပေ။ တလောကလုံးအကျိုး ထမ်းရွက်ချင်သူအတွက် တလောကလုံးအတွက် ရည်ရွယ် တည်ဆောက်ခဲ့သော ဓမ္မလမ်းကြောင်းက ပို၍တည့်မတ်စေခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂ အဆောက်အဦးအတွင်းမှ တနေရာအရောက်တွင် တွေ့မြင်ရသော မြင်ကွင်းက တွေးလက်စအတွေး ကို ပို၍ သေချာသော အမြင်တခုဆီသို့ ပို့ဆောင်လိုက်ပြန်သည်။

လူ့အခွင့်အရေးကြေငြာစာတန်း ။ ဒီပြကွက်အရောက် လူသားကမ္ဘာအတွက် ရည်ရွယ်ဖွဲ့ထားသောအဖွဲ့အစည်းဆိုတာပို၍သေချာအောင် သက်သေပြသလို ရှိနေသည်။
ယနေ့ကမ္ဘာတခုလုံးက ခေတ်စနစ်ဆိုးခြင်း ကောင်းခြင်းကို တခြားအရာတို့ထက် လူ့အခွင့်ရေး ပေတန်နှင့်သာ တိုင်းတာကြခြင်းကပင် ဤကြေငြာစာတန်းပါ အချက်အလက်တို့က အဘယ်မျှအရေးပါ အရာ ရောက် နေသည်ကို သိရှိနှိုင်ပြန်သည်။

လူတိုင်းသည် တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့် လည်းကောင်း၊ မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သောဉာဏ်နှင့် ကျင့်ဝတ် သိတတ် သော စိတ်တို့ ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏။

ဤအနက်သဘောပါစာတန်းကိုတွေ့မြင်မြင်ခြင်း ဒီသဘောတရားတွေ ငါတို့လူမျိုးဆီမှာ ပြည့်ဝနေပြီးသား။ ဗုဒ္ဓ အဆုံးအမက နှစ်ပေါင်းများစွာစော၍ ညွှန်းပြထားပြီးသားတွေဖြစ်နေပါလားဟု စိတ်ထဲ ကြည်နူးမိခဲ့ပြန်သည်။ လူအတန်း အစား မချန်ခဲ့သောစကား ၊ဘာလူမျိုးဖြစ်လို့ ဘယ်ဘာသာကိုးကွယ်လို့ ကျန်လပ်ခဲ့ခြင်းမရှိစေရ ဆိုသော စကား။ ဒီစကားတွေကပင် ဗုဒ္ဓစာပေလာ အပ္ပမညာဆိုသော စကားကို လက်တွေ့ဆောင်ရွက်နေခြင်းဟုမြင်လိုက်မိသည်။

လူဆိုးလူကောင်းဆိုသည်မှာ လူ့အဖွဲ့အစည်းတိုင်းတွင် ရှိတတ်ကြသော်လည်း အများစု လွှမ်းခြုံသည်ကို ကြည့်၍ ဒီနိုင်ငံမှာ တိရစ္ဆာန်တွေသည်ပင် မေတ္တာ၏ အသီးအပွင့်ကိုခံစားနေရပါလားဟု တွေးလိုက်မိပြန်သည်။

တကယ်က လူ့အခွင့်အရေးဆိုသည်မှာ မေတ္တာတရားကို အကန့်အသန့်မထား လူသားတို့အပေါ် ကျင့်ဆောင် နေခြင်းဆိုတာကို တပိုဒ်စီဖတ်ကြည့်လေ တွေ့ရလေဖြစ်နေတော့သည်။ လူ့အခွင့်အရေးကို ဆန့်ကျင်သူဆိုတာ မေတ္တာတရားကိုဆန့်ကျင်သူသာဖြစ်သည်ဆိုသော ကောက်ချက်ကိုချ၍ ရပြန်သည်။
ဒီနိုင်ငံရောက်စက သမင်လေးများ အိမ်ဘေးမှာ လာရောက်စားသောက်နေကြသည်ကို အထူးအဆန်းလို ငေးကြည့်နေမိသည်။ သမင်လေးတွေကိုယ်တိုင်က သူတို့ကို ဘယ်သူကမှ အန္တရာယ်မပေးဆိုတာကို သိပြီးဖြစ် နေတော့ နေထိုင်လှုပ်ရှား သွားလာရာတွင် ပေါ့ပါး စိတ်အေးစွာ သွားလာနေကြခြင်းဖြစ်သည်။ တဖက်ရေကန်မှ ကားလမ်းကို စီတန်း ဖြတ်ကူးနေသော ဝမ်းဘဲမိသားစု အတန်းကို ကားတွေရပ်၍ လမ်းဖြတ်ကူး၍ပြီးဆုံးသည်အထိ စောင့်ပေးသောမြင်ကွင်းကို မြန်မာပြည်လိုနေရာမျိုးမှာ မြင်တွေ့နှိုင်မည်မဟုတ်။ အကြောက်တရားကင်းကင်း အသက်ရှင်သန်ခွင့်ကို တိရစ္ဆာန်တွေပင် အပြည့်အဝ ရနေခြင်းကိုမြင်တွေ့ရခိုက် သူတို့တွေ မေတ္တာကို အလုပ်နှင့် သက်သေ ပြနေကြခြင်းကိုတွေ့ကြရမည်ဖြစ်သည်။

တလောက အီဘိုလာရောဂါ နာမည်ကြီးနေချိန်တွင်ဖြစ်သည်။ ထိုလူနာများကို ဘယ်သူမှမတို့ထိရဲကြ။ ထိသူ လည်း ချက်ခြင်းရောဂါရမည်။ အကုရခက်သောထိုရောဂါအတွက် အသက်အသေခံ သွားရောက် ဆောင်ရွက် ပေးကြသူများမှာ ဒီနိုင်ငံသားဆရာဝန်များပင် ဖြစ်နေသည်။ ကရုဏာဟု ပြောရမည်ဖြစ်သော်လည်း မေတ္တာ သဘောလည်းပါဝင်နေပေသည်။ သူတို့တွေ တချို့ဆို အသက်ပါပေး သွားကြသည်။ မေတ္တာသည် အတ္တကိစ္စ မဟုတ်။ ပရကိစ္စဖြစ်သည်။မေတ္တာကို ဟိတာကာရ ပဝတ္တိလက္ခဏာဟု ဖွင့်ဆိုထားသည်။ သတ္တဝါတို့၏ အကျိုး စီးပွား လိုလားသော အကျိုးအခြင်းရာဟု အရကောက်လို့ရပါသည်။ ကမ္ဘာကြီး ဘယ်လို နေရာမှာဖြစ်စေ ဘေး အန္တရာယ် တခု ကျရောက်လာပြီဆိုလျှင် လူသားတို့အတွက် လူသားစိတ်အပြည့်ဖြင့် ချက်ခြင်းရောက် အောင် သွားတတ်ကြ ပြန်သည်။

ကိုယ့်နိုင်ငံမဟုတ် ကိုယ့်မြေမှာမဟုတ် တခြားရေခြားမြေခြား က လူသား တွေ လူအခွင့် ရေး ချိုးဖောက်ခံ နေရသည်ဟု ကြားသိက ချက်ခြင်း ကိုယ့်ဆွေမျိုးတယောက် ဒုက္ခရောက်သလိုမျိုး ပူပန်ကြ ပြန် သည်။ လူကိုလူလို မြင်သော စိတ်ဓာတ်ဖြစ်သည်။ သူတို့သည် ဗုဒ္ဓဘာသာဝင် များ မဟုတ်ကြ။ သို့သော် လည်း ဗုဒ္ဓဖြစ်စေချင်သော မေတ္တာထားနည်းကိုသူတို့ ကျင့်သုံးနေကြသည် ။ ထို့ကြောင့် မေတ္တာစိတ် ထား မေတ္တာဝါဒ သည် ကမ္ဘာ့လူသား ဝါဒ ကမ္ဘာလုံးဆိုင်ရာဝါဒ ဖြစ်၍ နေပေသည်။

အမိမြန်မာပြည်ဘက်သို့ ငဲ့စောင်းကြည့်လိုက်သောအခါ အမျိုးသားရေး ဟူသောစကားလုံးကို ကျယ်ကျယ် လောင်လောင်ကြားနေရပေသည်။ အမျိုးသားရေးဝါဒ ခေတ်စားခဲ့သော ဒုတိယကမ္ဘာစစ် ကာလကို ပြန်မြင် ကြည့်က ထိုအမျိုးသားရေး ဝါဒသည် လူသားတို့အတွက် အကျိုး ဖြစ်မဖြစ် သိသာနေပါသည်။ တပါးသူကိုလည်း မထိခိုက်ပဲ ယောနိသော မနသိကာရ ထားပြီး ကိုယ့်အမျိုးသားတွေ၏ စားဝတ်နေရေး အတွက်ဆိုလျှင် ဖြေသာပါသေးသည်။ ယခုတော့ မေတ္တာကိုနယ်ပယ်ချုံ့လိုက်ပြီး တဖက်သားကို ရန်လိုတာတွေပင် ပါလာတာ တွေ့ရတော့ အပ္ပမညာ ဟူသော ဗုဒ္ဓစာပေလာ စကားလုံး၏အဓိပ္ပယ်ကို ပြန်ကောက်ကြည့်လိုက်လျှင် အမျိုးသားရေးဝါဒသည် အပ္ပမညာမဖြစ်တာ သေချာနေပါသည်။

အမျိုးသားရေး ဝါဒသည် လူမျိုးတမျိုးကို အကန့်ထားဆောင်ရွက်ခြင်းသာ ဖြစ်သည်။ မေတ္တာ ဆိုတာ အပ္ပမညာဖြစ်မှ ဗုဒ္ဓအလိုကျမေတ္တာအစစ်ဖြစ်ပါမည် ။အပ္ပမညာသည် အပ္ပမာဏမှ လာသော စကားဖြစ်သည်။ တိတိကျကျဆိုရလျှင် ဗုဒ္ဓကျင့်ခိုင်းသည့် မေတ္တာသည် ကမ္ဘာလုံးသဘောထက်ပင် သာပါသေးသည်။  စကြာဝဠာလုံးသဘောကိုဆောင်ပါသည်။ အနန္တ စကြာဝဠာ အနန္တသတ္တဝါဆိုသည်ကို မေတ္တာပို့ ရွတ်ဆိုနေကြသောမြန်မာများ ကြားသိယဉ်ပါးနေပြီးသားဖြစ်သည်။ သို့သော် ထိုနေရာတွင် အမျိုးသားရေး ဝါဒ ဝင်လာသောအခါ ကိုယ်တွေရွတ်ဆိုနေသော အနန္တ စကြာဝဠာ သဘောကနေ အဆင့်နိမ့်ကျသွားရ ပါတော့သည်။ ကမ္ဘာလုံးဆိုင်ရာ အဆင့်လောက် အထိ ကျဆင်းပါက လက်ခံနှိုင်စရာရှိပါသေးသည်။ မြန်မာပြည်မှ အမျိုးသားရေးကြွေးကြော်သံကို ဆန်းစစ်ကြည့်လိုက်တော့ မြန်မာပြည်ထဲမှာပင် ပြဿနာ ရှိနေသည်။

တိုင်းရင်း သားများ၏ အသံကို နားထောင်ကြည့်ပါ။ သူတို့စိတ်မချမ်းမြေ့ဖွယ်ရာ ဆိုစကားများက သူတို့ရင်တွင်း ဘယ်လို ရှိသည်ကို ပြနေပါသည်။ မြန်မာလူမျိုးတွေက သူတို့ကို ခွဲခြားချန်ထားခဲ့သည် ဟူသော အတွေးကိုဝင်စေမည် ဖြစ်သော မြန်မာဗုဒ္ဓဘာသာ အများ၏အသံဖြစ်နေသောကြောင့် ပင် ။

ဗုဒ္ဓဘာသာ၏ အဆင့်မြင့်ကျင့်စဉ်ဖြစ်သည့် ဘာဝနာ အဆင့်ကို ကျင့်မည့်သူတိုင်း သီလဟူသော အဆင့်မှ စတင်ရ ပါသည်။ သီလသည် မေတ္တာကို ကာယကံမြောက်ကျင့်လိုက်ခြင်းပင်ဖြစ်သည်။ မေတ္တာတရားကို စကြာဝဠာတခုလုံးအထိလွှမ်းခြုံဖို့ ဗုဒ္ဓဘာသာက သင်ကြားချက်ရှိသော်လည်း အမျိုးသားရေး အစွန်းရောက်သမားများက ကိုယ့်အမျိုးသားအရေးဟူသော အကန့်ကို ကန့်လိုက်သောအခါ ဘာသာမတူသူ နောက်လူမျိုးခြားတို့ သည် အမျိုးသားရေးသမားတို့ သတိထားရမည့် လူတန်းစားဖြစ်ကုန်ကြသည်။

နမူနာတခုကိုပြပါမည်။မြန်မာပြည်၏ မုဒိမ်းမှုခင်းများကိုကြည့်ပါက ကုလားကလည်း မုဒိမ်းမှုကိုကျူးလွန်သည်။ စစ်သားကလည်း မုဒိမ်းမှုကိကျူးလွန်သည်။ ဗမာဗမာ ချင်းလည်း ကျူးလွန်ကြသည်။ သို့သော် အမျိုးသားရေး သမားများက ကုလားမုဒိမ်းမှုကိုသာ ဇောင်းပေး ညာသံပေး လိုက်ကြသောအခါ သာမန်လူအများကြား ကုလား မုန်းတီးစိတ်တို့ တရိပ်ရိပ် တက်ကြရကုန်သည်။ မေတ္တာ၏ သဘော တရားထဲ အာဃာတ ဝိနယပစ္စုပဌာနာ ဟူသည် ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်တတ်သော သဘောတရားဟုဆိုသော်လည်း တမင် ရန်ငြိုး မဖွဲ့ဖွဲ့အောင် ဆောင်ရွက်ခြင်းသည် မေတ္တာကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေခြင်း တခုဟု ဆိုက မမှားပေ။ ကုလားရှိလျှင် မုဒိမ်းရှိ မယ်ဆိုသော ညာသံပေးလှုံ့ဆော်မှုသည် အမျိုးသားရေး အစွန်း ရောက်တို့ကြောင့် စကြာဝဠာလုံး သဘောကို ဆောင်မည့် မေတ္တာတို့ အသွင်ပျက်၍ ရန်ငြိုးဖွဲ့စရာကိုသာ စိတ်ထဲ ရှေးရှု ထားခဲ့ကြပြန်သည်။

နိဂုံးချုပ်အနေနှင့် ကောက်ချက်ချရသော် မေတ္တာတရားသည် သတ္တလောကတခုလုံးနှင့် ဆိုင်သော ကျင့်စဉ်တခု။ ထိုကျင့်စဉ်ကို ဗုဒ္ဓအဆုံးအမတွင် ကျကျနနပါပြီးဖြစ်သည်။ ကျင့်စဉ်အတိုင်းကျင့်က တလောကလုံး ငြိမ်းချမ်း နှိုင်မည်မှာ ဧကန်မုချဖြစ်သည်။ ကမ္ဘာ့ လူသားဝါဒသည် ဗုဒ္ဓ၏ မေတ္တာဝါဒထဲက အစိတ်အပိုင်းတခုသာ ဖြစ်သည် ။ မြန်မာပြည်တွင် လှုံ့ဆော်နေသော အမျိုးသားရေးဝါဒသည် ဗုဒ္ဓကျင့်စေလိုသောမေတ္တာကျင့်စဉ်ကို ဖျက်ဆီး ပြစ်ခြင်းသာဖြစ်နေသည်။ ထိုမေတ္တာတရား၏ အကန့်သန့်မဲ့ သဘောကိုဖျက်ဆီး မိကြသဖြင့် လူမျိုးတမျိုး ဘာသာတခု ဟူသော ဘောင်ကျဉ်းကျဉ်းလေးထဲ ကိုယ့်ဘာသာ ခုန်ဆင်းရင်း မငြိမ်းချမ်းသော လူမှုဘဝကို ဖန်တီးနေကြခြင်း ဖြစ်နေတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) – အနန္တစကြာဝဠာတို့ ပြိုလဲခန်း
  1. Dear sayadaw,
    Please do not think that people in the US are full of metta. There are hardships and discrimination everywhere

Comments are closed.