ရသဆောင်းပါးစုံ မောင်ရင်ငတေ

မောင်ရင်ငတေ ● စပိန်ပြည်တွင်းစစ်နဲ့ ဂါနီကာပန်းချီကား

မောင်ရင်ငတေ ● စပိန်ပြည်တွင်းစစ်နဲ့ ဂါနီကာပန်းချီကား
(Guerra Civil Española N’ Gernika)
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၇
 

Spanish Civil War (17 July 1936 – 1 April 1939) (2 Years 8 Months 2 Weeks and 1 Day)

ပန်းချီကားနာမည်က Gernika ရေးဆွဲခဲ့သူက Pablo Picasso
Gernikako Bonbardaketa, Bombardeo de Guernica
Bombardement de Guernica, Bombing of Guernica

Mural à Guernica de Picasso, Rue Pedro de Elejalde Kalea. Inspirée de la Destruction de la Ville en 1937 par l’Aviation Allemande au Service des Franquistes

● စစ်ပွဲရဲ့ ပန်းချီကား
ပန်းချီကားနာမည်က Gernika, Pablo Picasso ရဲ့ နာမည်ကြီး ပန်းချီကား။ ပန်းချီကားကို ရေးဆွဲသူက ပါရီမြို့တော်ရောက် စပိန် ပန်းချီဆရာ ပီကာဆို။ စစ်ဆန့်ကျင်ရေး ပန်းချီကားတွေထဲမှာ အကျော်ကြားဆုံးပန်းချီကားတချပ်။ အလျား ၂၅ ပေ ခြောက်လက်မ × အမြင့် ၁၁ ပေ ငါးလက်မရှိတဲ့ ပန်းချီကားကြီး။ ပီကာဆိုရဲ့ အကောင်းဆုံး Cubisme ပန်းချီ၊ သုံးထားတဲ့ အရောင်က ဖြူမည်းညို မီးခိုးရောင်များ။

ရေးဆွဲခဲ့တဲ့နေရာက ပါရီမြို့လယ်ခေါင် ပီကာဆိုနေထိုင်ခဲ့နေရာ Rue des Grands Augustins၊ ရေးဆွဲခဲ့ချိန်ကတော့ ၁၉၃၇ မေလ ၁ ရက်ကနေ ဂျွန်လ ၄ ရက်နေ့ထိ (တလနဲ့ လေးရက်) ကြာမြင့်ခဲ့ပါတယ်။ ပီကာဆိုရဲ့ မူရင်း ကန်းဗတ်စ်စပေါ် ဆီ ဆေးနဲ့ရေးဆွဲထားတဲ့ အဲဒီပန်းချီကားချပ်ကြီးကတော့ စပိန်မြို့တော် မာဒရစ် Museo Nacional Centro de Arte Reina Sofía ပြတိုက်မှာ ရှိနေပါကြောင်းသိရပါတယ်။  မောင်ရင်ငတေရောက်ခဲ့တာက ဗုံးဒဏ်ခံဂါနီကာမြို့လယ်တနေရာက ပီကာ ဆိုရဲ့ မူပွားပန်းချီရှိရာကိုပါ။

ရေးဆွဲခဲ့တဲ့အကြောင်းအရာက စပိန်ပြည်တွင်းစစ် ပြင်းထန်ချိန် ၁၉၃၇ ဧပရယ် ၂၆ ရက်နေ့မှာ နာဇီ ဂျာမန် လေတပ်က စပိန်ပြည် အနောက်မြောက်ပိုင်းက Gernika မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဗုံးဒဏ်ကြောင့် တမြို့လုံးနီးပါး ပျက်စီး သွားခဲ့ရတဲ့ အကြောင်းအရာတွေကို ဆက်စပ်ခြယ်မှုန်း၍ထား၊ Gernika (Gernika-Lumo) (Guernica) မြို့ဆိုတာက စပိန် အနောက်မြောက်ပိုင်းမှာ တည်ရှိပါတဲ့ Euskal Herria (Pays Basque) (País Vasco) နယ်မြေက မြို့တမြို့၊ ဒီနယ်မြေက ဒီကနေ့ထိတိုင် စပိန်နဲ့ ပြင်သစ်တို့ထံက လွတ်လပ်ရေး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး တောင်းဆိုနေတဲ့နယ်၊

အဲဒီနယ် Euskadi ဥူစကာဒီ … အင်္ဂလိပ်လို Basque Country ဆိုတဲ့ နယ်မြေ၊

စပိန် လက်အောက်ခံ အဲဒီ နယ်မြေကလည်း စပိန်ပြည်တွင်းစစ်မှာ ဘာကြောင့်များ အဓိကပစ်မှတ်ဖြစ်ခဲ့ရပါသလဲ စဉ်းစား ကြည့်ချင်စရာ သူတို့ကိုယ် သူတို့က စပိန်လူမျိုးမဟုတ်ဟု ခံယူထားကြသူများ၊ ဒီလူတွေနေတဲ့နေရာကိုမှ အဓိကထား ပစ် မှတ် ဖြစ်လာခဲ့ရခြင်း၊ Gernika မြို့က (Basque Country) Euskadi ဥူစကာဒီရဲ့ ယဉ်ကျေးမှု အချက်အချာ အဲဒါကြောင့်၊ ဒီနေရာကိုမှ ပစ်မှတ်ထား ရွေးချယ်ခဲ့ခြင်းလား။

အနှစ်ရှစ်ဆယ် ကြာမြင့်လာခဲ့တော့ ဒီစစ်ပွဲကြီးကလည်း မေ့သလောက်တော့ရှိ၊ ပန်းချီကားအကြောင်းကလည်း သိသော သူတွေ သိပ်တိုးပွားလာဟန်တော့မတူ၊

စပိန် ပြည်တွင်းစစ်ကို အမှီပြု ဖြစ်ပေါ်လာခဲ့တဲ့ ဒီ ပန်းချီကာ့း့
ပီကာဆိုကြီး ရေးဆွဲခဲ့တဲ့ ဒီ ပန်းချီကား  Gernika အမည်ရ ပန်းချီကား

(အမှန်ပြောရရင် ပီကာဆိုကြီးဆိုတာ မောင်ရင်ငတေ့အတွက့့် ခရေဇီ သိပ်မဟုတ်) ဒါပေမယ့် ဒီပန်းချီကားကိုတော့ စတင် မြင်ဖူုးကြားဖူးခဲ့တာနဲ့ စိတ်ထဲ မှတ်မှတ်ထင်ထင် ဖြစ်ခဲ့ရ၊ အဲဒီ ငြိမ်းချမ်းသာယာဝပြောရာ စစ်မဲ့ဤကမ္ဘာ ပန်းချီကားနဲ့ ပတ်သက်လို့  မောင်ရင်ငတေ စိတ်ဝင်စား မှတ်တမ်းတင်ထားမိသမျှကတော့ ….

Guerra Civil Española (1936-39)
Second Spanish Republic (1931-1939) ဘုရင်မရှိ ပြုပြင်ပြောင်းလဲရေးကာလ၊ စစ်ပွဲဖြစ်ပွားခဲ့ချိန်က ၁၉၃၆ ဂျူလိုင် ၁၇ – ၁၉၃၉ ဧပရယ် ၁ ရက်နေ့ (၂ နှစ် ၈ လ ၂ ပတ် ၁ ရက်)၊

ပြည်တွင်းစစ် ဆိုပေမယ့် ကမ္ဘာစစ်ကြီး နှစ်ခုကြားကာလက ကမ္ဘာစစ်ကလေးလို့ ပြောလို့ ရနိုင်မယ်၊ နောက်ကွယ်က နိုင်ငံပေါင်းစုံ ပါဝင် ခြေရှုပ်ခဲ့တဲ့  စပိန် ပြည်တွင်းစစ် Spanish Civil War 1936-39၊ဒုတိယ ကမ္ဘာစစ် စတင်ခဲ့တာက ၁၉၃၉ စက်တင်ဘာ တရက်နေ့ဆိုတော့ ငါးလတိတိသာ ကွာခြား၊

ဒီ စပိန်ပြည်တွင်းစစ်ကို ဖန်တီးခဲ့သူတွေက စပိန် အာဏာပိုင် သမ္မတ အစိုးရ Republicans (Loyalists) တွေနဲ့ အာဏာ သိမ်းရန် ကြံစည်သော အမျိုးသားရေးဝါဒီ Nationalist စစ်ဗိုလ်များ၊ မြှောက်ထိုးပင့်ကော် အတိုင်ပင်ခံကြီးတွေထဲက အဓိက ဆရာကြီးကတော့ နာဇီ ဟစ်တလာ၊ သေကြေ ဒဏ်ရာရ ဒုက္ခရောက်ကြရ သူများကတော့ စစ်ပွဲတို့ ထုံးစံ စပိန်ပြည် သူပြည် သားများ၊

အစိုးရ Republicans (Loyalists) တပ်ဖွဲ့များဘက်မှ မြှောက်ထိုးပင့်ကော် ပံ့ပိုးပါဝင်ကူညီ တိုက်ခိုက်ပေးခဲ့ကြသူများက ဆိုဗီယက်ရုရှား နဲ့ မက္ကစီကို၊ ပြင်သစ် ယူကေအင်္ဂလန် အမေရိကန် နဲ့ ချက်ကိုဆလိုဗားကီးယားတို့က နောက်ကွယ်က လက်သိပ်ထိုးကူညီ လက်နက်ရောင်းစားကြသူများအဖြစ် တာဝန်ယူခဲ့ကြ၊ အာဏာသိမ်း အမျိုးသားရေးဝါဒီ Nationalist စစ်ဗိုလ်များဘက်မှပါဝင်ကူညီ တိုက်ခိုက်ခဲ့သူများကတော့ ဂျာမဏီနာဇီ နဲ့ ပေါ်တူဂီ အီတလီ ဖက်စစ်များ၊ အောင်နိုင်ခဲ့သူ အာဏာရခဲ့သူက အာဏာသိမ်း စစ်ဗိုလ်ချုပ် Generalissimo Francisco Franco၊ ၃၆ နှစ်ကြာ သေတပန်သက်တဆုံး အုပ်ချုပ်သွားတဲ့ အာဏာရှင်ကြီး Caudillo Francisco Franco။

Generalissimo (သို့) ဗိုလ်ချုပ်မှူးကြီး Caudillo (သို့) အာဏာမှူးကြီး (သို့) ဖရန်စ္စစကို ဖရန်ကို၊

စစ်ပွဲကာလအတွင်း Generalissimo ဖြစ်လာမယ့်သူကြီးအတွက ကံကောင်းခြင်း လက်ဆောင် လေလား  လေယာဉ်ပျက်ကျ သေဆုံးပေးခဲ့ကြသူတွေက Generalissimo ရဲ့ အထက် ဆရာ့ ဆရာကြီး ဗိုလ်ချုပ်ကြီး နှစ်ယောက်၊ လက်စဖျောက်ခဲ့သူကတော့ သမိုင်းစာရင်းမှာ ပျောက်ခဲ့၊

Bombardeo de Guernica၊ Gernikako Bonbardaketa ဂါနီကာ ဗုံးကြဲမှု ကမ္ဘာ့ ပထမဆုံး သာမန်လူတွေ အစုလိုက် အပြုံလိုက် သေကြေစေတဲ့အမှု၊ ဗုံးကြဲခံခဲ့ရတဲ့နေ့ ၁၉၃၇ ဧပရယ် ၂၆ ရက်နေ့ ညနေခင်း လေးနာရီခွဲ နှစ်နာရီကျော်ကြာမြင့်တဲ့ စမ်းသပ် ဗုံးကြဲခြင်း အထိမ်းအမှတ်။ အကူအညီ တောင်းခဲ့သူက Nationalist ဖရန်စ္စစကို ဖရန်ကိုတချက်လွှတ်အမိန့်ပေး စေခိုင်းခဲ့သူက နာဇီ ခေါင်းဆောင် ဟစ်တလာ ခေတ်သစ် စစ်သမိုင်း ဗုံးကြဲသမိုင်းမှာ ထိပ်ဆုံးက သမိုင်းဝင်ခဲ့တဲ့ အဖြစ်အပျက်ခေတ်သစ် စနစ်သစ် သမိုင်းတွေမှာ စံထားခဲ့ရတဲ့ အစုလိုက်အပြုံလိုက် ဖျက်စီးခံရတဲ့ သမိုင်းသစ်၊

ဟီရိုရှီးမားရဲ့ အနုမြူဗုံးအမေရိကန်ရဲ့ ပုလဲဆိပ်ကမ်းတို့ရဲ့ ရှေ့ရာဇဝင်မှာ စာ စတင်ခဲ့ရတဲ့ ဖြစ်ရပ်သစ်၊ သမိုင်း မှတ်တမ်း တင်ခဲ့သူတွေ အများအပြားပေါ့၊အဲဒီထဲမှာမှ နာမည်ကျော်သူတွေလည်း ပါခဲ့၊ မကျော်သူတွေလည်း အများအပြား ရှိခဲ့၊ ပီကာဆိုရဲ့ Guernica ကတော့ နာမည် အကြီးဆုံးတခုပေါ့၊

နောက်တခု မောင်ရင်ငတေ တွေ့မိဖတ်မိတာက

ပြင်သစ် ကဗျာဆရာ
Paul Éluard (၁၈၉၅-၁၉၅၂) ရေးခဲ့တဲ့
La Victoire de Guernica ကဗျာကြီးထဲက
လှပတဲ့ စာကြောင်းတချို့

(သိပ်နားလည်လှလို့တော့ မဟုတ်ရပါဘူး)
နားလည်သမျှလေးကို နီးစပ်ရာ အကူအညီနဲ့
ဆရာကြီးလုပ် ဘာသာပြန် လိုက်ရခြင်း၊

ရှင်သန်ဖို့လည်း ကြောက်ရ
သေဆုံးဖို့လည်း ကြောက်ရ၊

သို့သော်
ရဲစွမ်းသတ္တိနဲ့ ရှင်သန်ကြ
ရဲစွမ်းသတ္တိနဲ့ သေဆုံးကြ၊

တခဏ အသက်ရှု ရပ်ကြည့်ဖို့က ခက်ခဲလှပေမယ့်
သေခြင်းတရားဆိုတာ ဗြုန်းကနဲ လွယ်ကူခြင်းလည်းရှိရဲ့၊
အဲဒီလို အလွယ်လွန်သွားခဲ့ရတဲ့ သင်္ကေတက ဂါနီကာ ဗုံးကြဲခံရမှု၊

ဂါနီကာ ဂါနီကာ့

Guernica, Le Plus Intime et Violente du Sculpteur de Français

ပီကာဆိုရဲ့ မိတ်ဆွေကြီး ပြင်သစ် ပန်းပုဆရာ René Iché (၁၈၉၇-၁၉၅၄) ကလည်း Gernika မြို့ ဗုံးကြဲ ခံရတာကို သိသိခြင်းမှာ တညနဲ့ တနေ့ မနားမနေ ပန်းပုရုပ်တု တခုကို ထုဆစ်ခဲ့ပါတယ်တဲ့၊ အဲ ဒါပေမယ့် ကြောက်မက်ဖွယ်ရာ ထိပ်လန့်ဖွယ်ရာ အဲဒီ ပန်းပုရုပ်ကို ဘယ်သောအခါကမှ ပြပွဲလုပ်ပြသခွင့်ကို ပန်းပုဆရာက ခွင့်ပြုခဲ့ခြင်း မရှိခဲ့ပါဘူးတဲ့၊ ဘာပြု လို့လည်းဆိုတော့ အဲဒီ ပန်းပုရုပ်ဟာ ကြောက်မက် ထိပ်လန့်ဖွယ်ရာ ကောင်းလွန်းနေလို့ပါတဲ့။

အဲဒီ ပန်းပုရုပ် ဒီကနေ့ ဘယ်မှာရှိနေတယ် ဆိုတာကလည်း မသေချာမရေရာလှပါ၊ ပြင်သစ်တောင်ပိုင်း Montpellier မြို့က Musée Fabre ပြတိုက်မှာ ရှိတယ်လို့တော့ ဆိုကြ၊ 


 
Gernika, Capitale Historique et Spirituelle du Pays Basque (ဓါတ်ပုံ မရငတ)

အဲဒီ ဂါနီကာ ဗုံးကြဲမှု ဂါနီကာ ပန်းချီကား တည်ရှိရာမြေကို မောင်ရင်ငတေ ပြီးခဲ့တဲ့ ရက်ပိုင်းတွင်းက ပန်းချီကား ကြည့်ရင်း တခဏတာ ဝင်နားရင်း ရောက်ရှိခဲ့ပါတယ်၊ ဒီကနေ့မှာတော့ Gernika-Lumo အဖြစ် နှစ်မြို့ပေါင်း၍ တရားဝင်ခေါ်ဝေါ် သုံးစွဲနေတာပါ၊ လူအများစု သိနေကြတာကတော့ ဂါနီကာ ရယ်လို့သာပါ၊ မြို့လေးကခပ်သေးသေး မြို့ခံလူခပ်နည်းနည်း လာလည်သူနည်းနည်းနဲ့ အေးချမ်းမှု များများရှိတဲ့ နေရာဖြစ်ပြီး Green Spain အမည်ရ စပိန်မြောက်ပိုင်းဒေသမှာ တည်ရှိပါ တယ်။

ဒီကနေ့ခေတ် လမ်းပန်းဆက်သွယ်ရေးအရ ဖြောင့်ဖြူးကျယ်ပြန့်တဲ့ ကွန်ယက်လမ်းမကြီးတွေရှိနေပြီ ဖြစ်လို့ သွားရေးက သိပ်မခက်တော့ပါဘူး၊ သို့သော်လည်း ပုံမှန်အမြန်လမ်းမကြီးကနေ တကူးတကလမ်းခွဲသွားရသလိုဖြစ်တော့ကာ တော်ရုံနဲ့ ရောက်ဖြစ်ဖို့က မလွယ်လှပါဘူး၊ မောင်ရင်ငတေကတော့ ဒီမြို့မှာဒီပန်းချီကား ပုံတူရှိနေတယ်လို့ ဖတ်မှတ်ထားခဲ့ရာက အဲဒီနယ်မြေကို သွားကြရအောင်ဆိုပြီး တိုင်ပင်နေစဉ်မှာ သတိတရနဲ့ လမ်းကြောင်းထဲ ထည့်ဆွဲဖြစ်ခဲ့လို့ ရောက်ဖူးခဲ့ရပါပြီ၊ ဘာမဟုတ်ပါတဲ့သာမန်လူသိနည်း ကျော်ကြားမှုနည်းပေမယ့် စိတ်ကျေနပ်ဖွယ်ရာလေးတွေ တွေ့ခဲ့ရတဲ့ ခရီးတခုဖြစ်  ခဲ့တာမို့လို့ မောင်ရင်ငတေ့အတွက် တန်ဖိုးရှိ မမေ့နိုင်စရာပါ၊ လိုက်ပို့ပေးသူ မဒီးဒီးကိုလည်း ကျေးဇူး အထူး တင်ရှိပျါကြာင်း ထည့်သွင်း မှတ်တမ်းတင်လိုက်ရပါတယ်။

ငြိမ်းချမ်းရေး ဆိုင်ရာ ပတ်သက်ရာ ပတ်သက်ကြောင်း ပန်းချီ ပန်းပုတွေနဲ့ ဖော်ဆောင်ထားတဲ့ အဲဒီ ဂါနီကာမြို့ရဲ့ အသွင်သဏ္ဍာန် အမှန်အကန်ကိုက ငြိမ်းငြိမ်းချမ်းချမ်း ရှိနေတာကို တွေ့မြင်ခဲ့ရခြင်းပါ။


ဂါနီကာမှ ငြိမ်းချမ်းရေး (ဓါတ်ပုံ မရငတ)
Gran Figura en un Refugio (Large Figure in a Shelter) HENRY MOORE (1898-1986)

တကယ်ကတော့ ဂါနီကာမြေဟာ လက်နက်အားကိုးသူတွေရဲ့ ဓါးစာခံနယ်မြေအဖြစ် သမိုင်းဆိုးကြီး ကို ကြုံတွေ့ခဲ့ရခြင်းသာပါ၊ ကမ္ဘာစစ်ကို သိမယ်၊ ဟစ်တလာကို သိမယ်၊ နာဇီကို သိမယ်၊ ဂျာမဏီကို သိမယ်၊ နယ်ချဲ့တွေ ဖက်ဆစ်တွေ သိမယ်၊ ဒါပေမယ့် ဂါနီကာ့ ကိုတော့ မသိကြတော့ပါဘူး၊  ငြိမ်းချမ်းရေးစကား တွင်တွင်ပြောကြားကြသူများလည်း ဂါနီကာကို မေ့ထားနေကြပါပြီ ဆိုတာမျိုးက မဖြစ်သင့်ပါဘူးလို့သာ မငြိမ်းမချမ်းတဲ့ မောင်ရင်ငတေ ပြောကြားချင်မိရကြောင်းပါ ခင်ဗျား။

တကယ်တော့ ငြိမ်းတယ် ချမ်းတယ်ဆိုတာ အသည်းနှလုံး ရှိသူများအတွက် ရှိနေပြီးသား အရာတွေ သာပါ၊ စာရွက်တွေပေါ်မှာ လက်မှတ်တွေ ထိုးရုံနဲ့ ရခဲ့ဖူးတာမျိုး ဘယ်သမိုင်းမှာ အမှန်အကန် ရှိဖူးပါသလဲ … မောင်ရင်ငတေ မပြောဝံ့ကြောင်းပါ ခင်ဗျား …။

မောင်ရင်ငတေ
၀၉၀၅၂၀၁၇-၂၅၀၉၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts