ကိုအောင်မှိုင်း သူတို့အာဘော်

ကိုအောင်မှိုင်း ● သူ့အရပ်နဲ့ သူ့ဇာတ်

ကိုအောင်မှိုင်း ● သူ့အရပ်နဲ့ သူ့ဇာတ်

(မိုးမခ) ဇွန် ၂၁၊ ၂ဝ၁၇

ကနေ့ဗမာပြည်နိုင်ငံရေးကတော့ သူ့အရပ်နဲ့ သူ့ဇာတ်လို့ ပြောရမလိုပါဘဲ။ သူလည်း သူ့အရပ်နဲ့သူ့ဇာတ်၊ ကိုယ်လည်း ကိုယ့် အရပ်နဲ့ကိုယ့်ဇာတ်။ သူလည်း သူ့ဇာတ်ဆရာနဲ့သူ ကိုယ်လည်း ကိုယ့်ဇာတ်ဆရာနဲ့ကိုယ်။ သူလည်း သူ့မင်းသားနဲ့ သူ၊ ကိုယ်လည်း ကိုယ့်မင်းသားနဲ့ ကိုယ်။ သူလည်း သူ့ဇာတ်ထုတ်နဲ့သူ ကိုယ်လည်း ကိုယ့်ဇာတ်ထုတ်နဲ့ကိုယ်။ အပြိုင်ကြဲ နေကြတာများဗျာ အကွပ်အညှပ်မရှိ ပရမ်းပတာတွေဖြစ်ရောလို့ ပြောရတော့မယ်ထင်ပါတယ်။ အားလုံးကတော့ ပြည်သူနဲ့ အတူတို့  ပြည်သူကိုအလုပ် အကျွေးပြုဖို့တို့ကလည်းတဇာတ် အမျိုးသားနိုင်ငံရေးလိုလို စီးပွားရေးသမားလိုလို စစ်ဗိုလ်လိုလို တွေကလည်းတဇာတ် အမျိုး ဘာသာ သာသနာ မျိုးချစ် ဘာညာကွိကွဆိုသူများကလည်း  တဇာတ်။ ပြောရရင် ဒီမိုကရေစီ ကနုနု သောင်းကျန်းသူတွေက အစုစု ဆိုသလိုပါဘဲ။

သောင်းကျန်းသူဆိုလို့ အရင်ကတော့ တောခိုလက်နက်ကိုင်ဆိုသူတွေကိုခေါ်ကြတာပါ။ အခုကတော့ မြို့ပေါ် နိုင်ငံပေါ် နေ ပြည်တော်ပေါ်မှာ ပေါ်ပေါ်ထင်ထင် ဗြောင်ကျကျ တိုင်းဖျက် ပြည်ဖျက်အလုပ်တွေလုပ်နေကြတဲ့  စစ်ဗိုလ်ဆိုးတွေ ဘုန်း ကြီး ဆိုးတွေ ကြေးစား လူဆိုး လူမိုက်ဆိုးတွေကို လူထုက သတ်မှတ်ခေါ်နေကြတာပါ။ ခက်တာက အဲဒီအုပ်စုဆိုးတွေအသီး သီးနောက်မှာက အထောက်အပံ့တွေ ပြည့်ပြည့်စုံစုံ ပိုပိုလျှံလျှံ ရှိနေကြပြီး၊ နိုင်ငံကျော်ပုဂ္ဂိုလ်ဆိုသူကြီးများနဲ့လည်း မကင်း ရာမကင်းကြောင်းတွေ ရှိနေကြပြန်တော့ မထိရဲ မတို့ရဲအောင်ဖြစ်နေရတာလို့ ပြောရတော့မှာပါ။ ကျနော်ဆောင်းပါးရေးတဲ့ အခါ သတိထားသုံးစွဲလေ့ရှိတာက စစ်ဗိုလ်ဆိုးတွေ ဘုန်းကြီးဆိုးတွေ ကြေးစား လူဆိုး လူမိုက်ဆိုးတွေဆိုပြီး ဒီပုဂ္ဂိုလ်များကို သာ ရည်ရွယ်ရင်းဖြစ်ကြောင်း ထင်ရှားစေလိုလို့ဖြစ်ပါတယ်။

ဆိုးခြင်း ကောင်းခြင်းဆိုသည်မှာ ထာဝရလက္ခဏာ မဆောင်ပါ။

ပြောရမယ်ဆိုရင် ဆိုးခြင်းကောင်းခြင်းဆိုတာ ပဋိပက္ခတရားရဲ့ သွင်ပြင်လက္ခဏာတွေပါ။ ထာဝရလက္ခဏာ မဆောင်ပါဘူး။ ကောင်းတယ်ဆိုတဲ့အထဲမှာ မကောင်းတာတွေရှိနေကြပါတယ်။ ဒီလိုဘဲမကောင်းဘူးဆိုတဲ့အထဲမှာလည်း ကောင်းတာတွေ ရှိ နေကြပါတယ်။ ဒါက သဘာဝရဲ့ အမှန်တရားပါဘဲ။ ကောင်းတာတွေများနေရင် တခုလုံးခြုံပြီးကောင်းတယ်ပေါ့။ မကောင်း တာတွေများနေပြန်ရင် တခုလုံခြုံပြီးမကောင်းဘူးလို့ ပြောလေ့ရှိကြတာပေါ့ဗျာ။ ဒီနေရာမှာ တခုသတိပြုဖို့လိုတာက ကောင်း တယ် ဆိုတဲ့အရာတွေမှာ အင်အားနည်းနေတဲ့ မကောင်းတဲ့အရာတွေက အင်အားများလာမယ်ဆိုရင် ကောင်းတာကနေ မကောင်းတာကို ဘက်ပြောင်းသွားလေ့ရှိပါတယ်။ ဒီလိုဘဲ မကောင်းဘူးလို့ခြုံပြောလို့ရတဲ့အရာတွေမှာ အင်အားနည်း နေ သေးတဲ့ ကောင်းတဲ့အရာတွေက အင်အားများလာမယ်ဆိုရင် တခုလုံးခြုံပြီး ကောင်းတယ်လို့ သတ်မှတ်ရပြန်ပါတယ်။ ပြောင်းလည်းတဲ့သဘာဝတွေရှိနေကြတယ်ဆိုတာကို ကျနော်တို့ ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်နိုင်မှ ပြောင်းလည်းတဲ့သဘာဝတွေကို လူ့အဖွဲ့အစည်းအတွက် အသုံးချနိုင်မှာဖြစ်ပါတယ်။ ဒါမှ လူတဦးတယောက်အတွက် လောဘ ဒေါသ မောဟ မာန်မာန တွေဟာ ကောင်းခြင်းဆိုးခြင်းကို မြန်မြန်ဆန်ဆန်ဆိုသလို ပြောင်းလည်းနိုင်တယ်ဆိုတာကို နှလုံးသွင်းနိုင်ကြလိမ့်မယ် ထင် ပါတယ်။

ညောင်နှစ်ပင်မှသည်ပင်လုံဆီသို့။

၁၉၉၃ ခုနှစ်ကနေ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ထိ ၁၄ နှစ်ကြာ ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသားညီလာခံခေါ်တဲ့ ညောင်နှစ်ပင်ညီလာခံကို ကျနော်တို့ မမေ့ဖို့လိုပါတယ်။ ၁၄ နှစ်ကြာ ကာလာစုံတက်ရောက်ကြတဲ့ ပွဲကြီးလည်းဖြစ်ပါတယ်။ ဒီပွဲကြီးက ၁၄ နှစ်ကြာလို့ပြီးလည်းသွားရော လူထုအတွက်ဘာကျန်သလည်းဆိုတော့ အများသိတဲ့အတိုင်း စာအုပ်စိမ်းတအုပ် ထွက်လာပါတယ်။“ရာသက်ပန် စစ်ကျွန်ပြုခံရေးအမိန့်”စာအုပ်လို့ဘဲပြောရတော့မှာပါ။၂ဝဝ၈ ဖွဲ့စည်းအုပ်ချူပ်ပုံစည်းမျဉ်း လို့လည်း တချို့ကပြောကြတယ်။တချို့ကလည်း နာဂစ်ကာလ မြန်မာပြည်မှာ လူတွေသောက်သောက်လည်းသေတဲ့အချိန်မှာ ဝမ်း နည်းပူဆွေးခြင်းအထိမ်းအမှတ် မလိမ့်တပတ်လုပ်အတည်ပြုခဲ့တဲ့အတွက် နာဂစ်ဖွဲ့ စည်းပုံလို့လည်း အမည်ပေးကြပြန် တယ်။ ဘယ်သို့ဆိုစေပေါ့ဗျာ။ ၂ဝဝ၈ မွှေချက်ကတော့ ကမ်းကုန်အောင်မွှေခဲ့တာပါ။

ကျနော်တို့သိရှိနားလည်ထားကြတဲ့အတိုင်း သဘောတရား၊ အမြင်၊ အယူအဆတွေကို အောင်မြင်အောင်လက်တွေ့ လုပ် ကြရလေ့ရှိပါတယ်။ ဒါကို နိုင်ငံရေးစကားလုံးအနေနဲ့ သဘောတရားနဲ့ လက်တွေ့ ဆိုပြီးလည်း ပြောလေ့ရှိကြပါတယ်။ ပထမ ဆုံးပြောချင်တာက ညောင်နှစ်ပင်ရဲ့ သဘောတရားကဘာလည်း။ ညောင်နှစ်ပင်ညီလာခံလုပ်မယ်လည်းဆိုရော ကြိုတင်ပေး ထား တဲ့ သဘောတရားလို့ခေါ်ခေါ် ကြိုတင်ယူထားတဲ့နိုင်ကွက်လို့ပြောပြော တရားသူကြီးချူပ် ဦးအောင်တိုးရဲ့  နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက်  အခြေခံမူ (၁ဝ၄) ချက်အတွက် ဦးတည်ချက် (၆) ရပ်ဆိုတာကို ကျနော်တို့နဲနဲ တော့ပြောချင်ပါတယ်။ (၁၉၉၂) ခုနှစ်၊ အောက်တိုဘာလ (၂) ရက် နေ့စွဲနဲ့ အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင် ဖွဲ့စည်း ကြောင်း အမိန့်အမှတ် (၁၃/၉ ၂) အရ ထုတ်ပြန်ခဲ့တာပါ။

အမျိုးသားညီလာခံတွင် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် အခြေခံမူများချမှတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီး ဦးတည်ချက် (၆) ရပ်ကို လမ်းညွှန်ခဲ့သည်လို့ရေးထားပြီး ၎င်းတို့မှာ ….

(၁) ပြည်ထောင်စု မပြိုကွဲရေး
(၂) တိုင်းရင်းသားစည်းလုံးမှု မပြိုကွဲရေး
(၃) အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေး
(၄) စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး
(၅) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူတော လောကပါလတရားများ ပိုမိုထွန်းကားရေး
(၆) အနာဂါတ်မြန်မာနိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင် ရေးတို့ဖြစ်ပါတယ်။

အခိုင်အမာဆိုလို့ နံပါတ် ၆ တခုထဲရှိပါတယ်။ ကျန်တာတွေက အရပ်စကားနဲ့ပြောရင် ဦးအောင်တိုးရဲ့ ဖေါဖေါတွေပါ။ နံပါတ် ၆ အတွေးအခေါ်နဲ့ တနည်းပြောရင် ထာဝရစစ်ကျွန်ပြုဘို့ အတွေးအခေါ်နဲ့စာအုပ်စိမ်းကို ထုတ်လုပ်ခဲ့တာပါ။ ၁၄ နှစ်လုံးလုံး တိုင်းရင်းသားတချို့ကန့်ကွက်တာကို ချောင်ထိုး၊ တချို့အခွင့်အရေးပေးသိမ်းသွင်း၊ တချို့ကို ထောက်လှမ်းရေးက အကြပ် ကိုင်၊ အချိန်ကောင်းကိုစောင့်ပြီး လူသိန်းချီသေကြေ ထိခိုက်ဒဏ်ရာတွေရကြလို့ တနိုင်ငံလုံးဝမ်းနည်းပူဆွေးနေချိန်မှာ ချက် ခြင်း ကောက်ကာငင်က အတည်ပြုခဲ့တာပါ။ ပြောရရင်တော့ ယုတ်ယုတ်မာမာ လက်ဦးမှုယူခဲ့တာပါ။

စာအုပ်စိမ်းထွက်လာတော့ ညီလာခံအတွက်ဆိုတဲ့ ဒီအခြေခံမူက စာအုပ်စိမ်းရဲ့ လုံးဝထပ်တူ အခြေခံမူဖြစ်လာပါတယ်။ ကျ နော်ဆိုလိုတာက ညီလာခံတောင်မလုပ်ရသေးဘူး။ ကြိုတင်ဘောင်ခတ်ထားတာပါ။ ညီလာခံပြီးတော့လည်း ဒီအတိုင်း ထွက်လာခဲ့တာပါ။ ၁၄ နှစ်လုံးလုံး ဘယ်သူမှဒီအခြေခံမူကို မထိရ မတို့ရ မပစ်မှားရဆိုတာမျိုး တင်းတင်းကြပ်ကြပ်လုပ်ပြီး စာအုပ်စိမ်းကို ပုံနှိပ်ထုပ်ဝေခဲ့တာပါ။ သဘောတရားက မြန်မာနိုင်ငံသားတွေကို စစ်ကျွန်ပြုရေးဖြစ်ပြီး လက်တွေ့က စာအုပ် စိမ်းထဲက ဥပဒေလိုလို အမိန့်လိုလို လုံးထွေးရောချထားတဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဘို့ ဇွတ်ရေးထားတဲ့ စာတမ်း တစောင်ထက်မပိုပါဘူး။ဒီစာအုပ်စိမ်းရဲ့  ပရောဂကလည်း သိတ်တော့မသေးလှပါဘူး။ ကျနော်တို့တိုင်းပြည် တိုးတက်ရေး အတွက် ဘာလုပ်လုပ် ရှေ့ က ကာဆီးထားတဲ့တံတိုင်းလိုဖြစ်နေတော့တာပါ။ အဓိကကတော့ စစ်တပ်နဲ့လူထုကို ရန်တိုက် ပေးထားတဲ့ အလွန်စုတ်ပြတ်သတ်နေပြီး အော့နှစ်လုံးနာစရာ အတွေးအခေါ်ကလာတဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးသက် သက်သာဖြစ်ပါတယ်။

ဒုတိယပင်လုံညီလာခံ (ဝါ) ပြည်တွင်းငြိမ်းချမ်းရေးညီလာခံ။

“မြန်မာနိုင်ငံငြိမ်းချမ်းရေး၏နိဂုံးသည် NCA ဖြစ်သည်” ဆိုတဲ့အယူအဆဟာ တဖြေးဖြေးလက်တွေ့ဖြစ်လာနေတာတွေ့ နေရပါတယ်။ ၂ဝဝ၈ ကို ကသုတ်ကရက် နာဂစ်ကာလကြီးမှာ အတည်ပြုခဲ့သလိုဘဲ NCA ဆိုတာကြီးကိုလည်း ဦးသိန်းစိန် အစိုးရပြုတ်ကျကာနီးမှာ ကသောကမျော အတည်ပြုခဲ့ကြတာပါ။ နှစ်ခုလုံးကတော့ စစ်အုပ်စုအတွက် အသေအချာရေး ဆွဲ ထားကြတဲ့ စာချုပ်တွေဘဲဖြစ်ပါတယ်။ညောင်နှစ်ပင်မှာလိုဘဲ ကြိုတင်ဘောင်ခတ်ထားတာတွေ  သတ်မှတ်ထားချက်တွေကို စာချုပ်တခုသဏ္ဌာန်ရေးထားတာလို့ ကျနော်တို့တော့ ရှင်းရှင်းလင်းလင်းမြင်ပါတယ်။ ဆွေးနွေးပွဲတောင်မပြီးသေး ဘူး  စာချုပ်ကို အရင်သဘောတူတယ်ဆိုပြီး လက်မှတ်ထိုးရမယ်ဆိုတာ လက်တွေ့ကျပါ့မလား။ အိမ်ဆောက်ဖြစ် မဆောက်ဖြစ် တောင် မသေချာသေးဘူး။ အိမ်ရောင်းစာချုပ် အတင်းလက်မှတ်ထိုးခိုင်းသလို ဖြစ်နေတယ်ထင်တယ်။

ဒုတိယပင်လုံညီလာခံဆိုတာ ဒေါ်စုပေးထားတဲ့နာမည်ပါ။ နာမည်အစစ်က ပင်လုံညီလာခံမဟုတ်သလို ပင်လုံညီလာခံနဲ့ လည်း အနှစ်သာရအရအလွန်ကွာခြားတယ်လို့ ပြောရမယ်ထင်တယ်။ NCA ဆွဲတုန်းက နာမည်က “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ” ဖြစ်ပါတယ်။ ဒါကို ဒေါ်စုအနေနဲ့  ဒုတိယပင်လုံညီလာခံဆိုပြီး ပင်လုံတုန်းက ဗိုလ်ချုပ်အောင်ဆန်းလုပ်ခဲ့သလို လုပ်ဘို့ ရည်ရွယ်ပုံရပါတယ်။ NCA ရဲ့ အနှစ်သာရနဲ့ ပင်လုံညီလာခံရဲ့အနှစ်သာရက ပြောရရင် ဆီနဲ့ရေလို ကွာတယ်လို့ ဘဲပြောရတော့မှာပါ။အခြေအနေ အချိန်အခါ အချက်အလက်အရရော ဆောင်ရွက်သူတွေရဲ့ စိတ်နေသဘာထားအရရော စတင်ဆောင်ရွက်စဉ်က ရည်ရွယ်ချက် သဘောထားအရရောက အတော်ကိုကွာတယ်လို့ထင်ပါတယ်။ အဓိက ကတော့  ရိုးသားဖြောင့်မတ်မှုနဲ့ ငြိမ်းချမ်းရေးပေါ်သက်ဝင်ယုံကြည်မှုဟာ အဓိကအတော်ကျမယ်ထင်တယ်။ ခက်တာက ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဆိုတာ ဒေါ်စုတယောက်ထဲလုပ်လို့  ရတဲ့ကိစ္စမဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းလိုလူရေးဆွဲခဲ့တဲ့ ပင်လုံ သဘောတူညီချက်တောင် ဗိုလ်ချုပ်သေတာနဲ့ စက္ကူစုတ်ဖြစ်သွားခဲ့ရတာကလည်း သမိုင်းမှတ်တမ်းတခုအဖြစ် အခိုင်အမာ ရှိနေခဲ့ပြန်ပါတယ်။

ကျနော်တို့ငြိမ်းချမ်းရေးမလိုချင်လို့ ငြိမ်းချမ်းရေးအစီအစဉ်ကို ဖျက်လိုဖျက်ဆီးလုပ်ချင်လို့ NCA ကို လက်မခံတာမဟုတ်ပါ ဘူး။ NCA နဲ့ ငြိမ်းချမ်းရေးတည်ဆောက်လို့မရဘူးဆိုတာ ယုံကြည်လို့ NCA ကို တိုက်နေကြတာဘဲဖြစ်ပါတယ်။ ပထမ ပင်လုံညီလာခံမှာပြောတဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်တပ်မူ ၆ ချက် ဒုတိယ ပင်လုံညီလာခံမှာပြောတဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့ NCA လမ်းကြောင်းကလွဲပြီး ဘာမှလက်မခံဆိုတဲ့ စစ်တပ်သဘောထားတွေဟာ ငြိမ်းချမ်းရေးတည်ဆောက်ဘို့ အတော် ခက်ခဲမဲ့ အမြင်သဘောထားတွေလို့ ကျနော်ထင်တယ်။ ဆိုလိုတာက ဆွေးနွေးပွဲတို့ ညီလာခံတို့ဆိုတာက ကိုယ့်ဆွေးနွေး ဘက်ကို အသိအမှတ်ပြုဘို့ဆိုတဲ့ အမြင်ရှိဘို့လိုပါတယ်။ ခုဟာက ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာဘဲလိုချင်တယ်ဆို တဲ့အမြင်နဲ့တော့ ဆွေးနွေးပွဲတွေမှာ ရလဒ်ကောင်းတွေရလာမှာ မဟုတ်သလို  ရရှိပြီးသား သဘောတူညီချက်တွေတောင် ဆုံးရှုံးသွားနိုင်မယ်ထင်ပါတယ်။ အခုဟာက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတာနဲ့မတူဘဲ ညောင်နှစ်ပင်တုန်းကလိုလုပ် ပုံလုပ်နည်းတွေက တထေရာထဲလိုဖြစ်လာနေတာဟာ  မြန်မာနိုင်ငံပြည်သူတွေအတွက် အတော်စိတ်မကောင်းစရာပါ။

NLD ပါတီ၊NLD အစိုးရ ကနေ့လျှောက်နေတဲ့လမ်းက အတော့်ကိုဝရုန်းသုံးကားနိုင်နေတာတွေ့ ရတယ်။ သဏ္ဌ္ဌာန်တွေ များ ပြီး အနှစ်သာရနည်းနေတာတွေ့ ရတယ်။မြန်မာစကားပုံတခုအရ ပြောရရင်  “အမြီးမြှောက်လိုက်  အီးပေါက်လိုက်” ဆိုတာ တွေ များနေတာကို ပြောချင်တာပါ။ ဘာကိုမှ မယ်မယ်ရရ ခိုင်ခိုင်မာမာမလုပ်နိုင်ဘူး။ လုပ်လည်း မလုပ်ရဲဘူး။ NLD ပါတီကိုကျနော်တို့ယုံကြည်တယ်။တိုက်ပွဲကြားကထွက်လာတဲ့ ပါတီလည်းဖြစ်တယ်။ NLD ပါတီခေါင်းဆောင်အများစုမှာ တိုက်ပွဲ သမိုင်းတွေကိုယ်စီရှိကြတယ်။ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးနဲ့ ဝေဖန်ရေးကိုမှန်မှန်ကန်ကန် အရင်လုပ်ကြဘို့လိုတယ်လို့ ထင်ပါတယ်။ ဟိုလူတွေ ဒီလူတွေကြောင့်ထက် ကိုယ်တွေအသုံးမကျလို့ (သတ္တိမရှိလို့/ သူရဲဘောကြောင်လို့/ လုပ်စားဘို့ ဂွင်ဖန်ဘို့) ဆိုတာတွေကို ရိုးရိုးသားသား အရင်ကြည့်မြင်ဘို့ လိုတယ်။ မစားဘူးတာတွေစား မနေဘူးတာတွေနဲ့နေတာ တွေဟာ ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးလူညွန့်တုန်းစေနိုင်သလို ပြည်သူလူထုလည်း လူလိမ်လူညာတွေကြောင့် အတိဒုက္ခတွေ ရောက်နေရနိုင်ပါတယ်။ လူထုထဲဆင်းကြည့်ဘို့ လူထုအမြင်ရှိဘို့လိုတယ်ထင်ပါတယ်။ကျနော်တို့အနေနဲ့မေးစရာ မေး ခွန်း တခုတော့ရှိပါတယ်။ ခင်ဗျားတို့ဘာကို ဘာအတွက်စောင့်နေကြတာလည်း ဆိုတာပါဗျာ။

ကနေ့ဗမာပြည်နိုင်ငံရေးကတော့ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်လို့သာ နိဂုံးချုပ်ရတော့မှာပါ။ စစ်တပ်ပါတီကလည်း ခိုးဝှက်ထား တာတွေက လူမြင်မကောင်းလူကြားမကောင်းအောင် မနဲမနောဖြစ်နေလို့  စစ်ဗိုလ်ဆိုး ဘုန်းကြီးဆိုး လူဆိုးတွေကို သုံးပြီး တိုင်းပြည်ဖျက်ဘို့ကြံကြတယ်။ (စစ်ဗိုလ်ကောင်းတွေ ဘုန်းတော်ကြီးကောင်းတွေ လူကောင်းသူကောင်းတွေမပါပါ) ။စစ် တပ်ကလည်း  ငြိမ်းချမ်းရေးဘဲ မစသေးဘူး ငြိမ်းချမ်းရေးပျက်မဲ့ ကိစ္စတွေကိုဘဲဇွတ်ပြောနေတယ်။ တိုင်းရင်းသားပါတီအချို့  ကလည်း  အရင်အစိုးရခေတ်တုန်းက သမ္မတကြီးဦးသိန်းစိန်ကို ပါးစပ်ကမချခဲ့တဲ့ သူက ကနေ့ ဒီမိုကရေစီအစိုးရလက်ထက် လည်းရောက်ရော ပင်လုံဆိုရင် ခွဲထွက်ခွင့်ပေးရမယ်ဆိုလို့ဆိုဗျာ။ အမျိုးသားနိုင်ငံရေးဆိုတာကြီးကို ဇွတ်တင်နေတဲ့ နာမည် ကြီး မီဒီယာတချို့ကလည်းရှိသေး။ဘုန်းကြီးတချို့ကလည်း လက်နက်ကိုင်တွေထက်ဆိုးသေး။ ဘယ်သူ့ဘယ်သူမှ ပြောမရ ဆို မရတော့။

ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်။

ဒီအတိုင်းသာ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် ဆက်ကနေကြလို့ကတော့ တိုင်းပြည်ဖွတ်ဖွတ်ညက်ညက်ကြေဘို့ဘဲ ရှိပါတယ်။ တာဝန်အရှိဆုံးက အစိုးရပါ။ လူထုကိုယ်စား တိုင်းပြည်အုပ်ချုပ်နေတဲ့ အစိုးရပါ။ သတ္တိရှိရှိနဲ့ ပြတ်ပြတ်သားသား တိုင်းပြည် အတွက်လုပ်ကြဘို့အချိန်ရောက်နေပါပြီ။ ခင်ဗျားတို့ ဘာကို ဘာအတွက် စောင့်နေကြတာလည်းဗျာ။ ခင်ဗျားတို့ လူထု အတွက်  အလုပ်လုပ်ဘို့ တရက်နောက်ကျတာဟာ လူထုထောင်ပေါင်း သောင်းပေါင်းများစွာအတွက် ဒုက္ခပေါင်းများစွာကို ပေးလိုက် တာနဲ့အတူတူဘဲဖြစ်ပါတယ်။ “လူထုမှာလည်း တာဝန်ရှိတယ်” ဆိုတဲ့ အလွန်အပေါ်ယံကျတဲ့စကားတွေထက်လူထုကို ခင်ဗျားတို့ ကျုပ်တို့ နောက်လိုက်ကြပါ။ ကျုပ်တို့လူထုအတွက် ရှေ့က မားမားမတ်မတ်ရပ်ပြီး တိုက်ပွဲဝင်မယ်ဆိုတာသာဖြစ်သင့်ပါတယ်။ အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ဖြစ်သလို အောင်ပွဲဆိုတာဟာလည်း  လူထုအတွက်ဖြစ်တယ်ဆို တာကို ပြော လိုက်ရကြောင်းပါဗျာ။

ကိုအောင်မှိုင်း  
(ဇွန် ၂ဝ၊ ၂ဝ၁၇ ခုနှစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts