ခရီးသွား ဆောင်းပါး မောင်ရင်ငတေ

မောင်ရင်ငတေ ● ပင်လယ်မရှိသောမြေသို့ စာစု (၁) (ခရီးကြိုနိဒါန်း)

မောင်ရင်ငတေ ● ပင်လယ်မရှိသောမြေသို့  စာစု (၁) (ခရီးကြိုနိဒါန်း)
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၇

ဒန်ညု Danube (ဓါတ်ပုံ မရငတ)

Latin: Dānuvius:
Modern Languages Spoken in the Danube Basin all use Names related to Dānuvius:
German: Donau; Bavarian: Doana; Slovak: Dunaj; Hungarian: Duna; Croatian: Dunav; Serbian: Dunav/Дунав; Bulgarian: Дунав, Dunav; Romanian: Dunărea; Romani: Dunaja; Ukrainian: Дунай, Dunai;

ခရီးကြိုနိဒါန်းစိတ်ကူးစာစီ လကုန်သွားမယ့် ခရီးစဉ်တခုအကြောင်း စတင်ရေးပါမယ်။ သွားချင်တာကတော့ မြို့ပြဒေသ တွေထက် တောကျေးလက်တွေပါ။ ဒါပေမယ့်လည်း တောတွေတောင်တွေ သွားဖို့ အလှည့်မကျသေးလို့ ထင်ပါရဲ ဒီတခေါက်တော့ အရှေ သို့မဟုတ် အလယ် ဥရောပဘက်ကို ခြေဦး လှည့်ဖြစ်ပါမယ်။

မြို့ပြကွန်ကရစ်တောထဲသို့ စီးဝင်နစ်မျောခြင်းပေါ့၊ ရသလောက်တော့ မြစ်တွေချောင်းတွေနဲ့တော့ ထိတွေ့နိုင်ဖို့ ကြိုးစား ရမှာပါ။ အထူးသဖြင့် မောင်ရင်ငတေ ရောက်မယ့်မြို့တွေက နာမည်ကျော် ဒန်ညုမြစ်ကြီးဘေးမှာ တည်ရှိတာမို့ ဒန်ညုမြစ်ရဲ အလှကိုတော့ ခံစားခွင့်ရရှိလိမ့်မယ်လို့ မျှော်လင့်ခြင်းတွေ တခွဲသားနဲ့ သွားဖြစ်မယ့် ခရီးစဉ်တခုပါ။

တကယ်တမ်း သွားတဲ့အခါမှာတော့ မူလပထမ ကြိုတင်စိတ်ကူး ရေးဆွဲထားခဲ့တဲ့ လမ်းကြောင်းကနေ သွေဖီလို့ ဆန့်ကျင် ဘက် ရောက်သွားတတ်သလို တခါတရံမှာတော့ ကိုယ်မရောက်နိုင်ဖူးလို့ ထင်မြင်ထားတဲ့ နေရာတွေအထိ ရောက်သွားခဲ့ တာမျိုးတွေ ရှိခဲ့ဖူးလို့ ကြို၍ဘာတခုမှ ကံသေကံမ ပြောလို့မရ နိုင်တာကြောင့် ကြိုတင် မပြောချင်ပေမယ့် ရေးစရာလေး တွေတော့ ကြိုတင်ရေးဖြစ်ခဲ့ပါတယ်။

သွားဖို့ လာဖို့ တည်းဖို့ ခိုဖို့ လည်ဖို့ ပတ်ဖို့ ရောက်သင့်တဲ့နေရာတွေ မရောက်မဖြစ် ရောက်ရှိနိုင်ဖို့ကို နယ်မြေခံတွေရှိတဲ့နေရာမှာ နယ်မြေခံတွေနဲ့ ညှိနှိုင်းတိုင်ပင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်လကျော် ကာလထဲက စတင်မေးမြန်းဖတ်ရှု လေ့လာလှုပ်ရှားမှုတွေကို ပြု လုပ်ခဲ့ပါတယ်။ နယ်မြေဒေသခံတွေရဲ အထောက်အပံ့မရနိုင်တဲ့ လမ်းများအတွက်ကတော့ ကိုယ့်အားကိုယ်ကိုးပြီး ကြိုတင် လို့ အားစိုက်လို့ တတ်နိုင်သလောက် လမ်းကြောင်းရှာ လမ်းကြောင်းဆွဲရတာပေါ့၊ ကြိုတင်လမ်းကြောင်း ရှာခဲ့လို့ ရနိုင် တတ် တဲ့ အကျိုးကတော့ သူများတွေရဲ နှစ်ရက်ခရီးမှာ မောင်ရင်ငတေ့အတွက် တရက်နဲ့ရောက်နိုင်ခဲ့ ခြင်းတွေပါ။ ကိုယ်တွေ့တွေပါ။ အဲဒီ ကိုယ်တွေ့တွေကို ကိုယ်စားပြုပြီး ဒီစာတွေကို ရေးဖြစ်တာပါ။

 

Danube Cities (ဓါတ်ပုံ မရငတ)

အဲဒီလို လွန်ခဲ့တဲ့ နှစ်လဝန်းကျင်ခန့်က ခရီးအစပြု လက်မှတ် ဝယ်ယူခဲ့ပြီးနောက် ဆင်ဆာမရှိ ထုတ်ဝေသူမရှိ ဖြန့်ချိသူမရှိ မူပိုင်မရှိ ဖတ်ရှုသူ တယောက်နှစ်ယောက် အားကိုးနဲ့ မောင်ရင်ငတေရဲ မူပိုင် «ပင်လယ်မရှိတဲ့ လေးနိုင်ငံ» စာစု အတိုအစများ မကြာမီ နောက် သုံးလေးလတွင်း လာမည် မျှော် မျှော် မျှော် မျှော်ကြပါ။ ဆိုပြီးမောင်ရင်ငတေရဲ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှာ မိတ်ဆက်အမြည်းအဖြစ် ရေးတင်ခဲ့ပါတယ်။

အဲဒီလို သွားဖို့စီစဉ်ရင်း ဟိုဖတ်ဒီဖတ် ဟိုရှာဒီရှာ ရှာဖွေရင်း စာအမြည်းတွေရေးနေရင်းက ခေါင်းစဉ်တပ်ဖို့ ထုံးစံအတိုင်း စဉ်းစားခဲ့ရာမှာ ပထမဆုံးပေးမိတဲ့ခေါင်းစဉ်က «ပင်လယ်မရှိတဲ့ လေးနိုင်ငံ» မဟုတ်သေးပါဘူး။ ပထမဦး သွားမယ် ကြံ ရွယ်ဖြစ်တာက မောင်ရင်ငတေ့ထုံးစံ တြိဂံ မြို့သုံးမြို့ရွေးဖြစ်သွားတဲ့ တြိဂံမြို့သုံးမြို့က ဒန်ညုကမ်းနဘေးက မြို့တွေ ဖြစ်နေ လို့ခပ်လွယ်လွယ်ပါ   ဒန်ညုမြစ်ရိုးပေါ်မှ မြို့တော်များ အမည်ပေးလိုက်ပါတယ်။

ဂျာမဏီ Black Forest သစ်တောနက်မှာ မြစ်ဖျားခံ ရူမေနီးယားက Black Sea ပင်လယ်နက်ထဲသို့ စီးဝင်သွားတဲ့ ကီလိုမီတာ ၂၈၆၀ ကျော်ရှည်တဲ့ ဒန်ညုမြစ်ကြီးက ဥရောပဆယ်နိုင်ငံကို ဖြတ်သန်းစီးဆင်းသွားတဲ့ နိုင်ငံတကာမြစ်ကြီးတစင်းပါ။ ဒီကနေ့ ဥရောပ လေးနိုင်ငံရဲ မြို့တော်ကြီးလေးခုက ဒီ ဒန်ညုမြစ်ကမ်းနဘေးမှာ တည်ရှိပါတယ်။ အဲဒီလို ဒန်ညုမြစ်ရိုးဘေးမှာ တည် ရှိတဲ့ သမိုင်းဝင်မြို့ကြီး လေးမြို့အနက်က သုံးမြို့ကို မောင်ရင်ငတေ ရောက်မှာမို့ ** ဒန်ညုမြစ်ရိုးပေါ်မှ မြို့တော်များ ** * အမည်ကို စတင်စဉ်းစားမိပြီး လူအများစု နားလည်လွယ်မယ့် အမည်မို့ ပေးလိုက်ပါတယ်။

 

Danube Cities (ဓါတ်ပုံ မရငတ)

အဲဒီလို ဒန်ညုမြစ်ရိုးပေါ်မှ မြို့တော်များ* ဆိုပြီး ခေါင်းစဉ်ပေးထားတဲ့အတိုင်း မောင်ရင်ငတေသွားဖို့ ရည်ရွယ်ထားတာက သုံးမြို့တော်ပါ။ ဟိုယခင် ဆိုရှယ်လစ် ယူဂိုဆလားဗီးယား မြို့တော်ဖြစ်ခဲ့ဖူးတဲ့ ဒီကနေ့ ဆာဘီယားနိုင်ငံရဲ မြို့တော် Belgrade ဘဲလ်ဂရိတ်လို့ ခေါ်ကြပါတဲ့ Београд (Beograd) ဘယ်အိုဂရတ် မြို့တော်ကလွဲလို့  ဒန်ညုမြစ်ကမ်းပါးက မြို့ တော်သုံးခုကို သွားဖြစ်မှာပါ။

ကီလိုမီတာ သုံးထောင်နီးပါး ရှည်လျှားတဲ့ ဒန်ညုမြစ်ကမ်းပါးပေါ်မှာ မောင်ရင်ငတေတို့ လူသားတွေ လွန်ခဲ့တဲ့ နှစ်ထောင် ပေါင်းများစွာကတည်းက အုပ်စုဖွဲ့ အခြေချ မြို့ရွာတည်လို့ နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကနေ့ခေတ်မှာတော့ ဒန်ညု ဟာ နိုင်ငံပေါင်းဆယ်နိုင်ငံ ဖြတ်သန်းသွားတဲ့ နိုင်ငံတကာမြစ်ကြီး နယ်ခြားမြစ်ကြီးတမြစ် ဖြစ်လာပါတယ်။ ဂျာမဏီ သြစ တြီးယား ဆလိုဗားကီးယား ဟန်ဂေရီ ခရိုအေရှား  ဆာဘီယား ဘူဂေးရီးယား မောလ်ဒိုဗာ ယူကရိန်း ရိုမားနီးယား စုစုပေါင်း ဆယ်နိုင်ငံကို ဖြတ်သန်းစီးဆင်းသွားပြီး သြစတြီးယားမှာ ဗီယန်နာမြို့ ဆလိုဗားကီးယားမှာ ဘရာတီဆလာဗာမြို့ ဟန်ဂေ ရီမှာ ဘူဒါပက်မြို့ ဆာဘီယားနိုင်ငံ ဘယ်အိုဂရတ်ခေါ် ဘဲလ်ဂရိတ်မြို့တော်တွေက လက်ရှိ မြို့တော်ကြီးတွေအဖြစ် ရပ် တည်နေဆဲပါ။

 

Београд (Beograd) Danube Cities (Photo Google)

တကယ်ကတော့ အဲဒီလေးမြို့တော်စလုံးကို တပြိုင်နက် တခရီးတည်း သွားချင်တာပါ။ ဒါပေမယ့် အဲဒီ ဘယ်အိုဂရတ်ခေါ်တဲ့ မြို့တော်ကြီးဆီသို့ပါ တပါးတည်း သွားချင်ပေမယ့်လည်း ဥရောပ ရှန်ဂန် ဗီဇာဧရိယာ အပြင်ရောက်နေတဲ့ ဆာဘီယားနိုင်ငံ တော်ရဲအခြေအနေက အဘက်ဘက်မှာ ကောင်းလှပါတယ် ပြောမရပါဘူး။ ဒါကြောင့် ဘယ်အိုဂရတ် မြို့တော်ကြီးကို ချန်ထားခဲ့ပြီး ကျန်သုံးမြို့တော်ကိုသာ အရောက်သွားဖို့တာစူ၍ စီစဉ်လိုက်ရခြင်းပါ။ အကယ်၍များသာ အဲဒီလို ဆာဘီးယန်းတွေရဲမြို့တော်ကြီးကို သွားခွင့်ရပါက «ပင်လယ်မရှိတဲ့ ငါးနိုင်ငံ» အဖြစ် ခေါင်းစဉ်ပြောင်း တပ်ရတော့မှာပါ။ သူလည်း ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်နေတာကိုး၊ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲလေ၊ မောင်ရင်ငတေ့ အဖိုးဘုန်းကြီး အိမ်နံရံ ပေါ်မှာရေးသွားတဲ့ ငြိမ်းချမ်းသာယာဝပြောရာ စစ်မဲ့ဤကမ္ဘာဆိုတဲ့စာသားကို မြင်ယောင်မိရင်း ငြိမ်းချမ်းသာယာဝပြောစွာ နယ်စပ်ဖြတ်ကျော် ခရီးတွေသွားချင်တဲ့ မောင်ရင်ငတေ့ အတွက် စစ်ပွဲတွေမရှိအောင် ဆုတွေတောင်းရုံမှတပါး အခြားမရှိပါ ခင်ဗျာ။

မောင်ရင်ငတေ ရောက်ရှိမယ့် အဲဒီဒန်ညုမြစ်ရိုးရဲ အလှအပတွေက မြို့ပြဆန်တဲ့ ကမ်းပါးအလှတွေ ဖြစ်ကုန်ပါပြီ၊ တကယ့်တကယ် ဒန်ညုမြစ်ရိုးရဲ အလှပဆုံးသောနေရာတွေက မြစ်အကြေဒေသတွေ ဖြစ်တဲ့ ဆာဘီယားရဲ အလွန်က ဘူဂေးရီးယား မောလ်ဒိုဗာ ယူကရိန်း ရိုမားနီးယား နယ်စပ်တွေကို ဖြတ်သန်း စီးဆင်းသွားရာ တောင်ကုန်းတောင်တန်း တွေကြားမှာ ရှိတာပါ။

 

Passau Danube Cities (Photo Google)

မြစ်ဖျားခံခဲ့ရာ ဂျာမဏီ အနောက်ခြမ်း သစ်တောနက်ကနေ အရှေဖျားစွန်း သြစတြီးယားနယ်စပ်မြို့ Passau အထိ အေးအေးဆေးဆေး ငြိမ့်ညောင်းသာယာစွာစီးဆင်းလာတဲ့ ဒန်ညုမြစ်ရေအလျှင်ဟာ သြစတြီးယန်း အဲလ်တောင်တန်းတွေကြားအရောက်မှာတော့ ရေစီးနှုန်းက နှစ်ဆမျှမက လျှင်မြန်စွာ စီးဆင်းလာပါတယ်တဲ့၊ ဆလိုဗားကီးယား ဟန်ဂေရီ ခရိုအေ ရှား ဆာဘီယား နယ်မြေတွင်းမှာတော့ ဒန်ညုက ပိုမိုလျှင်မြန်စွာ စီးဆင်းလာပေမယ့် ဆာဘီယားနဲ့ ရိုမားနီးယားနယ်စပ် အရောက်မှာတော့ စတင်ပြီး မတ်စောက်တဲ့တောင်ကမ်းပါးကြီးတွေကြားမှာ ပိုမိုလှပစွာဖြတ်သန်း၍ စီးဆင်းပါတယ်တဲ့။

နာမည်ကျော် Porțile de Fier (Iron Gates) တည်ရှိရာ ဒေသပါ။ အဲဒီကို မောင်ရင်ငတေ မရောက်ဖူးသေးပါဘူး။ လက် တွေ့တကယ် မရောက်ဖူးသေးရင် မောင်ရင်ငတေ့အမြင် ထည့်ရေးမရလို့ မရေး ချင်ပေမယ့်လည်း မောင်ရင်ငတေ အတိုအစ တို့ရေးခဲ့ဖူးတဲ့ စိတ်ကူးအိပ်မက် ခရီးစဉ်တွေထဲကတခုဖြစ်တဲ့ ဒန်ညု သို့မဟုတ် ဥရောပရဲ မြစ်မင်းမဟာ-သစ်တောနက်မှ ပင် လယ်နက်ဆီသို့ ကီလိုမီတာ သုံးထောင်ခရီးကို မော်တော်တစီးနဲ့ စုန်ဆန်လို့ သွားချင်မိရပါကြောင်း စာသားလေးကိုတော့ ထည့် ရေးလိုက်ပါတယ်။ ဥရောပတိုက်သား ခရီးသွားတွေရဲ ဇိမ်ခံသွားတဲ့ ခရီးတွေကော ဇိမ်မခံဘဲသွားတဲ့ ခရီးတွေ ဒန် ညုမြစ်အကြောင်း ဖွဲ့နွဲထားတာတွေက ဒန်ညုမြစ်နဲ့ အပြိုင် ရှည်လျှားလှစွာ ရှိပြီးနေပါပြီ၊ အခုမှ မဟုတ်ပါဘူး ဟိုးယခင် ခေတ်တွေထဲမှပါ။ ဒီကနေ့မှာတော့ ကောင်းကင်ပေါ်ကနေ ရိုက်ကူးခဲ့ကြတဲ့ ဒန်ညုအကြောင်း ဗီဒီယိုကလစ်တွေလည်း မနည်းမနော တွေ့ရှိနိုင်ပါတယ်။

 

 Air France (ဓါတ်ပုံ မရငတ)

အဲဒီလိုနဲ့ အသွား ဦးတည်ရာဖြစ်တဲ့ ဟန်ဂေရီ မြို့တော် ဘူဒါပက်ကို အဲယားဖရန့် လက်မှတ် ဝယ်ဖြစ်ပါတယ်။ Air France ကိုရွေးချယ်ဖြစ်ခဲ့တာက မောင်ရင်ငတေသွားချင်တဲ့ အချိန်နဲ့အကိုက်ဖြစ်သလို ဈေးက အသက်သာဆုံး ဖြစ်နေလို့ရယ် ပြင်သစ်ရောက်ပြီး ၁၆ နှစ်အတွင်းမှာ တခါဖူးမျှ မစီးဘူးသေးလို့ရယ် ရွေးဖြစ်ခဲ့တာပါ။ ဘတ်ဂျက်အဲယားလိုင်း အီးဇီးဂျက်က ပိုဈေးကြီးနေတာကြောင့်လည်း ပါပါတယ်။

အဲဒီ ဗြိတိသျှ EasyJet အီးဇီးဂျက်အဲယားလိုင်းဟာ ရုရှားရဲ Aeroflot အဲရိုဖလုတ်တို့ တရုတ်ကြီးရဲ China Airlines တို့လို အချိန်နောက်ကျမှု ပစ္စည်းတွေ အိတ်တွေ ကျန်ရစ်ခဲ့မှုမှာ နာမည်ကြီးလွန်းလို့ မောင်ရင်ငတေ သုံးလေ့သုံးထ မရှိပါဘူး။ ဈေးနှုန်းသက်သာမှုမှာ နာမည်ကျော်ပါတဲ့ အိုင်ယာလန်က Ryanair ကတော့ သူသုံးတဲ့ အဆင်းအတက်လေဆိပ်က ပါရီတော့ ပါရီ၊ ဒါပေမယ့် ကီလိုမီတာ ၇၀ ကျော်ဝေးတဲ့ ပါရီဖြစ်နေတာမို့ မောင်ရင်ငတေ လုံးဝမသုံးဖြစ်သေးပါဘူး။ အဲယား ဖရန့်ကိုလည်း ဈေး သက်သာလို့ စီးဖူးချင်လို့သာ သုံးဖြစ်ပေမယ့် မကြာခဏ ဆန္ဒပြလေ့ရှိတဲ့ အဖွဲ့ကြီးမို့လို့ ခပ်ကြောက် ကြောက်နဲ့သာ ရွေးချယ်ဝယ်ယူဖြစ်ခဲ့တာပါ။ သူတို့ ဆန္ဒပြတာကို မောင်ရင်ငတေ အမြဲထောက်ခံခဲ့ပါ တယ်။ ဒါပေမယ့် မောင်ရင်ငတေ့ခရီးစဉ်က ဟိုသမ္မတကြီးတွေရဲခရီးစဉ်တွေလို ဆန္ဒပြလို့ ရွှေဆိုင်း ထားလို့ မရတဲ့ ဖရီးခရီး မဟုတ်တဲ့ ကိုယ်ပိုင် ဘတ်ဂျက်နဲ့ သွားရပါတဲ့ ချွေတာရေး ခရီးစဉ်တွေလေ၊ ခရီးစဉ် တနေရာရာမှာ အထစ်အငေါ့ ဖြစ်ခဲ့ရင် တောက်လျှောက် ထိခိုက်နိုင်တာမို့ပါ။


အင်တာနက်ခေတ်မှာ ဂူဂဲလ်မြေပုံပေါ် ပါရီ ရှားလ်ဒဂိုးရ် လေဆိပ်ကို ရိုက်ထည့်လိုက်တာနဲ့ ပေါ်လာပါတဲ့ မောင်ရင်ငတေရဲ အသွားခရီးစဉ်အကြောင်း Paris-Charles De Gaulle (CDG)

 

Danube River Cruise (ဓါတ်ပုံ မရငတ)

အဲဒီလို အဲဒီလိုနဲ့ ကိုယ်တတ်နိုင်သမျှ ရောက်နိုင်သမျှသော နေရာလေးတွေကို သွားချင်လွန်းလို့သာ ရှိသမျှ အသပြာ ကြေးပြားစလေး အနည်းငယ်နဲ့ ချိုချန်ချွေတာ ခရီးသွားရတာ ဖြစ်လို့ သူများတကာလို VIP Deluxe Danube River GOLF Cruise တွေ Melodies of The Blue Danube River Cruise တွေ၊ အစရှိတဲ့ ဒန်ညုမြစ်ရိုးတလျှောက် ရေစုန်ရေဆန်စီးရင်းနဲ့ ရှန်ပိန်လေး သောက်လိုက် ဂေါက်ကလေးရိုက်လိုက် ဇရက်မင်းစည်းစိမ်ယစ် သွားရတာမျိုးတော့ မဟုတ်ရပါဘူး။ တနေရာ တနေရာကို သုတ်သုတ်လေးသွား သုတ်သုတ်လေးကြည့် သုတ်သုတ်လေးနဲ့ ပြန်ရတာမျိုး ပါ။ တခါတခါများ ရွှေပြည်ကြီးက ပညာရှိမင်းကြီး တယောက်ရဲ ထမင်းတနပ်လျှော့စား စကားလေး နားထောင်ပြီးသွားရတာမျိုးတွေ ရှိတတ်ပါတယ်။ ဘီယာတဗူး အာလူးကြော်တထုပ်နဲ့ ပြီးခဲ့တာမျိုးပါ။

ဘူဒါပက်ကနေ ခရီးဆက်မယ့် မြို့ကိုရွေးတော့ သြစတြီးယားရဲမြို့တော်ကို အရင်မသွားဖြစ်တော့ပါ ဘဲနဲ့ ဆလိုဗားကီးယားရဲ မြို့တော် ဘရာတီဆလာဗာကို ကားနဲ့ ခရီးဆက်ဖို့ လက်မှတ်ဝယ်လိုက်ပါ တယ်။ ဘရာတီဆလာဗာနဲ့ သြစတြီးယားမြို့တော် ဗီယန်နာက တနာရီခန့် ခရီးသာမို့လို့ ရထားတွေ ကားတွေ ပေါတာကြောင့် နောက်မှဝယ်ဖို့ စဉ်းစားပြီး ဗီယန်နာကနေ ဘယ်ကို ဆက်မလဲ ပြန်မလား အေးဆေးနားနားနေနေလေး ဗီယန်နာမှာဆက်နေပြီး လည်ပတ်မလား၊ တရက်နှစ်ရက် အချိန်ယူပြီး စဉ်းစားနေမိပါတယ်။ ဗီယန်နာ တည်းခိုခတွေကို ကြည့်လိုက်တော့ ဈေးက ယူရို ငါးဆယ်ကျော်တွေ မို့လို့ မောင်ရင်ငတေ့ရဲ ဘတ်ဂျက်နှုန်းထားအရ ဈေးမြင့်တယ်လို့ ပြောရမှာပါ။ ကျားကျားမမ အများ စုပေါင်းစပ်ပေါင်းအိပ်ကြရတဲ့ အခန်းမျိုးက ဈေးသက်သာပေမယ့် မောင်ရင်ငတေ့ရဲ စရိုက်နဲ့မကိုက် ညီတာကြောင့် စဉ်းစား စီစဉ်တဲ့အထဲ မထည့်ပါဘူး။ ဗီယန်နာမှာ လေးငါးညဆိုရင် တည်းခိုစရိတ်က ထောင်းမှဖြစ်တာကြောင့် အလကားဖရီးတည်းလို့ရမယ့် ပါရီအပြန်လမ်း ကြောင်းပေါ်က တနေရာကို သွားမလား ရှာကြည့်တော့ ပရာဟာက ရှေဆုံးမှာ ပေါ်လာပါတယ်။ ဒါပေမယ့် ချက်နိုင်ငံရဲမြို့တော် ပရပ်ဂ် ခေါ် ပရာဟာက မောင်ရင်ငတေ နှစ်ခေါက်တိတိရောက်ဖူးပြီးသားဆိုတော့ သိပ်ပြီးအာသီသ မရှိလှပါဘူး။ ဒါပေမယ့် ပရာဟာမှာ နေထိုင်နေတဲ့ မောင်ရင်ငတေရဲ မိတ်ဆွေ ထီလာသား မိသားစုကလည်း ဖိတ်ခေါ်နေလို့ တွေ့ချင်မိတာကြောင့် ပရာဟာကိုသာ သွားဖို့ ရည်ရွယ်မိရပါတော့တယ်။

 

Landlocked Countries (Photo Google)

အဲလို ပထမဦးဆုံး သွားဖို့စီစဉ်ရာမှာပါဝင်တဲ့ မြို့တွေက ဥရောပ နာမည်ကြီး ဒန်ညုမြစ်ကြီး ဘေးမှာ တည်ရှိတာကြောင့် ဒန်ညုမြစ်ရိုးပေါ်က မြို့ကြီးပြကြီးများ သို့တည်းမဟုတ် ဒန်ညု မြစ်ကမ်းနဘေးမှ မြို့တော်များဆိုပြီး ပေးဖို့ စိတ်ကူးရခဲ့ပြီးနောက် ဒန်ညုမြစ်ကမ်းဘေးမဟုတ်တဲ့ ပရာဟာကိုပါ သွားဖို့ ဖြစ်လာတော့ ခေါင်းစဉ်သစ်ပြောင်းဖို့ ဖြစ်လာပြန်ပါတယ်။

အဲဒါနဲ့သွားမယ့် နောက်တိုးမြို့တော် ပရာဟာရဲ ချက်နိုင်ငံအပါအဝင် အဲဒီလေးပြည်ထောင်စလုံးက ပင်လယ် ထွက်ပေါက် မရှိကြပါတဲ့ ကုန်းပိတ်နိုင်ငံတွေ ဖြစ်နေကြပြန်တော့ ** * ** ပင်လယ်မရှိတဲ့ လေးနိုင်ငံ ** * ဆိုတဲ့ လှပတဲ့ ခေါင်းစဉ်လေးက မောင်ရင်ငတေ့ ခေါင်းထဲသို့ ရောက်ရှိလာပါတယ်။

ကမ္ဘာမြေကြီးပေါ်မှာ ပင်လယ်ဆက်စပ်မှုမရှိတဲ့ ကုန်းပိတ်နိုင်ငံ ၄၉ နိုင်ငံ ရှိပါတယ်။ ဥရောပမှာတော့ အငြင်းပွားနေဆဲ နယ်မြေတွေဖြစ်ကြပါတဲ့ Transnistria နဲ့ Kosovo အပါအဝင် Andorra, Austria, Belarus, Czech Republic, Hungary, Liechtenstein, Luxembourg, Macedonia, Moldova, San Marino, Serbia, Slovakia, Switzerland, Vatican City စုစုပေါင်း နိုင်ငံ ၁၆ နိုင်ငံ  ရှိပါတယ်။

တကယ်တော့ ရိုမားနီးယားတို့ ဘူဂေးရီးယားတို့ကလည်း ကုန်းတွင်းပိတ်ပင်လယ်လို့ဆိုရင် ရနိုင်တဲ့ ပင်လယ်နက်နဲ့သာ ထိတွေ့နေတဲ့ နိုင်ငံတွေသာပါ။ အဲဒီလို ကုန်းတွင်းပိတ် နိုင်ငံတွေ ဖြစ်နေလို့  * ပင်လယ်မရှိတဲ့လေးနိုင်ငံ ** ဆိုပြီး လှပတဲ့ ခေါင်းစဉ်လေးကို အတည်ပြုဖို့ စဉ်းစားနေရင်း ပရာဟာသားဖြစ်နေတဲ့ မိုးကုတ်သားဟောင်း မောင်ရင်ငတေ့ သူငယ်ချင်းက ပရာဟာကိုသာ လာခဲ့ သူ့ဆီရောက်ရင် ကားနဲ့ ပိုလန်မြေကို လိုက်ပို့ပေးမယ် ပြောလာပါတယ်။ ဘတ်ဂျက်သိပ်မထိခိုက်ဘဲ နောက်နိုင်ငံ တနိုင်ငံကူးဖို့ကို အမြဲစဉ်းစားနေတဲ့ မောင်ရင်ငတေ့အတွက် ဖိုးကျိုင်းတုတ် ဖြစ်သွားပြီး ပရာဟာသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

မောင်ရင်ငတေတို့ သွားမှာက ပိုလန်တောင်ပိုင်း ပင်လယ်နဲ့ ဝေးရာဖြစ်ပေမယ့် ပိုလန်မြောက်ပိုင်းက ဘောလ်တစ်ပင်လယ်နဲ့ ဆက်စပ်နေတာကြောင့် ပင်လယ်မရှိတဲ့ ငါးနိုင်ငံ ဆိုပြီးခေါင်းစဉ်တပ်လို့က မရပြန်ပါဘူး။ ဒါပေမယ့် ဘောလ်တစ်ပင်လယ် ကလည်း ကုန်းတွင်းပိတ်လုနီးပါး ပင်လယ်တခုသာပါ။

«ဒန်ညုမြစ်ရိုးပေါ်က မြို့ကြီးပြကြီးများ» ကို အဓိက ခေါင်းစဉ်အဖြစ် ပေးလို့မရနိုင်တော့ပါဘဲ ပိုမိုပြီး နီးစပ်မှုရှိတဲ့ «ပင်လယ် မရှိတဲ့ လေးနိုင်ငံခွဲ» ဆိုတာကို ရွေးရမလို ဖြစ်လာခဲ့ပါတော့တယ်။ သွားဖြစ်ခဲ့ ရတဲ့ ပိုလန်မြေကလည်း ပင်လယ်နဲ့ဝေးတဲ့ ပိုလန်တောင်ပိုင်း ကုန်းတွင်းပိုင်း ဒေသကိုး၊ အဲဒါကြောင့် ရောက်ခဲ့တဲ့ ပိုလန်တောင်ပိုင်းကို တဝက်အနေနဲ့ သတ်မှတ်လိုက်ပြီး «ပင်လယ်မရှိတဲ့ လေးနိုင်ငံခွဲ» ကိုသာ ခေါင်းစဉ်အဖြစ် သတ်မှတ်လိုပေမယ့်လည်း လေးနိုင်ငံခွဲ ဆိုတာကလည်း အဓိပ္ပါယ် မရှိသလို ဖြစ်နေတာကြောင့် နောက်ဆုံးမှာတော့ ** ပင်လယ်မရှိသောမြေသို့ * ကိုသာ ရွေးလိုက်ပါတယ်။

အဲဒါနဲ့ အဲဒီ ** ပင်လယ်မရှိသောမြေသို့ * ငါးနိုင်ငံအကြောင်း ဖတ်မှတ်ကြည့်တော့ အဲဒီ ငါးနိုင်ငံမှာ …

Hungary (မြို့တော် Budapest)
လူဦးရေ ဆယ်သန်းနီးပါး (9,855,571) အကျယ်အဝန်း (93,030) စတုရန်း ကီလိုမီတာ

Slovakia (မြို့တော် Bratislava)
လူဦးရေ ငါးသန်းခွဲ (5,403,134) အကျယ်အဝန်း (49,035) စတုရန်း ကီလိုမီတာ

Austria (မြို့တော် Wien)
လူဦးရေ ရှစ်သန်းခွဲ (8,581,500)  အကျယ်အဝန်း (83,855) စတုရန်း ကီလိုမီတာ
Czech (မြို့တော် Praha)
လူဦးရေ ဆယ်သန်းကျော် (10,419,743) အကျယ်အဝန်း (78,866) စတုရန်းကီလိုမီတာ

Poland (မြို့တော် Warszawa)
လူဦးရေ သုံးဆယ့်ရှစ်သန်း (38,005,614) အကျယ်အဝန်း (312,685) စတုရန်း ကီလိုမီတာ

ကုန်းမပိတ်နိုင်ငံ ပိုလန်ကလွဲလို့ နိုင်ငံခပ်သေးသေး လူဦးရေ ခပ်နည်းနည်းသာပါ။ ဆလိုဗားကီးယား နိုင်ငံကတော့ ဟန်ဂေရီ သြစတြီးယား ချက်တို့ရဲ လူဦးရေအရရော အကျယ်အဝန်းအရနဲ့ပါ တဝက် သာသာမျှသာ ရှိပါတယ်။

ငါးနိုင်ငံစလုံးက ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဖြစ်ပြီး Schengen Area ရှန်ဂန်ဗီဇာ ဧရိယာထဲမှာ ပါဝင်ကြပါတယ်။

ဒါပေမယ့် EuroZone  ယူရိုမန်းနီးဇုံမှာ ၁၉ နိုင်ငံ ရှိတဲ့အနက်ယူရိုငွေ သုံးတဲ့နိုင်ငံအဖြစ် (ဆလိုဗားကီးယား သြစတြီးယား) နှစ်နိုင်ငံသာ ပါဝင်ပြီး ယူရိုသုံးခွင့်မရသေးတဲ့နိုင်ငံက သုံးနိုင်ငံ (ဟန်ဂေရီ ချက်ပြည်ထောင်စုနဲ့ ပိုလန်) ဖြစ်ကြပါ တယ်။ (တယူရိုမှာ Hungarian Forint 309, Czech Koruna 27, Polish Zloty 4.3 ဈေးပေါက်ပါတယ်)

ပင်လယ်ကမ်းခြေ မရှိတဲ့ ကုန်းပိတ်နိုင်ငံ လေးနိုင်ငံက (ဟန်ဂေရီ ဆလိုဗားကီးယား သြစတြီးယား ချက်ပြည်ထောင်စု) တို့ပါ။

Danube ဒန်ညု မြစ်ရိုးပေါ်မှာ တည်ထားတဲ့ မြို့သုံးမြို့ကို မြို့တော်အဖြစ် သတ်မှတ်ထားတာက သုံးနိုင်ငံ (ဘူဒါပက် ဟန် ဂေရီ၊ ဘရာတီဆလာဗာ ဆလိုဗားကီးယား၊ ဗီယန်နာ သြစတြီးယား) တို့ပါ။ ဒီငါးနိုင်ငံကို တည်နေရာ အနေအထားအရ အ လယ်ဥရောပလို့လည်း သတ်မှတ်ပြောဆိုကြပါတယ်။

ငါးနိုင်ငံစလုံးက တချိန်တုန်းက တနိုင်ငံလုံးဖြစ်စေ တစိတ်တပိုင်းဖြစ်စေ

Habsburg Monarchy Empire ဟတ်ဘ်ဘုဂ် မော်နာချီ (၁၅၂၆-၁၈၀၄)
Austrian Empire သြစတြီးယန်း အင်ပါယာ (၁၈၀၄-၁၈၆၇)
Austro-Hungarian Empire သြစတြီးယား-ဟန်ဂေရီ အင်ပါယာ (၁၈၆၇-၁၉၁၈)

အမည်သုံးမျိုး ပြောင်းလဲခဲ့တဲ့ အင်ပါယာကြီး တခုတည်းအောက်မှာ ပါဝင်ခဲ့ကြဖူးတဲ့ နယ်မြေတွေပါ။

ဒီငါးနိုင်ငံက သမိုင်းကြောင်း အစဉ်အလာတွေ ကိုယ်စီရှိကြတယ်လို့ ပြောရင်ရနိုင်ပေမယ့် အင်အား ကြီးမားသလို တန်ခိုးပို ထွားခဲ့တာက သြစတြီးယားလို့သာ ပြောမယ်ဆို ရနိုင်ပါတယ်။
လူမျိုးတွေကလည်း မတူကြပေမယ့် အသားဖြူဖြူ မျက်လုံးစိမ်းပြာပြာ ရွှေရောင်ဆံပင်တွေနဲ့ သာပါ။အရှေတောင်ဘက် နည်းနည်းကျတဲ့ ဟန်ဂေရီတွေကတော့ ဆံပင်မည်းသူ အသားညိုသူတွေလည်းတော်တော်လေး များများစားစား တွေခဲ့ရပါတယ်။

ဥရောပ မြို့ကြီးတွေ အထူးသဖြင့် ပါရီ ရွှေမြို့တော်ကြီးမှာ ရောက်ရှိကျင်လည် ကျက်စားနေကြပါတဲ့ကိုရွှေခါး မရွှေခါး တို့လို ရုပ်ရည်တူ တွေကိုလည်း တွေ့မြင်ခဲ့ရပေမယ့် သန့်ပြန့်တဲ့ အဝတ်အစားတွေဝတ်ဆင်ထားကြပြီး အလုပ်လုပ်ကိုင်နေထိုင်ကြရတဲ့ အနေအထားတွေ ကွာခြားကြတာကြောင့်မို့လို့ လူတူသော်လည်း စိတ်မတူဘူးလို့သာ ပြောရပါမယ်။

 

Danube Cities (ဓါတ်ပုံ မရငတ)

စကားပြောတာတွေကလည်း နယ်စပ်ရောက်တာနဲ့ ဥရောပထုံးစံ သူတို့စကားနဲ့သူတို့ ပြောကြပါပြီ၊ သြစတြီးယန်းတွေက ဂျာမန်ဘာသာနဲ့ တော်တော်တူတဲ့ Austrian German စကားကို ပြောကြပြီး ဟန်ဂေရီယန်းတွေက Magyar Nyelv ဘာသာစကားကို ပြောဆိုကြပါတယ်။

ချက်စကား Čeština (ČeskýJazyk) နဲ့ ဆလိုဗက်ရဲ Slovenčina စကားကတော့ တော်တော်လေး တူပါတယ်တဲ့၊ အဲဒီ စကားနှစ်ခုက ပိုလန်စကား Język Polski နဲ့လည်း ခပ်ဆင်ဆင် တူနိုင်တယ်လို့ မောင်ရင်ငတေ ထင်မိထားသလို ချက်စကားတတ်တဲ့ မောင်ရင်ငတေ့ရဲ မိတ်ဆွေ ပြောလေသမျှကို နားလည်နေတဲ့ ပိုလန်သား ပိုလန်သူလေးတွေကြောင့် ချက်စကားနဲ့ ပိုလန်စကားက တော်တော်တူတာလေလား ပိုလန်တွေက ချက်လို နားလည်ကြလေသလား တိတိကျကျတော့ ဝေခွဲမရခဲ့ပါဘူး။

ဒါပေမယ့် ရေကြောမြေကြောတူသလို ဆင်းသက်လာကြရာ မျိုးတူနွယ်တူတွေသာဖြစ်လို့ စာရေးရာ မှာသာ ကွဲပြားကြပေမယ့် စကားပြောကတော့ သိပ်ကွာခြားကြဟန် မတူတာကိုတော့ သတိပြုမိခဲ့ရ ပါကြောင်း၊

 

Danube Cities (ဓါတ်ပုံ မရငတ)

သူတို့ဟာ သူတို့ ဘာသာဘာဝ ဘာစကားနဲ့ ပြောပြော ငါးနိုင်ငံမှာ ဘာသာစကား ငါးမျိုး ပြောကြပေမယ့် သုံးတဲ့အက္ခရာ ကတော့ အေဘီစီဒီနဲ့ ဝမ်းတူးသရီး လို့သာ ရေးကြ သုံးကြတာဆိုတော့ တော်ပါသေးတယ် ပြောရပါမယ်။ ဆက်သွယ်ရာ ဘာသာစကား ကတော့ အင်္ဂလိပ်ပေါ့၊ ဂျာမန်လို တတ်ကြသူလည်း များပြီး ပြင်သစ်စကားကတော့ အနည်းအကျဉ်း သာ ပြောကြပါတယ်။ မောင်ရင်ငတေကတော့ မတောက်တခေါက် ပြင်သစ်စကားကို မမေ့သေးဘဲ ကျန်ရှိနေသေးတဲ့ မီးကျိုးမောင်းပျက် အင်္ဂလိပ်စကားနဲ့ ရောသမ မွှေပြီး ရွှတ်ရှက်ဒွတ်ဒဲ့ လုပ်ရတော့ တာပေါ့၊ သူ့ဟာနဲ့သူတော့ ဖြစ်သွားတာပါ။

မောင်ရင်ငတေသွားဖို့ ကြံစည်ခဲ့တဲ့နယ်မြေတွေက ပင်လယ်မရှိတဲ့နယ်မြေများ ဖြစ်ကြပေမယ့်လည်း နိုင်ငံနယ်နမိတ် အများအပြားနဲ့ ဆက်စပ်နေတာကလည်း ထူးခြားချက်တခုပါ။ သြစတြီးယား မြေက (ဂျာမဏီ ဆလိုဗားကီးယား ဟန်ဂေရီ အီတလီ လက်ချင်စတန်း ဆွစ်ဇာလန် ဆလိုဗေနီယား ချက်) တို့နဲ့ ရှစ်နိုင်ငံ နယ်မြေခြင်း ဆက်နေသလို ဟန်ဂေရီက ခွန်နှနိုင်ငံ (သြစတြီးယား ဆလိုဗားကီးယား ခရိုအေရှား ရိုမားနီးယား ဆာဘီးယား ဆလိုဗေနီယား ယူကရိန်း) တို့နဲ့ ထိတွေ့ နေတာပါ။

ချက်က လေးနိုင်ငံ (သြစတြီးယား ဂျာမဏီ ဆလိုဗားကီးယား ပိုလန်) ဆလိုဗားကီးယားက ငါးနိုင်ငံ (သြစတြီးယား ချက် ဟန်ဂေရီ ပိုလန် ယူကရိန်း) တို့နဲ့ဆက်စပ်နေပြီး မောင်ရင်ငတေ မရောက်ခဲ့တဲ့ ဆာဘီးယားဆိုရင်လည်း ရှစ်နိုင်ငံ (ဟန်ဂေရီ ခရိုအေရှား ရိုမားနီးယား ဘူဂေးရီးယား မွန်တီနီဂရိုး မက်စီဒိုးနီးယား အယ်ဘာနီးယား ဘော့စနီးယားနဲ့ဟာဇီဂိုးဗီနား) နယ်မြေတွေနဲ့ ထိတွေ့နေတာပါ။

ဒါကြောင့် နိုင်ငံသေးသေး နယ်မြေကျဉ်းကျဉ်းတွေဆိုပေမယ့် နယ်နမိတ်စည်းတွေအနား နေထိုင်ကြ သူတွေဟာ သမိုင်းအရ ရောထွေးမှု များကြသလို အပြန်အလှန် ဆက်စပ်နေကြမှုတွေကလည်း များ ပြားကြမှာ သေချာလှပါပေတယ်။

လက်မှတ်ဝယ်ယူခဲ့တဲ့ အကြောင်းကို ပြန်ဆက်ရင်း    ဒီ ခရီးကြိုနိဒါန်းစာစုကို အဆုံးသတ်ပါမယ်။ ဆက်လက်ပြီး မောင်ရင်ငတေ့ထုံးစံ ရေးထားသမျှ အတိုအစတွေကို ပေါင်းစပ်၍ အချောကိုင်ပြီးရင်တော့ ပင်လယ်မရှိသောမြေသို့ စာစုများ အမှတ် တစ် နှစ် သုံးတွေ ဆက်လက်လို့ ထွက်လာဖို့လည်း ရှိပါသေးတယ်။ ဒါပေမယ့်လို့ မောင်ရင်ငတေရဲအကျင့်ကလည်း အရာရာဆုံးခန်း တိုင်အောင် ပြုလုပ်ဖို့ ပျင်းရိလှတာကြောင့် များမကြာခင် လို့သာ ပြောပါရစေ ခင်ဗျား။

 

 ÖBB Railjet  (ဓါတ်ပုံ မရငတ)

ပရာဟာသွားရင် ဘာနဲ့ သွားလို့ ရမလဲ၊ တနာရီ ခရီးလောက်ကိုတော့ လေယာဉ်ပျံကို မသုံးချင်သူမို့ ကုန်းလမ်း လက်မှတ်ဝယ်ဖို့ကို လေ့လာပါတယ်။ ဘူဒါပက်-ဘရာတီဆလာဗာနဲ့ ဘရာတီဆလာဗာ-ဗီယန်နာခရီးက ဘတ်စ်ကားနဲ့မို့လို့ ဗီယန်နာ-ပရာဟာ ခရီးကိုတော့ ရထားလက်မှတ်ရအောင်ရှာပြီး ဝယ်လိုက်ပါတယ်။ အရှေဥရောပရဲ အွန်လိုင်းလက်မှတ် ဝယ်ယူတဲ့ စနစ်တွေက အနောက်ဥရောပ လောက်တော့ ရှင်းရှင်းလင်းလင်း မရှိလှတာက အမှန်ပါ။

 

ÖBB Railjet (ဓါတ်ပုံ မရငတ)

ဒါပေမယ့် အလယ်ဥရောပ အရှေဥရောပတလွှားမှာ သြစတြီးယားမီးရထား ÖBB Railjet ကလည်း နာမည်ကြီး နေတာလည်း အမှန်ပါ။ တနာရီ ကီလိုမီတာ ၂၃၀ ကျော်သာ အမြန် မောင်းနိုင်တာ မို့လို့ပြင်သစ် တီဂျီဗွီတို့ ဂျာမန် အိုင်စီအီးတို့ စပိန် အေဗွီအီး တို့လောက်တော့ မမြန်ပါဘူး။ ပြေးဆွဲနေတဲ့ လမ်းကြောင်းတွေကတော့ ဂျာမဏီ ဆွစ်ဇာလန် ဟန်ဂေရီ အီတလီနဲ့ချက်တို့ကိုပါ။ အရှေပိုင်းဘက် တွေဆီ တိုးချဲပြေးဆွဲဖို့ စီစဉ်နေပေမယ့် စီမံကိန်းအဆင့် စာရွက်တွေပေါ်မှာ ရှိပါသေးတယ်။

 

ÖBB Railjet (ဓါတ်ပုံ မရငတ)

သြစတြီးယား မီးရထား အနီနဲ့အနက်စပ်ကြား ÖBB Railjet ကို တွေ့ဖူးခဲ့စဉ်ထဲက စီးဖူးချင်မိခဲ့တာမို့အခုတခေါက်ကြုံတာနဲ့ စီးရပြီဆိုပြီး အဲဒီရထားလက်မှတ်ကို ÖBB အွန်လိုင်းမှာ ရှာဖွေဝယ်ဖို့ကြိုးစား ခဲ့တာမှာ သြစတြီးယား မီးရထားရဲ မကောင်းကြောင်းတခု ပြောစရာရှိ လာပါတော့တယ်။ အွန်လိုင်း ကနေ ကြိုတင်လက်မှတ် ဝယ်တာမှာ မရှင်းလင်းတာပါ။

မောင်ရင်ငတေ ဒီခရီးအတွက် အွန်လိုင်းကနေ ကြိုတင် ရေဇာဗေးရှင်းလုပ်တာ တလခွဲကျော်နှစ်လ ကြိုတင်ပြီးတော့ လုပ်တာပါ။ အသွားအပြန် ပါရီ-ဘူဒါပက် ပရာဟာ-ပါရီ လေယာဉ်လက်မှတ်က နှစ် စောင်၊ ဒန်ညုကမ်းဘေး မြို့တော်သုံးခုမှာ တည်းခိုဖို့ ဟော်တယ်ရေဇာဗေးရှင်း သုံးခု၊ ပိုလန်နယ်စပ် ဟော်တယ်မှာတခု၊ ဘူဒါပက်-ဘရာတီဆလာဗာ၊ဘရာတီဆလဗာ-ဗီယန်နာ ကားလက်မှတ်တွေကို အွန်လိုင်းကဝယ်တာ အကုန်အဆင်ချောခဲ့ပေမယ့် ÖBB Railjet ရထားလက်မှတ် ဝယ်တာမှာတော့ အတော်လေး ခေါင်းစားခဲ့ရခြင်းပါ။ အဲဒါနဲ့ ပရာဟာသားကို မေးမြန်း ချက်ရထား ဝက်ဘ်ဆိုက်ကိုဝင် ဝယ်ကြည့်လိုက်တော့မှ အလွယ်တကူ ဝယ်လို့ရခဲ့ပါတယ်။ ÖBB Website က ထိုင်ခုံထိုင်ဖို့ ရွေးခိုင်းပြီးရင်ပိုက်ဆံထပ်တောင်း အမျိုးမျိုးရှုပ် နေခြင်းပါ။ ချက်ရထား ČD RailJet ဝက်ဘ်ဆိုက်မှာကတော့ ရှင်းပါတယ်။ ဗီယန်နာ-ပရာဟာ သွားမယ့်ခရီးအတူတူ စီးမယ့်ရထားအတူတူကို ဝယ်ယူတဲ့အွန်လိုင်း ဝက်ဘ်ဆိုက် မတူရင် ဈေးနှုန်းကော ရောင်းချပုံစနစ်ပါ မတူတော့တာပါ။

ဒီနေရာမှာ ကြုံကြိုက်လာလို့ ထည့်ပြောရင် ထိုင်း နိုင်ငံရဲ အွန်လိုင်းလက်မှတ် အဆင့်ကိုပါ။ ထိုင်းရဲ မီးရထားဌာနကလည်း ဥရောပနိုင်ငံအများစုလို နိုင်ငံတော်ကနေ တာဝန်ယူလုပ်ကိုင်နေတဲ့ ဌာနကြီးတခုပါ။ ဒါပေမယ့် အွန်လိုင်းလက်မှတ် ဝယ်ကြည့်တော့ ရတော့ရနိုင်ပေမယ့် ဝယ်သူကိုယ့်ဟာကိုယ်ကွန်ပြူတာကနေ တိုက်ရိုက် ပရင့်အောက် ထုတ်ယူ အသုံး ပြုနိုင်တဲ့ Electronic Ticket မရပါဘူးတဲ့၊ အွန်းလိုင်းက ကြိုဝယ်ထားပြီး ဘန်ကောက်ရောက်မှ သတ်မှတ်ထားရာနေရာမှာ အမှန်အကန်စီးလို့
ရမယ့်လက်မှတ်ကို သွားယူပြီးမှသာ ရထားစီးခွင့်ရမှာပါတဲ့၊ အွန်လိုင်းလက်မှတ်ကို မှန်မမှန်စစ်ဆေးနိုင်တဲ့စက်တွေ လက် မှတ်စစ်တွေမှာ မရှိသေးဘူး ထင်ပါရဲ။

 

မောင်ရင်ငတေရဲ အပြန်ခရီးစဉ် Letiště Václava Havla Praha 

 

အပြန် ပရာဟာ-ပါရီ ခရီးအတွက်တော့ Transavia France လေကြောင်းလိုင်းကို ရွေးဖြစ်ခဲ့ပါတယ်။ မောင်ရင်ငတေ ဒီလိုင်းကို သုံးဖြစ်ခဲ့တာကတော့ လက်မှတ်ခ ဈေးသက်သာတာရယ် ဆင်းသက်တဲ့ လေဆိပ်ကနေ ဘတ်စ်ကားစီးပြန်ရင် မောင်ရင်ငတေ့ရဲ အိမ်ကို တဆင့်ထဲနဲ့ တိုက်ရိုက်ရောက်ပါတဲ့ Aéroport de Paris-Orly ဖြစ်နေတာကြောင့်ရယ် သုံးဖြစ်ခဲ့တာပါ။

၂၀၀၄ ခုနှစ်မှာ Air France-KLM ဆိုပြီး ပြင်သစ်နဲ့ နယ်သာလန်တို့ ပေါင်းစပ်ပြီး နောက် ပေါ်ပေါက် လာခဲ့တဲ့ ဘတ်ဂျက် လေကြောင်းလိုင်း တကြောင်းပါ။ ၂၀၀၇ ခုနှစ်မှာ စတင်ခဲ့တဲ့ အဲဒီ အစိမ်းရောင် လေကြောင်းလိုင်းက ဒီကနေ့မှာတော့ EasyJet အီးဇီးဂျက်တို့ RyanAir တို့ထက်တော့ အနည်းငယ် မျှမက ပိုမို သာလွန်ပေပါတယ်လို့ မောင်ရင်ငတေ မှတ်ချက်ပေးပါရစေ။

 

Transavia France Boeing 737-800 (ဓါတ်ပုံ မရငတ)

အဲဒီလေကြောင်းလိုင်းမှာ နောက်ထပ် ထူးခြားတာ တခုကတော့ ပြင်သစ်ပိုင် လေကြောင်းလိုင်းတခု ဖြစ်နေပေသော်လည်း ပြင်သစ်ပြည်တွင် တည်ဆောက်ကြပါသည် ဆိုတဲ့ အဲယားဘတ်စ် လေယာဉ် တွေကို အသုံးမပြုပါဘဲ လက်ရှိပြေးဆွဲနေသော လေယာဉ်များ အားလုံးက အမေရိကန်ဖြစ် Boeing 737-800 အမျိုးအစား ဂျက်လေယာဉ် ၂၈ စီး ဖြစ်နေခြင်း ပါ။ ထိုနည်းတူစွာ Transavia France ရဲ့ အမွှာ KLM Transavia မှာ သုံးနေတဲ့ လေယာဉ်တွေကလည်း ဘိုးရင်းဂျက်များသာ ဖြစ်ပါတယ်။

ပင်လယ်မရှိသောမြေဆီသို့ စာစု (တစ်) (ခရီးကြိုနိဒါန်း) စာစု ဒီတွင် အဆုံးသတ်ပါတော့မယ်။ ဒီ စာစုကို အစပျိုး ရေးသားခဲ့တာက  ၂၀၁၆ ခုနှစ်ရဲ နိုဝင်ဘာ ၁၀ ဒီဇင်ဘာ ၁၀ ထိုင်း တလခရီးသွားအပြီး ပါရီပြန်ရောက်တော့ စိတ်ပန်း လူပန်းနဲ့ ဘယ်မှသွားချင်စိတ်မရှိ ဖြစ်နေခဲ့ပါတယ်။ ပျင်းရိငြီးငွေ့ဖွယ်ရာ ပါရီဆောင်းရဲ မိုးရေစက်များ အုံ့ဆိုင်း ထိုင်းမှိုင်းနေတဲ့ ရာသီဥတုကြားမှာ ထိုင်းတလခရီးအကြောင်း စာစုများကိုသာ ရေးနေမိတာအတော်ကြာလာတော့ အီလာပါတယ်။ အဲဒီမှာ အလယ်ဥရောပသွားဖို့ကိစ္စ ပေါ်လာတာနဲ့ သွားဖို့ရာ ကြိုတင်စီစဉ်နေရင်း သွားမယ့်လမ်းကောက်ကြောင်း အချက်အလက်အတိုအစတွေကိုမှတ်သားရင်း ဒီ ခရီးအတွက် မှတ်ဖွယ်ရာရာတွေကို ရေးတို့ဖြစ်ရင်း (ခရီးကြိုနိဒါန်း) ဆိုပြီး ဖြစ်လာခဲ့တာပါ။

အဲလို ရေးသားရာမှာ ဝတ္ထုတပုဒ် ဆောင်ပါးတပုဒ်လိုဖြစ်အောင် ပုံစံတကျ စနစ်ချ ရေးသားခဲ့တာမျိုး မဟုတ်ပါဘဲ ခရီးသွားမယ့် အစီအစဉ်ဆွဲရင်း မှတ်စုအတိုများ ရေးမှတ်ခဲ့တာကို စာစုအတိုများအဖြစ် ပြန်လည် ဆက်စပ်ရင်း ဖြည့်စရာရှိတာတွေကိုဖြည့်ပြီး စာစုတခု ဖြစ်လာအောင် ဖန်တီးခဲ့တာမို့လို့ တချိုနေရာတွေမှာ အနည်းငယ် ဟာသွားကောင်း ဟာသွားနိုင်ပါတယ်။ အဲဒီလိုရေးနည်းဟာလည်း မောင်ရင်ငတေရဲ ခရီးသွားခြင်း အနုပညာ မှတ်တမ်းရေးနည်း တနည်းဟုသာ မှတ်ယူကြပါတော့။

 

Danube Cities (Photo KCorail)

မောင်ရင်ငတေ ၃၀၀၃၂၀၁၇-၂၆၀၄၂၀၁၇
(ပင်လယ်မရှိသောမြေသို့ မတ်-ဧပရယ် ၂၀၁၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts